Ads (728x90)


မြန်မာနိုင်ငံမှာ အခုတလော လူစိတ်ဝင်စားသော သတင်းကတော့ ရန်ကုန်မြစ်ထဲမှာ နစ်မြှုပ်နေတဲ့ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီခေါင်းလောင်းကြီးဟာ မွန်ဘုရင်က သွန်းလုပ်ပြီး ရွှေတိဂုံ စေတီတော်ပေါ်မှာ လွန်ခဲ့တဲ့ အေဒီ ၁၆ရာစုနှစ်က တင်လှူပူဇော်ထားခဲ့တာ ဖြစ်ပေမယ့် ပေါ်တူဂီလူမျိုး ငဇင်ကာဟာ ခေါင်းလောင်းကြီးကို အရည်ကျိုပြီး အမြောက်သွန်းလုပ်ဖို့ အတွက် သန်လျင်ဘက်ကို သယ်ယူရာမှာ ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်း ဆုံတဲ့ သုံးခွဆုံ နေရာမှာ ဖောင်နစ်မြှုပ်သွားတယ်လို့ သမိုင်း မှတ်တမ်းတချို့ ရှိခဲ့ပါတယ်။
ဒီခေါင်းလောင်းကြီးနဲ့အတူ ရွှေသားအတိပြီးတဲ့ ဗုဒ္ဓဆင်းတု တစ်ဆူနဲ့ အဖိုးတန် ရတနာ သေတ္တာ ၁၁လုံးလည်း နစ်မြုပ်နေတယ်လို့ ဆိုပြန်ပါတယ်။ ခေါင်းလောင်းကြီးရဲ့ အလေးချိန်ဟာ ပိဿာချိန် တစ်သိန်းရှစ်သောင်း (တန်ချိန် ၂၉၃ကျော်) ရှိနိုင်တဲ့အတွက် တကယ်လို့ ဆယ်ယူရခဲ့ရင် ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်းကြီး အဖြစ် သမိုင်းမှတ်တမ်း ၀င်သွားမှာ ဖြစ်ပါတယ်။
ဒီဓမ္မစေတီ ခေါင်းလောင်းကြီးကို တပ်မတော် အစိုးရ လက်ထက်က တန်ခိုးထွားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအ၀င် အဖွဲ့အစည်း မြောက်မြားစွာက ခေါင်းလောင်းကြီးကို ရှာဖွေဆယ်ယူဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဆယ်ယူတဲ့အဖွဲ့တွေထဲမှာ အမေရိကန်နဲ့ သြစတြေးလျက ကျွမ်းကျင်တဲ့ ရေငုပ်သမားတွေကိုတောင် ခေါ်ယူရှာဖွေခဲ့ပေမယ့်  ဘာသဲလွန်စ အထောက်အထားမှ မတွေ့ ရှိခဲ့ပါဘူး။
ဒီလိုအခြေအနေမှာ ဦးစံလင်း ဦးဆောင်တဲ့ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့က ဂမ္ဘီရနည်းနဲ့ ခေါင်းလောင်းကြီးကို ဆယ်ယူမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အတွက် လူစိတ်ဝင်စားမှု မြင့်တက်လာ ခဲ့ပါတယ်။ ဒါ့အပြင် ခေါင်းလောင်း ဆယ်ယူမယ့် အချိန်ကာလကို နှစ်ပတ်အတွင်း ဆယ်မယ်လို့ ပြောဆိုလိုက်တဲ့ အတွက် အားလုံးက အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
ဦးစံလင်းနဲ့ အဖွဲ့ဟာ ခေါင်းလောင်းကြီး ရှိနိုင်တဲ့ မြစ်ဆုံနေရာမှာ သုံးထပ်သင်္ဘော တစ်စင်း၊ သောင်တူး သင်္ဘော နှစ်စင်းနဲ့ အခုဆိုရင် ရှာဖွေနေတာ တစ်ပတ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ခေါင်းလောင်းကြီးရဲ့ သဲလွန်စကို မတွေ့ရှိရသေးဘဲ ခေါင်းလောင်းကြီး အပေါ်မှာ ရှိနေတဲ့ သင်္ဘောပျက်ကို စတင်ဆယ်ယူနေပြီဆိုတဲ့ သတင်းစကားကိုပဲ သိရပါသေးတယ်။
