Ads (728x90)

 Photo
မိမိ အား အမေရိကန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ Mr. Allan Lokos နှင့် Ms. Susanna Weiss တို့ တရားစွဲဆိုတဲ့ အကြောင်းအရာကို မိမိ မိတ်ဆွေများအားလုံးမှ အထူးစိတ်ဝင်တစားမေးမြန်းလာသည့်အတွက် အများပြည်သူပါ သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံရှိ Tour Operator များ၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်နေသူများ၊ Hotel လုပ်ငန်းနှင့် အခြားသော Tourism လုပ်ငန်း လုပ်ဆောင်နေသူများအားလုံးအနေဖြင့် မိမိဖြစ်စဉ်ကိုသုံးသပ်၍ အာမခံကုမ္ပဏီလုပ်ငန်းများအကြောင်းကို ဆင်ခြင်သုံးသပ်နိုင်စေရန် တင်ပြအပ်ပါတယ်။

ပထမဆုံးအနေနဲ့ ၄င်းတို့ နှစ်ဦးအပါအဝင် Air Bagan လေယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော ခရီးသည်များအားလုံးကို ဆေးဝါးကုသစောင့်ရှောက်မှုများအပြင် အခြားသော လူသားချင်းစာနာထောက်ထား သော ကူညီမှုများစွာကို လုပ်ဆောင်ပေးခဲ့တာကို အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများအားလုံး ကြုံတွေ့ သိရှိခဲ့ရပြီးဖြစ်တယ်လို့ ပြောချင်ပါတယ်။ မိမိ မှလည်း Air Bagan ရဲ့ Founder တစ်ဦးအနေဖြင့် မတော်တဆမှု ဖြစ်ပွားရာအရပ်သို့ ချက်ခြင်းသွားရောက်ကာ စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
ယခုတရားစွဲဆိုသည့် အဆိုပါ အမေရိကန် နိုင်ငံသား (၂) ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ မှ ဆရာဝန်ကြီးများနှင့် အမြန်ဆုံး ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးပြီးချက်ခြင်းပင် အမေရိကန် သံရုံးမှ တာဝန်ရှိသူများ ရောက်ရှိလာကာ Bangkok ရှိ ဆေးရုံသို့ ပို့ဆောင်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အတွက် မိမိအနေဖြင့် တောင်ကြီးမြို့မှ ဟဲဟိုးမြို့သို့ Helicopter ဖြင့်လည်းကောင်း၊ ဟဲဟိုးမှ Bangkok သို့ မိမိ၏ Private Jet ဖြင့် Bangkok ရှိ ဆေးရုံသို့ အထူးအမြန်ဆုံး ပို့ဆောင်ပေးခဲ့ပါတယ်။ ထိုသို့ ပို့ဆောင်ပေးရာတွင်လည်း Air Bagan မှ လေယာဉ်မှူး ဦးအောင်စည်ဟိန်းနှင့် ဆရာဝန်ကြီး ဦးမြတ်သင်း တို့မှ ၄င်းတို့ နှစ်ဦးအား အနီးကပ်လိုက်ပါစောင့်ရှောက်ပေးရန် မိမိ တောင်ကြီးမြို့မှနေ၍ အကူအညီတောင်းခံခဲ့ပါတယ်။

Bangkok မှတဆင့် ၄င်းတို့နှစ်ဦး Singapore နိုင်ငံ၊ SGH ဆေးရုံသို့ ပြောင်းရွှေ့ကုသရန်လိုအပ်သည့်အတွက် ထိုဆေးရုံသို့ ပြောင်းရွှေ့ရာတွင် အစွမ်းကုန် ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ ထိုသို့ Singapore တွင် ဆေးဝါးကုသမှုများ ခံယူနေစဉ် Sigapore နိုင်ငံရှိ ကုမ္ပဏီများ ဖြစ်ကြသော Terrestrial Pte Ltd.၊ Aisa Pioneer IMPEX Pte Ltd.၊ 4G Investment Pte Ltd. မှ ဝန်ထမ်းများအားလုံးမှ ၄င်းတို့ Singapore သို့ရောက်ရှိသည့်နေ့မှ စ၍ မိမိ၏တောင်းဆိုမှုအရ နေ့ည တာဝန်များခွဲဝေကာ ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြပါတယ်။ မိမိမှလည်း ၃၊ ၁၊ ၂၀၁၃ ရက်နေ့တွင် ၄င်းဆေးရုံသို့ သွားရောက် တွေ့ဆုံအားပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ထိုမှ တဆင့် ၈၊ ၁၊ ၂၀၁၃ ရက် နေ့တွင် အမေရိကန်နိုင်ငံ၊ NewYork မြို့သို့ ၄င်းတို့ ကျန်းမာရေးအတွက် အထူးလေယာဉ် Air Ambulance ဖြင့် စင်းလုံးငှား ပို့ဆောင်ပေးခြင်းများကို ကိုယ်ပိုင်ငွေကြေး စိုက်ထုတ် ပေးကာ ကူညီ ခဲ့ပါတယ်။

