Ads (728x90)


=================================

MNL Myanmar 2014 (Week 4) တနင်္ဂနွေနေ့ ပွဲစဉ်များအား တောင်ကြီးနှင့် ရန်ကုန် မြို့များတွင် ယနေ့ ယှဉ်ပြိုင် ကစားခဲ့ကြရာ (၁- ၁)ဂိုး သရေပွဲ များဖြင့်သာ အဆုံးသတ် သွားခဲ့ကြသည်။ တောင်ကြီးမြို့ ပွဲစဉ်ဖြစ်သည့် အိမ်ရှင် ကမ္ဘောဇ (KBZ)နှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်အား KBZ Stadium တွင်ကျင်းပခဲ့ရာ ပရိသတ် ၇၅၀၀ ၀န်းကျင်ခန့် လာရောက် အားပေးခဲ့ကြသည်။ ရန်ကုန်မြို့ YTC ပွဲစဉ်တွင်လည်း ဆောက်သမ်းမြန်မာ အသင်းနှင့် ဇွဲကပင် အသင်းတို့ တစ်ဖက် တစ်ဂိုးစီဖြင့် သရေတစ်မှတ် ခွဲယူသွား ခဲ့ကြပြီး ဆူပါဆန်းဒေး ပွဲစဉ် နှစ်ပွဲစလုံး အနိုင်အရှုံး မရှိခဲ့ကြပေ။

ကမ္ဘောဇနှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်သည် နှစ်သင်းစလုံး နောက်ဆုံး မိနစ်အထိ အပြန်အလှန် တိုက်စစ်ဆင် ကစားရင်း ပရိသတ်ကို ဖျော်ဖြေမှု ပေးနိုင်ခဲ့ ကြသည်။ အိမ်ရှင် KBZ အသင်းတွင် ဂါနာ နောက်ခံလူ ဆာမြူရယ် ဟန်ဆန် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ သဖြင့် ခံစစ်ပိုင်း အားနည်းခဲ့ပြီး ဧည့်သည် အသင်းကို စောစီးစွာ ဦးဆောင်ဂိုး ပေးလိုက်ရသည်။ ပွဲအစ ခရာမှုတ် သည်နှင့် တပြိုင်နက် ရတနာပုံ အသင်းစပေးဘော မှဘောလုံး ရသွားပြီး ကိုလံဘီယာ တိုက်စစ်မှူး ဖွန်ဆေကာ အရှိန်အဟုန် ပြင်းစွာဖြင့် KBZ နောက်တန်း ကိုကျော်ဖြတ်ကာ လှလှပပ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ပွဲချိန် တစ်မိနစ် အတွင်းမှာပင် ဧည့်သည်ကို ဦးဆောင်ဂိုး ပေးလိုက်ရသည့် အတွက် KBZ အသင်း တည်တည်ငြိမ်ငြိမ်ဖြင့် ချေပဂိုး ပြန်လည် ရရှိရန် ကြိုးပမ်း ကစားလာ ခဲ့သည်။ စိုးမင်းဦး၊ နေဇော်လတ်၊ ဂျပန် ကွင်းလယ်လူ ကင်မ်၊ ဘရာဇီး နောက်ခံလူ ဂျူနီယာ၊ မိုင်အိုက်နိုင်နှင့် ယနေ့ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြ ကစားသွားသည့် ဆာဘီးယား တိုက်စစ်မှူး ဇစ်ကိုဗစ်တို့ ထိုးဖောက်အားကို ရတနာပုံ အသင်း ကြာရှည် တောင့်မခံ နိုင်တော့ဘဲ ပွဲချိန် ၃၀ မိနစ်တွင် ချေပ ဂိုးပြန်ပေး လိုက်ရသည်။ KBZ အသင်း ဖြတ်တင်ဘောကို ရတနာပုံ ဂိုးသမားနှင့် နောက်တန်းတို့ ကာကွယ်ဖျက်ထုတ် ရာမှ ဂိုးသမား သီဟစည်သူနှင့် နောက်ခံလူ ဇော်လင်းထွန်းတို့ နားလည်မှု လွဲချော်ပြီး ပြန်ထွက်လာသော ဘောလုံးကို ဇစ်ကိုဗစ်က အားပါသော ကန်ချက်ဖြင့် ချေပဂိုး သွင်းယူလိုက်ခြင်း ဖြစ်သည်။ ကွင်းလုံးပြည့် ပရိသတ်ရှေ့တွင် ကမ္ဘောဇ အသင်းရော ရတနာပုံ အသင်းပါ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင် ကစားသွားကြပြီး ကြည့်ကောင်းသော ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့သည်။ ရတနာပုံ၏ ဂျပန် ကွင်းလယ်လူ ရှင်းပိုင်၊ အိုင်ဗရီကိုစ် ခံစစ်အကူ မက်ဇင်မန်၊ နိုင်ဂျီးရီးယား ခံစစ်မှူး ဟက်ပီးနက်စ်နှင့် ကိုလံဘီယာ တိုက်စစ်မှူး ဖွန်ဆေးကာ တို့ နိုင်ငံခြားသား ကစားသမား များနှင့် ပြည်တွင်းမှ ရန်ပိုင်၊ ရဲလင်းအောင်၊ သက်နိုင်၊ ကောင်းစည်သူ တို့ဖြင့် ပေါင်းစပ်ထားသော ရတနာပုံ ကစားဟန် ကလည်း ယခင်နှစ် ရာသီထက် ပိုမို ကောင်းမွန် လာခဲ့သည်မှာ ယနေ့ပွဲ ခြေစွမ်းကို ကြည့်လျင် ငြင်းမရ နိုင်ပေ။ ပထမပိုင်းတွင် ကိုက် ၃၀ အကွာမှ ဖွန်ဆေးကာ၏ ပြန်းထန်သော ကန်ချက် တိုင်ထိသွားခြင်းက ဧည့်သည် အသင်းကို ကံဆိုးသွား ခဲ့သလို ဒုတိယပိုင်းတွင် လူကျွံထောင်ချောက်မှ ရုန်းထွက်ကာ ဂိုးသမားနှင့် တစ်ယောက်ခြင်း ရင်ဆိုင်ပြီး ကန်သွင်းခဲ့သည့် ဇစ်ကိုဗစ်၏ ကန်ချက် ဂိုးတိုင်ထိ ထွက်ခြင်းကလည်း KBZ ကို အနိုင်(၃) မှတ်နှင့် ဝေးကွာသွား ခဲ့သည်။ မည်သို့ပင် ဖြစ်စေ ဆူပါဆန်းဒေး၏ တောင်ကြီးမြို့ ပွဲစဉ်သည် အပြန်အလှန် ထိုးဖောက်မှု များဖြင့် ပရိသတ် အကြိုက် ပွဲစဉ်တစ်ပွဲ ဖြစ်သွားခဲ့သည်။

