Ads (728x90)



ဟုတ်ကဲ့ဗျာ မေးချင်တာလေးကတော့ အရင်အစိုးရတုန်းက မကောင်းရင်မကောင်းဘူးလို့ ပြော အားလုံးဝိုင်းဝန်းကြတယ် ခုအစိုးရကိုကျတော့ မကောင်းတာဆိုဘာမှမပြောနဲ့ ငါတို့ မကြိုက်ဘူးဆိုတဲ့အထာတွေက ဘယ်လို စိတ်သဘောထားတွေ ဘယ်လိုခံယူချက်တွေများလည်းဆိုတာ သိပါရစေဗျာ။

ပြည်သူတွေက တင်မြှောက်ထားတဲ့အစိုးရမို့ ဆိုပြီး တင်မြှောက်ထားတဲ့ ပြည်သူတွေက မပြောရက်ကြတာလား မပြောချင်ကြတာလား ပြောတော့ပြောချင်တယ် မပြောရဲလို့ မပြောတာမျိုးဖြစ်နေကြတာပါလားခင်ဗျာ။
မည်သို့ ပင် ဆိုစေကာမူ အရင်အစိုးရတုန်းကလည်း မကောင်းရင် မကောင်းဘူး ကောင်းရင် ကောင်းတယ် ပြောခဲ့ကြသေးတာပဲ ခုလက်ရှိအစိုးရကိုလည်း ကောင်းရင်တော့ဖြင့်ကောင်းတယ် မကောင်းရင်တော့ဖြင့် မကောင်းဘူးဆိုတာကို ပြောဆိုကြပါ ဝေဖန်ကြပါ ထောက်ပြကြပါ ရေငုံနှုတ်ပိတ် မနေကြပါနဲ့ လို့ ပြောချင်ပါတယ် ဒါက ကျွန်တော်ဖြစ်စေချင်တာတင်မဟုတ်ပါဘူး လက်ရှိ နိုင်ငံတော်ရဲ့ သမ္မတရာထူးကိုယူထားတဲ့ ဦးထင်ကျော်ကိုယ်တိုင်ကိုယ်ကျ ပြောထားတဲ့စကားပါ သူကိုယ်တိုင်က ဝေဖန်ပါထောက်ပြပါလို့  တရားဝင်ပြောထားပြီးသားပါ။
ကျွန်တော်လက်ရှိမြင်နေတဲ့အမြင်လေးတစ်ခုက ဘာလဲဆိုတော့ ပြည်သူ(မိဘ) နဲ့  အစိုးရ(သားသမီး)ကို မြင်တဲ့အမြင်လေးပါ လက်ရှိအစိုးရ ဘာလုပ်လုပ်ထောက်ခံနေပြီး အမှားဘယ်လောက်လုပ်လုပ် ဒါကအပြစ်မဟုတ်ပါဘူးလေလို့  ဆိုပြီး သီးခံခွင့်လွှတ်နေရုံသာမက ဘေးပတ်ဝန်းကျင်က ဒီကလေး တယ်ဆိုးပါလား ဘယ်လိုပါလား ညာလိုပါလားဆိုပြီး ပြောနေတာတွေကို ကက်ကက်လန်အောင် ပြန်ပြီးရန်တွေ့ နေတဲ့ မိဘတွေလို ဖြစ်နေတာကို မြင်တွေ့ နေရပါတယ်။
အဲ့ဒါက မကောင်းပါဘူး ဘာလို့ လဲဆိုတော့ မိဘ(ပြည်သူတွေ) အနေနဲ့  ကိုယ်မွေးဖွားပေးထားတဲ့ ကိုယ့်သားသမီး(အစိုးရ) ကို ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို ဆုပေး ဒဏ်ပေးစနစ်နဲ့  ထိန်းကျောင်းသင့်ပါတယ် သွန်သင်ဆုံးမသင့်ပါတယ် လမ်းကောင်းကောင်းလျှောက်တတ်အောင် စကားကောင်းကောင်းပြောတတ်အောင် အလုပ်ကောင်းကောင်းလုပ်တတ်အောင် သင်ပြပေးသင့်ပါတယ် သားရေ... သမီးရေ... ဒါလေးကတော့ ကောင်းတယ် ဒီလို လုပ်ရတယ်ကွဲ့  ဒါလေးကတော့မကောင်းဘူး ဒီလိုမလုပ်ရဘူးကွဲ့ ဆိုဆိုပြီးဖြစ်နေရမယ် ဒီလမ်းကိုမလျှောက်နဲ့  ဆူးညှောင့်ခလုတ်များတယ် ဟိုဘက်လမ်းကလျှောက် ဟိုဘက်လမ်းက ပိုး၊ ဖဲ၊ ကတ္တီပါတွေနဲ့ ခင်းထားတာ ဆိုတာမျိုးလေးတွေဖြစ်နေရမှာ။