အဆိုပါ လေယာဉ် မတော်တဆမှုဖြစ်စဉ်အတွက် Air Bagan မှ Insurance အတွက် အလုံးစုံ အာမခံထားရှိသော Pana Harrison (Asia) Pte Ltd. ကုမ္ပဏီအတွက် ဆောင်ရွက်ပေးသော Gates and Partners Pte Ltd အား အဆိုပါ ခရီးစဉ်တွင် နစ်နာခဲ့ရသောသူများအားလုံးကို အာမခံငွေကြေး အမြန်ဆုံးရရှိစေရန် Air Bagan မှ လိုက်ပါ ကူညီ လုပ်ဆောင်စေရန်အတွက်လည်း မိမိ မှ တောင်းဆိုခဲ့ပါတယ်။
အဆိုပါ အမေရိကန်နိုင်ငံသားနှစ်ဦး ၄င်းတို့ မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် မိမိအား အဆိုပါ လေယာဉ် မတော်တဆမှုအတွက် မိမိ ကိုယ်တိုင်အနေဖြင့် လျော်ကြေးပေးရန် ဆက်သွယ်တောင်းဆို လာခဲ့ပါတယ်။ မိမိမှလည်း Air Bagan အနေဖြင့် အပြည့်အဝ အပ်နှံထားသော အာမခံကုမ္ပဏီ Pana Harrison (Asia) Pte Ltd. နှင့် လိုက်ပါဆောင်ရွက်ပေးမည့် Gates and Partners Pte Ltd. သို့ ဆက်သွယ်အကြောင်းကြားစေရန် Air Bagan Co. Ltd ၏ Chairman ဦးထူးသက်ထွေး ထံသို့ အကြောင်းကြားပေးခဲ့ပါတယ်။
မိမိ အနေဖြင့် Air Bagan Co. Ltd မှ ၂၀၀၈ ခုနှစ်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင် နှုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ သို့ဖြစ်၍ အဆိုပါ နစ်နာမှုအတွက် အာမခံကြေးပေးလျော်ရာတွင် ဆောင်ရွက်ပေးမည့် Gates and Partners Pte Ltd. သို့ ဆက်သွယ်ကာ လေယာဉ်မတော်တဆမှုတွင် ပါဝင်ခဲ့ကြသောခရီးသည်များနှင့် ပြင်ပမှ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ တို့အတွက် အာမခံငွေကြေး အမြန်ဆုံးရရှိနိုင်စေရန် ကူညီတိုက်တွန်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံသားခရီးသည်များထဲမှ သေဆုံးခဲ့သူ၊ ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများကိုလည်း ကိုယ်တိုင် သွားရောက်တွေ့ဆုံကာ အလှူဒါနကုသိုလ်ပြုပေးခြင်း၊ အားပေးတွေ့ဆုံခြင်းများလည်း လုပ်ဆောင် ပေးခဲ့ပါတယ်။ ထိုသို့သွားရောက်ရင်းဖြင့် ကွယ်လွန်ခဲ့ရသောသူများ၏ မိသားစုများအတွက် စိတ်မကောင်းဖွယ်ရာ ခံစားရမှုများနှင့် အဆိုပါ မတော်တဆမှုတွင် ကွယ်လွန်ခဲ့ရသော ဦးပြား၏ လူမမယ်အရွယ်ကလေးငယ်များဖြစ်သည့် မောင်သန်းငြိမ်းမောင်နှင့် ၁ နှစ်သမီးလေး မဝမ်းခေါင်ကို သနားဂရုဏာဖြစ်မိခဲ့ပါတယ်။ အဆိုပါ လူမမယ် ကလေးငယ်များအတွက်လည်း ဘွဲ့ရရှိသည်အထိ တာဝန်ယူရန် မိမိတို့ Htoo Foundation မှ ကတိပြုဆောင်ရွက်ပေးခဲ့ပါတယ်။ ထို့အတူ အဆိုပါ ဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ယနေ့ထိတိုင် နေပူသို့ ထွက်၍ မရပဲ အမာရွတ်များဖြင့် ခံစားနေရသော မောင်ဌေးအောင်ကို အားပေးတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

