Ads (728x90)

 သူရိယနေဝန်းဂျာနယ်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်သော အရေးအသားများ ဖော်ပြနေခြင်းကိစ္စ အား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်ပြောင်းလဲလာသည့် စနစ်အရ စာမူများကို ကြိုတင်စိစစ် ခြင်း မပြုတော့ဘဲ လွတ်လပ်စွာ ရေးသားဖော်ပြမှု ပြုခဲ့ရာ အချို့သော ဂျာနယ်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်သော အရေးအသားများကို ဖော်ပြခဲ့ကြ၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ လိုအပ်သလို ဆက်လက် သုံးသပ်ဆောင်ရွက်ရန် အဆိုပါ ဖော်ပြချက်များနှင့် တကွ ပေးပို့ခြင်း များ ဆောင်ရွက်လျက်ရှိပါသည်။
၂။ သူရိယနေဝန်းဂျာနယ်သည် (၂၆-၁၀-၂၀၁၃)ရက်မှ စတင်ထုတ်ဝေလျက်ရှိရာ ယခုအခါ အတွဲ(၁)၊ အမှတ်(၇)အထိ ဂျာနယ်(၇)စောင် ထွက်ရှိခဲ့ပါသည်။ ထွက်သမျှ ဂျာနယ်အားလုံးတွင် ပါရှိသည့် အရေးအသား များမှာ သတင်းဂျာနယ်တစ်စောင်၏ အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများနှင့် လက်ရှိ အစိုးရအား ထိခိုက်စေသည့် ရေးသားဖော်ပြချက်များကို တွေ့ရှိရပါသည်။ အဆိုပါဂျာနယ်တွင် ရေးသား ဖော်ပြချက်များနှင့် ပက်သက်၍ စာပေလောကသားများကလည်း ဂျာနယ်ပါရေးသားဖော်ပြမှုများသည် စာနယ်ဇင်း ကျင့်ဝတ်များနှင့် မညီကြောင်း၊ အဝါရောင်စာပေဖြစ်ကြောင်း၊ အမုန်းစကား(Hate Speech) များဖြစ်ကြောင်းကို ဂျာနယ်များနှင့် ပြင်ပလောကတွင် ရေးသား ပြောဆိုလာကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါဂျာနယ်၏ CEO ဖြစ်သူ ဦးမိုးဟိန်း ကိုယ်တိုင်က (၅-၁၁-၂၀၁၃)ရက်နေ့ထုတ် မော်နီတာဂျာနယ် အတွဲ(၂)၊ အမှတ်(၇၉)တွင် ပါရှိသည့် သတင်းထောက်စောဖိုးခွားနှင့် ကိုမိုးဟိန်း အင်တာဗျူး၌ သူရိယ အလင်းနှင့် သူရိယနေဝန်း ဂျာနယ်၌ ရေးသား မှုများသည် စာနယ်ဇင်းကျင့်ဝတ်ကို ဘေးဖယ်ထားကြောင်း ဝန်ခံ ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။
၃။ ထို့ပြင် သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူ ဦးခင်အေးသည် ဂျာနယ်လျှောက်ထားစဉ်က ဂျာနယ်ထုတ် ဝေရာတွင် လိုက်နာကျင့်သုံးရန် စံနှုန်းထားများဖြစ်သော “တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးကို ပျက်ပြားစေရန်၊ ဆူပူအကြမ်းဖက်မှု များ ဖြစ်ပွားပေါ်ပေါက်စေရန် လှုံ့ဆော်ရေးသားသော ထုတ်ဝေစာများ၊ သိမ်ဖျင်းရုန့်ရင်းသော စကားအသုံးအနှုန်းများ၊ မနာလိုသော မစ္ဆရိယစိတ်ဖြင့် စွပ်စွဲခြင်းများ၊ မမှန်ကန်သော အသရေ ပျက်စေသော ကြေညာ ချက်များအားထုတ်ဝေ ခြင်းမပြုပါ” ဟုလည်းကောင်း၊ စာနယ်ဇင်းကောင်စီက ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပါမည်ဟုလည်းကောင်း၊ ဝန်ခံလက်မှတ်ရေးထိုးခဲ့ပါသည် (နောက်ဆက်တွဲ-က)။
၄။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က (၁၃-၁၂-၂၀၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာနယ်ဇင်းကျင့်ဝတ်အမှတ်စဉ်(၇)ပါ “သတင်းရေးသားရာတွင် ရေးသားသူ၏ အာဘော် လုံးဝ မပါဝင်စေရ ၊ ဘက်လိုက် ရေးသားခြင်းမပြုရ” နှင့် အမှတ်စဉ်(၈)ပါ “ အများပြည်သူ အကျိုးစီးပွား အတွက် ရေးသင့် ရေးထိုက်သည်မှ အပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား ၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများ ရှောင်ကြဉ်ရမည် ” တို့ကိုလည်း ဖောက်ဖျက်ရေးသားလျက်ရှိကြောင်း တွေ့ရှိရပါသည် (နောက်ဆက်တွဲ-ခ)။
၅။ သို့ဖြစ်ပါ၍ သူရိယနေဝန်းဂျာနယ်၏ စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်၍ ရေးသားဖော်ပြ နေခြင်း အပေါ် စာနယ်ဇင်းကောင်စီအနေဖြင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ပါရန် သူရိယနေဝန်း ဂျာနယ် အတွဲ(၁)၊ အမှတ်(၁)မှ (၇)အထိ (၇)စောင်နှင့်အတူ ပူးတွဲပေးပို့ပါသည်။


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...