Ads (728x90)


00058
ငှက်ဖြင့် တိုက်မိ၍ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသော Air KBZ လေယာဉ် (ပုံကြီး)၊ ငှက်နှင့် တိုက်မိထားသည့် လေကာမှန် (ပုံသေး) (ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့)
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှ လေယာဉ်တစ်စင်းနှင့် ငှက်နှင့်တိုက်မိမှု ဖြစ်ပွားပြီး လေးရက်အကြာတွင် ရန်ကုန်မှ ဟဲဟိုး-ကျိုင်းတုံ-မန္တလေးမြို့များသို့ ထွက်ခွာသည့် Air KBZ မှ လေယာဉ်တစ်စီး ငှက်နှင့်တိုက်မိမှု ထပ်မံဖြစ်ပွားကာ ယင်းလေယာဉ်မှာ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ တိုက်မိမှု ဖြစ်ပွားခဲ့သည့် လေယာဉ်မှာ Air KBZ လေကြောင်းလိုင်း ခရီးစဉ်အမှတ် K 7-822၊ လေယာဉ်အမှတ် XY-AJT၊ အမျိုးအစား ATR-72 လေယာဉ်ဖြစ်ပြီး လေယာဉ်အမှုထမ်း ငါးဦးနှင့် ခရီးသည် ၂၅ ဦးတို့ကို တင်ဆောင်ကာ ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ-မန္တလေး ခရီးစဉ်များသို့ ပျံသန်းထွက်ခွာစဉ် ပဲခူးမြို့အဝင် အမြင့်ပေ ၃ဝဝဝ ခန့်သို့ အရောက်၌ လေယာဉ်၏ ရှေ့ဝဲဘက် လေကာမှန်နှင့် ငှက်တို့တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တိုက်မိမှုကြောင့် အဆိုပါလေယာဉ်သည် ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်ဆင်းသက်ခဲ့ရပြီး လေယာဉ်ထိခိုက်ပျက်စီးမှုနှင့် ခရီးသည်များ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ခရီးသည်များအား ယင်းလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AJC၊ အမျိုး အစား ATR-72 ဖြင့် ပြောင်းလဲတင်ဆောင်ကာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
“အခု ဖြစ်စဉ်က ပဲခူးမြို့အဝင်မှာ ဖြစ်တာ။ ဒီဇင်ဘာ ၁ဝ ရက်က (MAI) လေယာဉ်တစ်စင်းလည်း ပဲခူးမြို့ပေါ်မှာပဲ ငှက်နဲ့တိုက်မိတယ်။ အခု ဖြစ်စဉ်မှာတော့ ငှက်နဲ့တိုက်မိပေမယ့် လေယာဉ်က ထိခိုက်ပျက်စီးတာ မရှိဘူး။ ခရီးသည်တွေ ထိခိုက်တာလည်း မရှိဘူး။ ဒါပေမဲ့ လေကြောင်းက တာဝန်ရှိသူတွေက ခရီးသည်တွေအတွက် ပိုပြီးတော့ လုံခြုံမှုရှိအောင် အခြားလေယာဉ်တစ်စင်းနဲ့ ပြောင်းတင်ပေးလိုက်တဲ့ သဘောပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက ဆိုသည်။
အလားတူ ဒီဇင်ဘာ ၁ဝ ရက်တွင် စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာလာသည့် လေယာဉ်အမှုထမ်း ရှစ်ဦးနှင့် ခရီးသည် ၁၂ဝ ဦးပါ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ပိုင် လေယာဉ်တစ်စင်းလည်း ရန်ကုန်လေဆိပ်သို့ မရောက်မီ ၁ဝ မိနစ်ခန့်အလို ပေ ၄ဝဝဝဝ အမြင့် ပဲခူးမြို့ပေါ်အရောက် ငှက်တစ်ကောင်နှင့်တိုက်မိမှု ဖြစ်ပွား၍ လေယာဉ်ထိပ်ဦးပိုင်း၌ တစ်ပေပတ်လည်ခန့် ပေါက်ပြဲသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
News Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...