မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
(MPT) က ယင်းတို့၏ မိုဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှုကို တစ်မိနစ်လျှင်
၂၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် စီစဉ်လျက်ရှိပြီး အတည်ပြုနိုင်ရန်
ဆွေးနွေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။ ‘‘တစ်မိနစ်ကို ၂၅ ကျပ်အထိ
လျှော့ပေးဖို့အတွက် စဉ်းစားနေတာကတော့ ကြာပါပြီ။ ဘယ်တော့လောက်စပြီး
ပေးဖြစ်မယ်ဆိုတာကတော့ ဆွေးနွေးနေတုန်းပါပဲ’’ ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ်
ဦးမြင့်သိန်းထွန်းကပြောသည်။
လက်ရှိတွင် ပြည်ပဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် အူရီးဒူးဆင်းကတ်
များကို
ဇူလိုင်လ ၂၉ ရက်က မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ရောင်းချပေးခဲ့ပြီး
၃၀ ရက်တွင် ရန်ကုန်မြို့သို့ စတင်ရောင်းချပေးခဲ့သည့် အူရီးဒူး
ဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြားကွန်ရက်သို့
ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကျသင့်မည်ဟု ထုတ်ပြန်ထားသည်။
‘‘ကျွန်တော်တို့အနေနဲ့ တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြိုင်ပြီး
လုပ်ရမှာဖြစ်တဲ့အတွက် အရည်အသွေးရော ဈေးနှုန်းကိုပါ သူတို့ထက်သာအောင်
လုပ်သွားဖို့ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ
ဦးခင်မောင်ထွန်းက ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် လက်မှတ်ရေးထိုးပွဲတွင်
ဖြေကြားထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အူရီးဒူးဆင်းမ်ကတ်များ စတင်မရောင်းချမီ
ရက်ပိုင်းအတွင်း မိမိ၏ မိသားစုဝင်၊ သူငယ်ချင်း (သို့) နှစ်သက်သော
ဖုန်းနံပါတ်သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်သည့်
Friends and Family Service ဝန်ဆောင်မှုကို စတင်၍ပေးခဲ့သော်လည်း တစ်လလျှင်
၂၅၀၀ ကျပ် ပေးရမည်ဖြစ်သောကြောင့် အဆိုပါဝန်ဆောင်မှုကို အသုံးပြုသူအများစု
နှစ်သက်မှုမရှိခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားခဲ့ကြသည်။
မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှု
လျှော့ချရန်အတွက်ပင် ညှိနှိုင်းနေဆဲဖြစ်ပြီး အခြားအော်ပရေတာ
ဖုန်းလိုင်းများနှင့် ခေါ်ဆိုမှုကို မည်မျှသတ်မှတ်မည်ကို မသိရသေးပေ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။