https://www.youtube.com/watch?v=c2iPwGnLAfg&feature=youtu.be

မတော်တဆမှုတွင် ပါဝင်ခဲ့သော မြန်မာလူမျိုးများ အတွက်လည်း Pana Harrison (Asia) Pte Ltd. ထံမှ အာမခံနစ်နာကြေးများ ထိုက်တန်စွာရရှိစေရန် တိုက်တွန်း ပေးခဲ့ပါတယ်။ အဆိုပါ အာမခံကုမ္ပဏီအနေဖြင့် မတော်တဆမှုတွင် အမေရိကန်နိုင်ငံသား Mr. Allan Lokos ထက် ပိုမိုဆိုးရွားစွာ မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော မောင်ဌေးအောင် အား အမေရိကန်ဒေါ်လာ တစ်သောင်းသာ ပေးလျော်ရန် ကမ်းလှမ်းလာသည့်အတွက် ယခု အမေရိကန်နိုင်ငံသား ၂ ဦးတောင်းဆိုသော ဒေါ်လာ သန်းပေါင်းများစွာနှင့် ယှဉ်လျှင် များစွာကွာခြားနေသည်ကိုလည်း စိတ်မကောင်းဖြစ်မိပြီး သက်ဆိုင်ရာ ရှေ့နေများနှင့် ဆောင်ရွက်နိုင်စေရန် ကူညီပေးခဲ့ပါတယ်။

ထပ်မံ၍ အဆိုပါ အမေရိကန်နိုင်ငံသား ၂ ဦးအတွက်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek J. Mitchell မှတဆင့် နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်အထိ ရည်ညွှန်းသော စာများဖြင့် မိမိ ကို ဖိအားပေးကာ လျော်ကြေးငွေပေးလျော်စေရန် ဆောင်ရွက်ခဲ့ကြသည်ကိုလည်း Ms. Susanna Weiss မှ မိမိ ထံသို့ ပေးပို့သော ထိုစာများကို ဖတ်ရှုခြင်းဖြင့် သိရှိရပါတယ်။ အဆိုပါ လေယာဉ်မတော်တဆမှုခရီးစဉ်တွင် ပါဝင်သောသူများအားလုံးကို လူသားချင်းစာနာထောက်ထားသောအားဖြင့် မိမိ ကိုယ်တိုင်သာမက အဆိုပါဖြစ်စဉ်တွင် ဝိုင်းဝန်းကူညီသူများစွာတို့မှ မိမိ တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးခဲ့ကြသော်လည်း ထိုသို့ ဖိအားပေး လျော်ကြေးတောင်းခံလာခြင်း အတွက် လွန်စွာမှပင် စိတ်မကောင်းဖြစ်မိပါတယ်။