ဦးစံလင်းရဲ့ အဖွဲ့မှာ လူအင်အား ၇၀ကျော် ပါရှိပြီး ဆလုံလူမျိုး ၁၀ဦးကလည်း ရေငုပ်တဲ့ နေရာမှာ ပါဝင် ဆောင်ရွက်လျက် ရှိပါတယ်။ ခေါင်းလောင်းကြီးဟာ ရေပေါ်ကနေ ၅၂ပေ အနက်မှာ ရှိနိုင်တယ်လို့ ယူဆထားပြီး ရေအနက်ကတော့ ၂၇ပေရှိပြီး မြေကြီးထဲကို ၂၅ပေ ထပ်မံတူးဖော်ရမှာ ဖြစ်ပါတယ်။ ခေါင်းလောင်းကြီး ဆယ်ယူတဲ့ အဖွဲ့ဝင်တွေဟာ ကိုးပါးသီလ ဆောက်တည်ပြီး သတ်သတ်လွတ် စားကြရပါတယ်။ ဒီအဖွဲ့အတွက် ကုန်ကျငွေဟာ နေ့စဉ် သိန်း ၆၀ကနေ သိန်း ၁၅၀ခန့် ရှိမယ်လို့ ခေါင်းလောင်း ဆယ်ယူရေး တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ခေါင်းလောင်း ဆယ်ယူရေး အတွက် သိန်း ၂၀၀၀လောက် သုံးစွဲမယ်လို့ ဦးစံလင်းက ပြောပါတယ်။ ခေါင်းလောင်းကြီးကို ဆယ်ယူရရှိပြီးရင် ရွှေတိဂုံ ရင်ပြင်တော်ပေါ်က မူလနေရာမှာ တင်လှူ ပူဇော်သွားမယ်လို့ ကတိပေးထားပါတယ်။ ဦးစံလင်းအနေနဲ့ ဒီခေါင်းလောင်း ဆယ်ယူတာဟာ ပထမအကြိမ် မဟုတ်ဘဲ ၁၉၉၆က တစ်ကြိမ် ကြိုးစားခဲ့ဖူးပြီး ခေါင်းလောင်းကြီးရဲ့ ထိပ်ပိုင်းကို တွေ့ခဲ့ပြီးကာမှ ထူးဆန်းစွာ ပြန်လည်ပျောက်ဆုံး သွားတယ်လို့ ပြောပါတယ်။
ထူးခြားချက်မှာ အဆိုပါ သမိုင်းဝင် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူမှုတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိဘဲ အသံတိတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် Tomorrowက ရှေးဟောင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သမိုင်း သုတေသနနှင့် စာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ကို ဆက်သွယ် မေးမြန်းခဲ့ပါသည်။
ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က “ရှေးဟောင်း သုတေသနဌာနမှာ ရေအောက် ကျွမ်းကျင် ပညာရှင် မရှိပါဘူး။ ဆယ်ယူရမယ့် ကုန်ကျစရိတ်ကလည်း အလွန်များတဲ့ အတွက် ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်အရလည်း မသုံးစွဲနိုင်ပါဘူး။ ၀န်ကြီးဌာန အနေနဲ့ သမိုင်း သုတေသနကို တာဝန်ပေးထားလို့ မနှစ်ကထိ စာတန်းဖတ်ပွဲတွေ လုပ်ခဲ့ပါတယ်။ ၁၉၅၇ခုနှစ် ရှေးဟောင်းပစ္စည်း ဥပဒေအရ ဆိုရင်တော့ ရေပေါ် မြေပေါ် မြေအောက် ရှေးဟောင်း ပစ္စည်းတွေဟာ ရှေးဟောင်း သုတေသန ညွှန်ကြားမှု ဦးစီးဌာနက ထိန်းသိမ်းရမှာ ဖြစ်ပါတယ်”ဟု ဖြေကြားသွားသည်။