ကလေးက ငယ်သေးတာပဲ ဆိုးပါစေ ငယ်သေးလို့ ဘာမှမသိတတ်သေးတာပါ နည်းနည်းလေးကြီးလာရင်တော့ဖြစ်သိလာမှာပါ တစ်နေ့ လိမ်မာလာမှာပဲဆိုပြီး ပစ်မထားသင့်ပါဘူး ငယ်သေးလို့  အရမ်းချစ်လို့ ဆိုပြီး ဆိုးသမျှ နွဲ့ သမျှကို ခွင့်လွှတ်ပေးထားရင် အရွယ်ကြီးလာတဲ့နဲ့ အမျှ ပြောစကားနားမထောင် သွန်သင်ဆုံးမမှု လုံးဝမှပြုလုပ်လို့ မရတော့တဲ့ သားသမီးဆိုး ဖြစ်သွားနိုင်ပါတယ် ချစ်လွန်းလို့ ( ငါတို့ တင်မြှောက်ထားတဲ့အစိုးရမို့ ကွ) ဆိုပြီး အလိုလိုက်ပြီး အမှားဘယ်လောက်လုပ်လုပ် ရှေ့ ကနေကာဆီးကာဆီး(ကာကွယ်ပေးတာမျိုး)လုပ်နေရင် မိဘ(ပြည်သူ)တွေအနေနဲ့  သားသမီး(အစိုးရ)ကို ချစ်ရာမရောက်ပဲ နှစ်ရာရောက်သွားပါလိမ့်မယ် ဒါလေးကို သတိပြုမိဖို့ လိုပါတယ်။
ဒါကြောင့် ကိုယ်မွေးထားတဲ့ကလေးမို့ ဆိုပြီး ဆိုးချင်တိုင်းဆိုး နွဲ့ ချင်တိုင်းနွဲ့ နေတာကို ငယ်သေးတာပဲ အချိန်တန်ရင်တော့ လိမ်မာသွားမှာပါဆိုပြီး လှေနံဓားထစ် စိတ်မျိုးနဲ့  တထစ်ချ ယုံကြည်မှု လွန်ကဲမနေကြပါနဲ့  ပြည်သူ(မိဘ)များ အနေနဲ့  မိမိတို့ မွေးဖွားပေးထားတဲ့ သားသမီး(အစိုးရ) ကို ငယ်စဉ်ကတည်းကစလို့  ကြီးသည့်တိုင်အောင်(၅နှစ်တာကာလအလွန်)ထိ လိမ်မာရေးခြားရှိတဲ့ ပညာဥာဏ်ရည်ပြီးပြည့်စုံတဲ့ လက်ရုံးရည် နှလုံးရည်ကောင်းတွေပိုင်ဆိုင်ထားတဲ့ သားသမီးရတနာလေး( အကောင်းမွန်ဆုံးအစိုးရတစ်ရပ် ) ဖြစ်လာအောင် အလိုမလိုက်ပဲ သွန်သင်ဆုံးမကြပါ ချစ်တာက ချစ်ကြပါ သားသမီးကို နှစ်ရာရောက်အောင်ထိတော့ မချစ်ကြပါနဲ့ လို့  နောက်ဆုံးအနေနဲ့  တိုက်တွန်းပြောကြားလိုပါတယ်ဗျာ။
အားလုံးကို လေးစားစွာဖြင့်......
Aung Kyaw Soe ( 29.4.2016 - 2:37 AM )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...