Ads (728x90)


00060

 သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဈေးတစ်ခု မြင်ကွင်း
ငွေကြေးဖောင်းပွမှုနှင့် အပြိုင် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပိုမိုလာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ လစဉ် ထုတ်ပြန်ပေးနေသော ညွှန်းကိန်းအရ သိရသည်။
၂ဝ၁၄ ခုနှစ် ဩဂုတ်လအထိ နောက်ဆုံးထုတ်ပြန်ခဲ့သော ညွှန်းကိန်းများတွင် ဖော်ပြထားချက်မှာ ငွေကြေးဖောင်းပွမှုနှုန်းသည် ၅ ဒသမ ၃၆ ရာခိုင်နှုန်းတွင် ရှိနေပြီး စားသုံးသူ ဈေးဆနှုန်းကိန်း (Consumer Price Index-CPI) သည် ၁၈၅ ဒသမ ၉၈ ရာခိုင်နှုန်းတွင် ရှိနေသည်။
ယခင်နှစ် ကာလတူဖြစ်သော ၂ဝ၁၃ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပေါ်ခဲ့သော စာရင်းများတွင် ဖော်ပြထားချက်အရ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၁၇ ရာခိုင်နှုန်းတွင် ရှိနေပြီး CPI မှာ ၁၇၈ ဒသမ ၅၃ ရာခိုင်နှုန်းတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ကာလတူ အခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုပါက တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှင့် စားသောက်ကုန်ဈေးနှုန်းကို ဖော်ပြနေသည့် CPI တို့ သိသိသာသာ မြင့်တက်လာခဲ့သည်။
ဘဏ္ဍာနှစ် သုံးနှစ်တာ ကာလအတွင်း ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဆန်ဈေးနှုန်း ညွှန်းကိန်းသည် ၁၆ဝ ဒသမ ဝ၅ ရာခိုင်နှုန်း ရှိနေရာမှ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၁၈၄ ဒသမ ၇၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင် ၁၉၂ ဒသမ ၈၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ စားသုံးဆီဈေးနှုန်းမှာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၁၄၈ ဒသမ ၄ဝ ရာခိုင်နှုန်း ရှိနေရာမှ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၁၄၉ ဒသမ ၁၇ ရာခိုင်နှုန်းသို့ ရောက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ၁၄၇ ဒသမ ၁၇ ရာခိုင်နှုန်းတွင် ရှိနေသည်။
သား၊ ငါးနှင့် ကြက်ဥဈေးနှုန်း ညွှန်းကိန်းများသည် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၁၆၈ ဒသမ ၆၆ ရာခိုင်နှုန်းရှိနေရာမှ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၁၈၁ ဒသမ ၃၂ ရာခိုင်နှုန်း၊ ယခုဘဏ္ဍာနှစ်တွင် ၁၉၈ ဒသမ ၂ဝ ရာခိုင်နှုန်းသို့ ရောက်လာသည်။ အခြားအခြေခံ ကုန်စည်အတွက် ဖော်ပြခဲ့သော ညွှန်းကိန်းတွင်၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်၌ ၁၅၄ ဒသမ ၃၄ ရာခိုင်နှုန်း၊၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၁၅၆ ဒသမ ၃၉ ရာခိုင်နှုန်းနှင့် ယခုဘဏ္ဍာနှစ်တွင် ၁၅၇ ဒသမ ၄၁ ရာခိုင်နှုန်း ရှိနေပါသည်။
အခြေခံ စားသောက်ကုန် ကုန်စည် ၁၉၂ မျိုး၏ ဈေးနှုန်းများကို မြို့နယ်ပေါင်း ၈ဝ ၌ တစ်လလျှင် လေးကြိမ် ရရှိခဲ့သော စာရင်းအပေါ် မူတည်ပြီး CPI ကို တွက်ချက်ထားခြင်း ဖြစ်သည်။
ဘဏ္ဍာနှစ် သုံးနှစ်အတွင်း CPI ညွှန်းကိန်းကို နှိုင်းယှဉ်မည်ဆိုပါက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၁၆၇ ဒသမ ၉၄ ရာခိုင်နှုန်း ရှိနေပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၁၇၇ ဒသမ ၅၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကာ ယခုနှစ်တွင်မူ ဘဏ္ဍာနှစ် မကုန်ဆုံးသေးသော်လည်း ၁၈၄ ဒသမ ၂၅ ရာခိုင်နှုန်းသို့ အမြင့်ဆုံးရောက်လာခြင်း ဖြစ်သည်။
အိမ်ငှားရမ်းခနှင့် အိမ်ပြင်ဆင်စရိတ်ကို တွဲဖက်တွက်ချက်ထားသော ညွှန်းကိန်းများအရ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၂၉၈ ဒသမ ၃ဝ ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၃၂၇ ဒသမ ၉၂ ရာခိုင်နှုန်းထိ တက်လာရာမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မကုန်မီ အချိန်တွင် ၃၆၁ ဒသမ ဝ၄ အထိ ရှိလာပြီး အမြင့်ဆုံး ရောက်လာသည်။
“အစိုးရအနေနဲ့ ငွေကြေးထိန်းချုပ်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ဖို့ လွှတ်တော်ထဲမှာရော၊ အစိုးရဝန်ကြီးတွေရော ပြောနေကြတာ ကြိုကြားကြိုကြား တွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ ငွေကြေးဖောင်းမှုနှုန်းကို မထိန်းချုပ်နိုင်သေးဘူး။ ထိန်းချုပ်နိုင်မှု မရှိသေးတာကို တွေ့ရတယ်။ အကောင်းဆုံးကတော့ ငွေကြေးဖောင်းပွမှုနှုန်းက ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်မှာပဲ ရှိနေသင့်တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အဲဒီလောက်ဖြစ်ဖို့အတွက် ထိန်းချုပ်နိုင်ခြေ နည်းတာကြောင့် ငါးရာခိုင်နှုန်းထက် မကျော်အောင် ထိန်းဖို့က အသင့်တော်ဆုံးပဲ။ အထူးသဖြင့် ကိုယ့်ရဲ့ကုန်သွယ်ဖက် နိုင်ငံတွေမှာ ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုနှုန်းထက် မမြင့်အောင် ထိန်းထားဖို့လိုတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...