ထူးဖောင်ဒေးရှင်းနှင့် ထူးကုမ္ပဏီများအုပ်စုတို့မှ အဓိက ကူညီပံ့ပိုးပေးခဲ့သည့် ဧ၀ရတ်တောင်ထိပ် တက်ရောက်မည့် မြန်မာတောင်တက်အဖွဲ့သည် နီပေါနိုင်ငံ
အရှေ့မြောက်ဘက်၊ ကမ်ဘူဒေသအတွင်းရှိ ဖခ်ဒင်း(Phakding)ကျေးရွာသို့
ဧပြီလ (၃)၊ ဒေသစံတော်ချိန် ညနေ ၃နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့သည်။
ဧပြီလ(၂)ရက်နေ့က မြန်မာတောင်တက်အဖွဲ့သည် ခတ်မန်ဒူ(Kathmandu) လေဆိပ်တွင် ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် (၂၄)နာရီကြာ စောင့်ဆိုင်းနေခဲ့ရပါသည်။
ထို့နောက် မြန်မာတောင်တက်အဖွဲ့သည် နီပေါနိုင်ငံမြို့တော် ခတ်မန်ဒူ(Kathmandu)မှ ပထမဆုံးနေ့ လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ဧပြီလ (၃) ရက်နေ့၊ နံနက်ပိုင်းတွင် လူကလာမြို့သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပါသည်။ လူကလာမြို့တွင် အပူချိန် ၁၆ဒီဂရီ ဆဲလ်စီးယပ်ရှိပြီး ရာသီဥတုအေးပါသည်။
မြန်မာတောင်တက်အဖွဲ့သည် လူကလာမြို့ (Lukla) မှ ဖခ်ဒင်း (Phakding)ရွာသို့ ခြေလျင်ခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဖခ်ဒင်း(Phakding)ကျေးရွာသို့ ဧပြီလ (၃)၊ ဒေသစံတော်ချိန် ညနေ ၃နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။
ဖခ်ဒင်းရွာသည် ဒူဟ်ကိုစီ(Dudh Kosi ) မြစ်ဝှမ်းဒေသရှိ ရွာငယ်လေးဖြစ်ပြီး အမြင့် (၂၆၁၀)မီတာမြင့်ကာ လူကလာမြို့၏ မြောက်ဘက်နှင့် မွန်ဂျိုမြို့တို့
၏ တောင်ဘက်တွင် တည်ရှိပါသည်။
ယင်းဒေသသည် ၁၉၇၉ခုနှစ်မှ စတင်ကာ ကမ္ဘာ့အမွှေအနှစ်နေရာအဖြစ် ယူနက်စကိုအဖွဲ့၏ သတ်မှတ်ခံခဲ့ရသည်။ ဖခ်ဒင်း (Phakding) ကျေးရွာတွင် အပူချိန် ၉ဒီဂရီ ဆဲလ်စီးယပ်ဖြစ်ရာ လူကလာမှာထက် ပိုမိုအေးသည်ဟု ဆိုရပါမည်။
ယခုအချိန်တွင် ဖခ်ဒင်းကျေးရွာသို့ ရောက်ရှိနေသော မြန်မာတောင်တက် အဖွဲ့သည် ကမ္ဘာအမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်ကာ မြန်မာနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်ရန်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ နိုင်ငံဂုဏ်ကို ဆောင်နိုင်ရန်အတွက် ကူညီပံ့ပိုးပေးခဲ့သော ထူးကုမ္ပဏီများအုပ်စုနှင့် ထူးဖောင်ဒေးရှင်းတို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်းလည်း ၎င်းတို့က ဆိုခဲ့ကြသည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံသားများ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်မှုတစ်ရပ်အား ပါဝင်ကူညီခွင့်ရရှိခဲ့သဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဖော်ပြအပ်ပါသည်။ ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတစ်ဝှန်းရှိ အမှန်တကယ်လိုအပ်လျှက်ရှိသော ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများတွင်လည်း စွမ်းနိုင်သမျှ ပါဝင်ကူညီပေးလျက်ရှိပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။