သမိုင်းသုတေသနနှင့် စာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွန်းသို့ ဆက်သွယ်မေးမြန်းရာ “အရင်ဝန်ကြီး ဦးကျော်ဆန်း လက်ထက်မှာ စင်ကာပူကုမ္ပဏီ တစ်ခုက ဆယ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီတုန်းက ၀န်ကြီးဌာနကိုပါ ဒေါ်လာ ၁၀သန်း လှူပါမယ်ဆိုတာတွေပါတယ်။ ၀န်ကြီးကလည်း စိတ်ဝင်စားလို့ အလုပ်ရုံ ဆွေးနွေးပွဲတွေ ၂၀၁၂ခုနှစ်မှာ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကုမ္ပဏီကို စစ်ဆေးရာမှာ ဘဏ္ဍာငွေလည်း တောင့်တင်းခိုင်မာမှု မရှိတာ။ ကျွမ်းကျင်ပညာရှင် တွေလည်း မပြည့်စုံတာ တွေ့ရပါတယ်။ ၀န်ကြီးက စဆယ်တော့လို့ ခွင့်ပြုချိန်မှာလည်း မဆယ်နိုင်ပဲ အလုပ်ရုံ ဆွေးနွေးပွဲ ထပ်လုပ်ဖို့ပဲ ကမ်းလှမ်းလာပြန်တဲ့ အတွက် ၀န်ကြီးဌာနက အဲဒီကုမ္ပဏီကို ငြင်းလိုက်ပါတယ်။ ယခု ယဉ်ကျေးမှု ၀န်ကြီး ဦးအေးမြင့်ကြူ လက်ထက်မှာ ၀န်ကြီးဌာန အနေနဲ့ ဆယ်ယူဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ ဆယ်ယူချင်တဲ့ ဆရာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေက သမ္မတကြီးထံကို စာတင်တဲ့အတွက် ၀န်ကြီးဌာန အနေနဲ့ ဒီကိစ္စကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံ လွှဲအပ်လိုက်ပါတယ်။ အခု ဆယ်ယူရေး လုပ်နေတာက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ် ဖြစ်ပါတယ်။ ယဉ်ကျေးမှုဝန်ကြီး ဌာနအနေနဲ့ ဒီခေါင်းလောင်းကြီးကို တစ်ခါမှ မဆယ်ယူခဲ့ဖူးပါဘူး”ဟု ဖြေကြားသွားသည်။
ဒလတွင် နေထိုင်ပြီး မျိုးရိုး စဉ်ဆက် ရေငုပ်၊ ပစ္စည်းဆယ် လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေသူ တစ်ဦးက “ဒီခေါင်းလောင်းကြီးကို ဆယ်လို့ရမယ် မထင်ပါဘူး။ သူ့မှာက တဘောင် ရှိပြီးသားလေ။ မြစ်ဆုံနေရာ သဲသောင်ပေါက်၊ ပေါက်သည့်သောင်ပေါ် တဲတွေဆောက်၊ မုဆိုးမ တဲအောက် ခေါင်းလောင်းရောက်တဲ့” မြစ်ဆုံဆိုတာ ဓမ္မစေတီ ခေါင်းလောင်းကြီး ကျနေတဲ့ ပဲခူးမြစ်၊ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်း ဆုံတဲ့နေရာကိုပြောတာ။ အခုပဲ အဲဒီနေရာက သဲတွေဖို့လို့ ပေ၃၀ပဲ နက်တော့တယ်။ တစ်ချိန်မှာ အဲဒီနေရာမှာ သောင်ကြီး ထွန်းလာလိမ့်မယ်။ အဲဒီ သောင်ပေါ်မှာ လူတွေ တဲထိုးနေကြရင်း မုဆိုးမ အိမ်တစ်အိမ်အောက်မှာ ခေါင်းလောင်းကြီး ပေါ်လာလိမ့်မယ်လို့ ပြောတာ”ဟု ရှင်းပြသည်။
