Ads (728x90)


အောင်ပွဲရ မြန်မာ ယူ-၁၉ အသင်းအား မြေနီကုန်းမီးပွိုင့်တွင် ပရိသတ်များ ကြိုဆိုနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သော အောင်ပွဲရ မြန်မာ ယူ-၁၉ အသင်း သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာဘောလုံးပရိသတ်များက တစ်ခဲနက်ကြိုဆိုခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းမှာ လေဆိပ်မှ ပြည်လမ်းအတိုင်း၊ ယင်းမှတစ်ဆင့် မြေနီကုန်းမီးပွိုင့်မှ ရွှေဂုံတိုင်၊ တာမွေအ၀ိုင်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျောက်ကုန်းလမ်းအတိုင်း ရတနာလမ်း၊ ဝေဇယန္တာလမ်းမှ သုဝဏ္ဏကွင်းအထိ မော်တော်ယာဉ်များဖြင့် လှည့်လည်အောင်ပွဲခံခဲ့သည်။ မြန်မာဘောလုံးပရိသတ်များမှာ လေဆိပ်မှစတင်၍ စောင့်ဆိုင်းနေခဲ့ပြီး လမ်းများတစ်လျှောက် တစ်ခဲနက်ကြိုဆိုခဲ့ကြသည်။ လေဆိပ်၊ ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ရှေ့နှင့် မြေနီကုန်းမီးပွိုင့်တို့တွင် ပရိသတ်များ၏ ကြိုဆိုမှု အထူးများပြားခဲ့ပြီး လမ်းကြောင်းတစ်လျှောက်တွင်လည်း ကြိုဆိုမှုများ မပြတ်လပ်အောင် ရှိခဲ့သည်။ ဆုဖလားအပ်နှံပွဲကို သုဝဏ္ဏကွင်း၌ ကျင်းပခဲ့ပြီး မြန်မာဘောလုံးပရိသတ် အချို့မှာ ကွင်းအတွင်း၌ ကြိုတင်စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။ ဆုဖလားအပ်နှံပွဲတွင် မြန်မာ ယူ-၁၉ အသင်းခေါင်းဆောင် နန္ဒကျော်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ ဆုဖလားအပ်နှံခဲ့ပြီး ဦးဇော်ဇော်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေထံ လွှဲပြောင်းအပ်နှံခဲ့သည်။ ယင်းနောက် မြန်မာယူ-၁၉ အသင်းက ဆုဖလားနှင့်အတူ ကွင်းအတွင်း လာရောက်အားပေးနေသော ပရိသတ်များအား နှုတ်ဆက်ခဲ့ကြသည်။

အောင်ပွဲရ မြန်မာ ယူ-၁၉ အသင်းအား မြေနီကုန်းမီးပွိုင့်တွင် ပရိသတ်များ ကြိုဆိုနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
အောင်ပွဲရ မြန်မာ ယူ-၁၉ အသင်းအား လာရောက်ကြိုဆိုခဲ့သော ပရိသတ်တစ်ဦးက “မြန်မာဘောလုံးအသင်းတွေကို အစဉ်တစိုက် အားပေးနေတဲ့ ပရိသတ်တစ်ဦးအနေနဲ့ မြန်မာ ယူ-၁၉ အသင်းရဲ့ အောင်မြင်မှုအတွက် အရမ်းကိုဂုဏ်ယူပါတယ်။ ယူ-၁၉ ကစားသမားတွေကို ပြောချင်တာက ဒီအောင်မြင်မှုလောက်ကို သာယာမနေဘဲ ဒီထက်အောင်မြင်မှုရဖို့ ကြိုးစားစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲကို သြဂုတ် ၈ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာ ယူ-၁၉ အသင်းမှာ ပွဲစဉ်တိုင်းအနိုင်ရကာ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်ပွဲရ မြန်မာကစားသမားများ၏ ပြောစကားများ
“အခုလို အောင်မြင်မှုရခဲ့တဲ့အတွက် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ အခုပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့ပေမယ့် အဓိကပြိုင်ပွဲဖြစ်တဲ့ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ဆက်လက်ကြိုးစားသွားမှာပါ။ အာရှအဆင့်ပြိုင်ပွဲ ဖြစ်တဲ့အတွက် အရမ်းခက်ခဲမှာဖြစ်ပေမယ့် အောင်မြင်မှုရအောင် ကြိုးစားသွားမှာပါ။ အားပေးနေတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်”
- နန္ဒကျော် (ယူ-၁၉ အသင်းခေါင်းဆောင်)
“အသင်းအတွက် အရေးပါတဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အခုလို ဂိုးတွေသွင်းယူနိုင်ခဲ့တာဟာ ကစားဖော်တွေရဲ့ ပံ့ပိုးမှုကြောင့်ဖြစ်ပါတယ်။ အာဆီယံအသင်းတွေနဲ့ ကစားခဲ့ရပေမယ့် ပွဲတိုင်းက ခက်ခဲခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနဲ့အုပ်စုအဖွင့်ပွဲ၊ ဗီယက်နမ်အသင်းနဲ့ ကစားခဲ့ရတဲ့ ဗိုလ်လုပွဲတို့က အခက်ခဲဆုံးပါပဲ။ ချန်ပီယံအိပ်မက်တွေဖြစ်လာလို့ ကျေနပ်ပါတယ်”
- အောင်သူ
“မြန်မာဘောလုံးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေ၊ တစ်ခဲနက်ကြိုဆိုမှုတွေက အရမ်းကို ကျေနပ်စရာကောင်းပါတယ်။ ကစားသမားဘ၀ သက်တမ်းတစ်လျှောက်မှာ အခုလို အောင်မြင်မှုရခဲ့တာဟာ ဘ၀မှာ မမေ့နိုင်စရာပါပဲ။ လာမယ့်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ရယူနိုင်အောင် ကြိုးပမ်းသွားမှာပါ။ နိုင်ငံအတွက် ချန်ပီယံဆုတွေ ထပ်မံရယူနိုင်ဖို့ အမြဲကြိုးစားနေမှာပါ”
- သန်းပိုင်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...