ရန်ကုန်မြို့၊ YTC ကွင်းတွင် ကစားခဲ့သော ဆောက်သမ်းမြန်မာ အက်ဖ်စီနှင့် ဇွဲကပင် ယူနိုက်တက် အက်ဖ်စီတို့၏ ပွဲစဉ်မှာလည်း တစ်ဖက်နှင့် တစ်ဖက် ဖိအားပေး ကစားရင်း သရေကျသွား ခဲ့ရသည်။ ဆောက်သမ်းမြန်မာ အသင်းသည် ဇော်ခါး၊ ရဲထွန်းနိုင်၊ ရန်နိုင်ထွေး၊ ထက်အောင် အစရှိသော ပြည်တွင်း ကစားသမား များကို အားပြုကာ လူစာရင်း ခင်းကျင်းခဲ့သလို ဇွဲကပင်ကလည်း နိုင်ပွဲရရှိရေး အတွက် ဂျပန် ကစားသမား ကန်တာရို၊ ၀ါရင့် ကစားသမား ဂနိုဆီယမ်၊ အမာအိုဘီနှင့် ဇုန်မိုးအောင် တို့ကို ပွဲထုတ်ခဲ့သည်။ ပထမပိုင်း ၄ မိနစ်မှာပင် ဇွဲကပင်အသင်း ကျောနံပါတ် (၇) ကန်တာရိုက ဆောက်သမ်း ပင်နယ်တီ ဧရိယာအစပ် တွင်ရရှိသည့် တိုက်ရိုက် အလွတ်တည်ကန်ဘော မှတစ်ဆင့် အပိုင်ကန်သွင်းကာ အဖွင့်ဂိုး ရယူပေးခဲ့သည်။ စိတ်ဓာတ် တက်ကြွလာသော ဇွဲကပင်တို့သည် တိုက်စစ် မြင့်တက်လာ သဖြင့် ပွဲချိန် (၂၅) မိနစ်တွင် ဇွဲကပင် ကျောနံပါတ် (၁၀) အမာအိုဘီ အပိုင်ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးတိုင်နှင့် ထိကာ အပြင်ထွက်သွား သဖြင့် နစ်နာခဲ့ရသည်။ သို့ရာတွင် တန်ပြန် တိုက်စစ်ကို အားပြုခဲ့သော ဆောက်သမ်းမြန်မာ အက်ဖ်စီသည် ပွဲချိန် (၂၂)မိနစ်တွင် ချေပဂိုးရရှိ ခဲ့သည်။ အဆိုပါဂိုးကို ညာတောင်ပံမှ ဖြတ်တင်လိုက်သော ဘောလုံးမှတစ်ဆင့် ဆောက်သမ်း ကျောနံပါတ် (၂၂) ထက်အောင်က အနီးကပ် ခေါင်းတိုက်သွင်းယူကာ (၁-၁) ဂိုးရလဒ်ကို ဖန်တီးပေးခဲ့ ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် ဆောက်သမ်းမြန်မာ အသင်းသည် ဒဏ်ရာပြဿနာ များနှင့် လုံးပမ်းခဲ့ရပြီး ရဲအောင် ကို ပွဲချိန်(၆၄)မိနစ်တွင် ခိုင်ဇော်ထွန်းနှင့် လည်းကောင်၊ ရန်နိုင်ထွေးကို ပွဲချိန် (၈၄)မိနစ်တွင် အောင်သန်းဝင်းနှင့် လည်းကောင်း အစားထိုး ခဲ့ရသည်။ သို့ရာတွင် ဇွဲကပင်အသင်း ၏တိုက်စစ် ဆင်မှုများကို ဆောက်သမ်း ခံစစ်ကြောင်းက အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပြီး တစ်ဖက်ကလည်း ဇွဲကပင် ဂိုးသမားက အရေးပါသော ကန်သွင်းချက်များကို လက်စွမ်းပြ ကာကွယ်ခဲ့သည်။ ပွဲချိန် ပြီးခါနီးတွင် ဇွဲကပင် ကျောနံပါတ်(၆) တင်ဝင်းအောင်က ဆောက်သမ်း (၆)ကိုက်စည်း အတွင်း အပိုင်ခေါင်းတိုက် သွင်းယူခွင့် ရရှိခဲ့သော်လည်း အားများကာ ဂိုးဘားတန်းပေါ် ကပ်ကျော် သွားသဖြင့် (၁-၁)ဂိုးရလဒ် ဖြင့်သာ ပွဲပြီးသွားခဲ့သည်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဇွဲကပင်နည်းပြချုပ် ဦးအောင်မင်းဦးက အသင်း၏ တိုက်စစ်မှူးများ အဆုံးသတ် အပိုင်းတွင် အနည်းငယ် အားနည်းနေခြင်း ကြောင့်သာ ဂိုးထပ်မံရယူခွင့်နှင့် ဝေးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုခဲ့ပြီး မြန်မာကစားသမား များဖြင့်သာ ဖွဲ့စည်းထားသော ဆောက်သမ်းမြန်မာ အက်ဖ်စီ၏ ကြိုးစားအားထုတ်မှု များကို ချီးကျူးခဲ့သည်။ ဆောက်သမ်းမြန်မာ နည်းပြချုပ် ကင်ဝေါ်ဒန်က အသင်း၏ ကစားသမားများ အကြား ဒဏ်ရာ ပြဿနာနှင့် လုံးပမ်းနေရခြင်း ကို အားမရကြောင်း ပြောကြားခဲ့ပြီး ယခုနှစ်အတွက် ဆောက်သမ်းမြန်မာ အသင်းအနေဖြင့် နိုင်ငံခြားသား ကစားသမားများ မခေါ်ယူဘဲ မြန်မာ ကစားသမားများ ဖြင့်သာ ဆက်လက် ယှဉ်ပြိုင်သွားမည် ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ အဆိုပါ ပွဲစဉ်ကို မြန်မာ့ လက်ရွေးစင် အသင်းကြီး၏ နည်းပြချုပ်ဖြစ်သော ရက်ဒီ အဗရာမိုဗစ် လာရောက်ကြည့်ရှု ခဲ့ပြီး ကစားသမားများ ၏ခြေစွမ်းကို လေ့လာ အကဲခတ်ခဲ့သည်။

Ref ; #MNL

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...