အဆိုပါ အမေရိကန် နိုင်ငံသားနှစ်ဦးဖြစ်သော Mr. Allan Lokos နှင့် Ms. Susanna Weiss တို့မှ တရားစွဲဆိုလာသော အကြောင်းအရာများကို သုံးသပ်ရမည်ဆိုလျှင် Air Bagan မှ လေယာဉ်မှူးများနှင့် လေယာဉ်မောင်မယ်များကို စနစ်တကျလေ့ကျင့်ပေးရန် ပျက်ကွက်ချို့ယွင်းမှု ရှိသည်ဟူ၍လည်းကောင်း၊ လေယာဉ်မှူးနှင့် လေယာဉ်ဝန်ထမ်းများသည် ခရီးသည်များအား အချိန်မီဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန်ပျက်ကွက်သည်ဟူ၍ လည်းကောင်း တဖက်သတ်စွပ်စွဲချက်များ ပါဝင်နေသည်ကို တွေ့ရှိရပါတယ်။ အမှန်တကယ်တွင်မူ Air Bagan သည် ၄င်း ကုမ္ပဏီမှ လေယာဉ်မှူးများနှင့် လေယာဉ်မောင်မယ်များသာမက လေယာဉ်ပျံသန်းရေးဆိုင်ရာ ဝန်ထမ်းများအားလုံးကို အခြားနိုင်ငံတကာလေကြောင်းလိုင်းများနည်းတူ နှစ်စဉ် နိုင်ငံခြားသို့ သင်တန်းစေလွှတ် တက်ရောက် လေ့ကျင့်ပေးလျက်ရှိ တာကို သိရှိရပါတယ်။ အဆိုပါ မတော်တဆမှုဖြစ်စဉ်မှာလည်း Air Bagan မှ လေယာဉ်မှူးများနှင့် လေယာဉ်မောင်မယ်များဟာ နိုင်ငံတကာလေကြောင်းဆိုင်ရာ စံညွှန်းများအတိုင်း စက္ကန့် ၉၀ အတွင်း ခရီးသည်များ အားလုံးကို ကယ်ထုတ်ပေးနိုင်ခဲ့တာကိုလည်း အဆိုပါ မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်သော ခရီးသည်များသာမက မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာန၏ စစ်ဆေးချက်များအရလည်း သိရှိရပါတယ်။

အချုပ်အားဖြင့် အဆိုပါ တရားစွဲဆိုသည့် ကိစ္စကို မိမိ အနေဖြင့်သာမက တရားစွဲဆိုခံရသော တိုင်းရင်းသားကုမ္ပဏီဝန်ထမ်းများအနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်မိပါတယ်။ ထိုသို့တရားစွဲဆိုလာခြင်းကို မိမိ အနေဖြင့် ရင်ဆိုင်ရုံမျှမက လေယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်သော ထိခိုက်နစ်နာခဲ့ရသူ မြန်မာနိုင်ငံသား ခရီးသည်များ၊ Tour Guide များနှင့် သေဆုံးသွားရှာသော ရှမ်း ဓနုတိုင်းရင်းသား မနွယ်လင်းရှိန်၊ ရှမ်း-ပအို့ဝ်တိုင်းရင်းသား ဦးပြား၊ မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော မောင်ဌေးအောင်တို့နှင့် ၄င်းတို့ မိသားစုဝင်များ၊ သားငယ်၊ သမီးငယ်များအတွက် လူ့အခွင့်အရေး အပြည့်အဝရရှိပြီး နိုင်ငံတကာစံနှုန်းများနည်းတူ အာမခံငွေကြေးများ ခံစားနိုင်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး မိမိ ဖြစ်စဉ်ကို အခြေခံ၍ အမေရိကန်နိုင်ငံ၏ မိမိနိုင်ငံသားအပေါ် လုပ်ဆောင်ပေးချက်များသာမက မိမိတို့ မြန်မာနိုင်ငံအတွင်း ဖြစ်စဉ်များတွင် အာမခံငွေကြေးနစ်နာနိုင်မှုများ မည်သို့ရှိသည်ကို ခရီးသွားလုပ်ငန်းလုပ်ဆောင်နေကြသော Tour Operator များ၊ လေကြောင်းဝန်ဆောင်မှုလုပ်ငန်းများ၊ Hotel လုပ်ငန်းများနှင့် အခြားသော Tourism လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် နေကြသောသူများ အားလုံး သိရှိဆင်ခြင်နိုင်စေရန် မှတ်တမ်းဓါတ်ပုံများဖြင့် ရှင်းလင်းပြောပြအပ်ပါတယ်။


 အခြားသောပုံများအားကြည့် ရှုလိုပါက အောက်ပါလင့်မှာသွားရောက်ကြည့်ရှုနိုင်ပါသည်။
 
 မူရင်းပို့ စ်တင်ထားသည့်နေရာ => https://www.facebook.com/pages/U-Tay-Za/266495883384881
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...