နစ်မြုပ်သင်္ဘောများကို စီးပွားဖြစ် ဆယ်ယူနေသူ တစ်ဦးက “၂၀၀၈ ခုနှစ်က နာဂစ်ကြောင့် မြုပ်သွားတဲ့ သင်္ဘောတစ်စီးကို ငွေအင်အား၊ လူအင်အား အပြည့်နဲ့ ပြန်ဆယ်တာ လေးလကြာတယ်။ အဲဒီနစ်မြုပ်နေတဲ့ သင်္ဘောက ဆိပ်ကမ်းအရှေ့ ပေ ၂၀မှာ မြုပ်နေတာ။ ရေအောက်မှာ ဒီအတိုင်းလေးပဲ မြုပ်နေတာတောင် အဲဒီလောက် ကြာကြာဖော်ရတယ်။ အခုက နှစ်ပတ်နဲ့ ဖော်မယ်ဆိုတော့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ ပရလောကသားတွေ၊ မြင်အပ် မမြင်အပ်ပုဂ္ဂိုလ်တွေ အကူအညီနဲ့ ဆယ်မယ်ဆိုတာကလည်း အတော်ထူးဆန်းတဲ့ ကိစ္စပဲ။ သိပံ္ပပညာ အရ ပြောရရင်တော့ နှစ်ပတ်မပြောနဲ့၊ နှစ်လမပြောနဲ့၊ နှစ်နှစ်အတွင်းတောင် ဆယ်ဖို့ မလွယ်ပါဘူး။ အခုနပြောတဲ့ တဘောင်ကို ကျွန်တော်လည်း ကြားဖူးပါတယ်။ သူတို့ကတော့ တဘောင်ကို တိုက်ရိုက် အနက်ကောက်တာပေါ့လေ။ နောက်တစ်မျိုး စဉ်းစားရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ခင်ပွန်း ဆုံးထားလို့ မုဆိုးမဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည် အုပ်ချုပ်မင်းလုပ်မှ သူ့ပဋ္ဌာန်းဆက်နဲ့ သူ့ဘုန်းတန်ခိုးကြောင့် သူ့အရိပ် အာဝါသအောက်မှာ နိုင်ငံတကာက အကူအညီ အပြည့်အစုံနဲ့ ဒီခေါင်းလောင်းကြီး ဆယ်လို့ရမယ်လို့လည်း နောက်တစ်နည်း အနက် ကောက်လို့ရတာပဲ”ဟု ပြောပြသွားခဲ့သည်။
သမိုင်းလေ့လာသူ တစ်ဦးကမူ “ဥရောပကနေ အရှေ့တောင်အာရှအထိ ရောက်လာပြီး နယ်ချဲ့နိုင်ခဲ့တဲ့ ငဇင်ကာ အနေနဲ့ ဒီလောက်ကြီးတဲ့ ဓမ္မစေတီ ခေါင်းလောင်းကို ဒီအတိုင်း မြစ်ကိုဖြတ်ပြီး သယ်ပါ့မလား။ ဒီဖက်ကမ်းမှာပဲ ခွဲခြေပြီး သယ်သွားတာ မဖြစ်နိုင်ဘူးလား။ ဒီအချက်ကလည်း ထည့်သွင်း စဉ်းစားရမယ့် အချက် တစ်ခုပါ”ဟု ပြောပြခဲ့သည်။
အများပြည်သူနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက မည်သို့ပင် ပြောဆိုစေကာမူ ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် သတင်းများမှာ မီဒီယာများပေါ်တွင် မျက်နှာဖုံးသတင်း အဖြစ် နေရာယူထားပြီး ဆယ်ယူရရှိမည်ဟု ကြေညာထားသော ကာလမှာလည်း နီးကပ်လာခြင်း၊ ယခင် ဆယ်ယူရန် ကြိုးစားခဲ့ဖူးသူများ ဒုက္ခရောက်ခဲ့ခြင်းတို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ၂၀၁၄ခုနှစ်တွင် မြန်မာပြည်သူများ စိတ်အ၀င်စားဆုံး သတင်းတစ်ပုဒ် အဖြစ် ရပ်တည်နေသည် ကတော့ မည်သူမှ ငြင်းမရသည့် အချက်ပင် ဖြစ်ပါတယ်။
Tomorrow သတင်းအဖွဲ့

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...