Ads (728x90)


2012 MFF Aeya Futsal League ပြိုင်ပွဲတွင် ACE ဖူဆယ်အသင်း (ယခု-နေပြည်တော်) ဗိုလ်စွဲခဲ့စဉ်က  အသင်းတာဝန်ရှိသူများနှင့်အတူ ဦးနိုင်ဝင်း (ဦးထုပ်နှင့်) ကို တွေ့ရစဉ်။ ဓာတ်ပုံ- NPTFC
နေပြည်တော် ဖူဆယ် ကစားသမားများ မရသေးသည့် လစာကိစ္စများကို ကျေလည်အောင် မရှင်းလင်းပေးပါက ၂၀၁၃ ဘောလုံးရာသီမှ နေပြည်တော်အသင်း၏ လုပ်ပွဲပြဿနာများကို ဖွင့်ချမည်ဟု နေပြည်တော် ဖူဆယ်မန်နေဂျာဟောင်း ဦးနိုင်ဝင်းက ပြောသည်။
ဦးနိုင်ဝင်းမှာ လစာငွေများ မရရှိခြင်းနှင့် ပတ်သက်၍ မီဒီယာများအား ဖွင့်ဟခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကာ ရှင်းလင်းခဲ့သည်။
“ကျွန်တော်တို့ ကစားသမားတွေ လစာတွေရော ဆုကြေးတွေရော ပစ္စည်းဝယ်ဖို့ စိုက်ထားတာတွေရော အားလုံးစုစုပေါင်း သိန်း ၈၀၀ ၀န်းကျင် ရှိပါတယ်။ နောက်ဆုံး ချင်းနဲ့ Ooredoo Cup ပွဲအပြီးမှာ သိန်းတစ်ရာပေးမယ်ဆိုတာလည်း မရသေးပါဘူး။ အခုဆို ကျွန်တော့် ဖူဆယ်ကစားသမားလေး နှစ်ယောက်ဆို လစာ အိမ်ကို ပြန်မပေးနိုင်တော့ လင်မယားကွဲတာတောင် ဖြစ်နေပါပြီ။ ကျွန်တော့်ကိုလည်း ထွက်စာတင်ခိုင်းပြီး ငွေအလွဲသုံးစားမှုနဲ့ တရားစွဲမယ်လို့ ပြောပါတယ်။ ဒါက အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေပါ။ ခုဘောလုံးအဖွဲ့ ချုပ်ကိုရော၊ သမ္မတရုံးကိုရော၊ အားကစားဝန်ကြီး ဦးတင့်ဆန်းကိုရော တိုင်ကြားထားပါတယ်။ တကယ်လို့ ဒီတစ်ခေါက်မှ ထပ်ပြီး မရှင်းလင်းပေးရင် နေပြည်တော် ဘောလုံးအသင်းကြီးရဲ့ ၂၀၁၃ ဘောလုံးရာသီက လုပ်ပွဲပြဿနာတွေကို နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖော်ထုတ်သွားမှာပါ။ ဆန္ဒပြဖို့အထိလည်း စီစဉ်ထားပါတယ်။ အဖွဲ့ချုပ်အနေနဲ့ အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ လစာပြန်ပေးမယ်ဆိုရင်လည်း ကျွန်တော့်ကို ပုဂ်္ဂိုလ်ရေးအရ တရားဝင် တောင်းပန်စေချင်ပါတယ်” ဟု ဦးနိုင်ဝင်းက ပြောသည်။
ဦးနိုင်ဝင်း၏ ပြောကြားချက်နှင့် ပတ်သက်ပြီး နေပြည်တော်အသင်း ဒု-ဥက္ကဋ္ဌ ဦးစိုးသီဟကို မဇ်္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် လုပ်ပွဲကိစ္စမှာ မဟုတ်မမှန် စွပ်စွဲ ပြောကြားခြင်းဖြစ်ပြီး ဦးနိုင်ဝင်းကို တရားစွဲဆိုမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
“လုပ်ပွဲကိစ္စဖွင့်ချမယ်ဆိုတာ အစ်ကိုတို့လည်း စိတ်ဝင်စားပါတယ်။ နေပြည်တော်အသင်းက လုပ်ပွဲကစားထားတာ လုံးဝ မရှိပါဘူး။ သူဒီလိုပြောတာက အသင်းဂုဏ်သိက္ခာတင်မကဘဲ မြန်မာနေရှင်နယ်လိဂ် ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါတယ်။ လစာကိစ္စတွေကို ဒီလကုန်တာနဲ့ ရှင်းပေးမှာပါ။ သူ့ကိုတော့ တရားဥပဒေအရ တရားစွဲဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
နေပြည်တော်အသင်းတွင် ဖူဆယ် ကစားသမားများအပြင် စီနီယာအသင်း၊ လူငယ်အသင်း၊ အကယ်ဒမီအသင်းများမှ ကစားသမားများနှင့် နည်းပြများပါ ဇန်န၀ါရီလမှ စတင်ကာ လစာမရှိသေးဘဲ အသင်းမှ ယခု လကုန်တွင် ဖြေရှင်းပေးမည်ဟု တရားဝင် ကြေညာထားသည်။
နေပြည်တော်အသင်းမှာ ပြီးခဲ့သည့် ၂၀၁၃ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား၌ အဆင့်နှစ်နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
mizzima

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...