Ads (728x90)

မြန်မာပြည်တောင်ပိုင်းမြန်မာ့ပင်လယ်ပြင်တစ်နေရာ......
          မိုးကုတ်စက်ဝိုင်းအနားက နေရောင်ရောင်အောင်တွင် တဖြတ်ဖြတ်ပြေးနေသော လှိုင်းကြပ်ခွပ်လေးများကား  နေရောင်ကိုပြန်ဟပ်လျက်
ပင်လယ်တစ်ခွင်လုံး ရွှေရောင်တောက်လျက်ရှိသည်။ ပင်လေအေးများကလဲ တိုးဝှေ့ညင်သာစွာ တိုက်ခတ်လျက် ချယ်သ၍မရနိုင်သော ပန်းချီ
ကားတချပ်ကဲ့သို့ အစွမ်းကုန်လှပလျက်ရှိသည်။ ထိုကဲ့သို့လှပသော ရှုခင်းအား ထပ်မံဖြည့်တင်းပေးနေသည်ကား လှိုင်းများပေါ်တွင် လှိုင်းခေါင်း
များကို ထိုးခွဲ၍ မောင်းနှင့်နေသော တပ်မတော်(ရေ)၏ မျိုးဆက်သစ် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်တစ်စီးပင်ဖြစ်သည်။ သေချာကြည့်မည်
ဆိုလျှင်တော့ ထိုရေယာဉ်၏ဦးပိုင်းတွင်ရပ်နေသော လူနှစ်ဦးကိုတွေ့ရပေမည်။ ပင်လယ်လေစားထားသဖြင့် ကြေးနိရောင်ထနေလေသောအသား
အရေပိုင်ရှင်ထိုနှစ်ဦးမှာကား ပင်လယ်ပြင်ကြယ်ကြီးကိုငေးလျက်သာရှိသည်။
         “ ဖက်တီး ဖက်တီး ဟေ့ကောင်ဖက်တီး”
         “ ဟေ ဟေ ဟေ”
         “ ဘာတွေတွေးနေတာတုန်းဟ ခေါ်မကြားအော်မကြားနဲ့”
         “ ဒီလိုပါပဲ ထက်ကြီးရာ”
         “ ဘာဒီလိုပါပဲတုန်း မင်းအကြောင်းငါကောင်းကောင်းသိတယ်။ ဘာဖြစ်နေတာတုန်း။ ဒီနေရာက GPS Marking ပေးထားရအောင် ဘာတွေ
           ထူးနေလို့တုန်းဟ”
         “ အော်.. မင်းကြည့်ရတာ အဲဒါကိုမေးချင်နေတယ်နဲ့တူတယ်။ ပြောပြဘူးကွာ သတ်ချင်သတ် ”
         “ အေးပေးလေး ဈေးလာကိုင်နေသေးတယ်။ မင်းအကြိုက် Blue Label လက်ဆောင်ပေးထားတယ်လေကွာ”
         “ အေးပါကွာပြောပြပါ့မယ်။ လောလောဆယ်တော့ မပြောသေးဘူး။ ခဏနေနားတော့မှပြောမယ်”
         “ ဟေ နားမှာလား...။ မနက်ဖြန် မနက်စောစောရောက်မှရမှာနော်ဟေ့ကောင်”
         “ ဟေ့ကောင် ရေယာဉ်ကြုံက ရေယာဉ်ကြုံလိုနေစမ်း။ ခုနေပြူးပြဲမောင်းနေတော့ဘာထူးမှာလဲ။ မနက်(၂)ရီလောက်မှထွက်မယ်။ အဲဒီအချိန်
           ကြရင် မှောင်ခိုလှေတွေဝင်တတ်တယ်။ တစ်ခါထဲဖမ်းသွားနိုင်ရင် မင်းဆရာအသစ်အတွက် မျက်နှာပန်းလှတာပေါ့ကွာ။ ဟုတ်ဘူးလား”
         “ အေးပေါ့ကွာ ပြောထားဦးပေါ့။ ဟိုရောက်မှ တောင်ပြေးလိုက်မြောက်ပြေးလိုက်ဖြစ်အောင်မောင်းပေးဦးမယ်ဟဟ”
         “ ကြောက်ပါတယ် ဒုစခန်းမှူးကြီးရယ်။ ကြောက်ပါတယ်”
          “ ဟားဟားဟား”
         နှစ်ယောက်လုံးက စစ်သက်ရင့်ဗိုလ်မှူးများဖြစ်ကြသော်လည်း တစ်ပတ်စဉ်ထဲ သူငယ်ချင်းများပီပီ အခြင်းခြင်းနောက်ပြောင်ရီမောလျက်ရှိ
နေသည်ကား ဗိုလ်မှူး မိုးယံထက်နှင့် ထက်ဝေယံ။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ရေပြင်တွင်တာဝန်ထမ်းဆောင်ရန်အတွက် တာဝန်ကျသဖြင့်
ထွက်ခွာစဉ် ထိုနယ်မြေရှိ ရှေ့တန်းအခြေစိုက်စခန်းသို့ ပြောင်းရွှေ့ရမည့် ထက်ဝေယံက ရေယာဉ်ကြုံလိုက်လာခြင်းဖြစ်ရာ စစ်ရေယာဉ်၏ ရေယာဉ်
မှူး မိုးယံထက်က စနောက်နေခြင်းပင်ဖြစ်သည်။ ရန်ကုန်မှ တောက်လျှောက်မောင်းလာခဲ့သည်ဖြစ်ရာ အင်ဂျင်များ အပူချိန်လွန်စွာမြင့်နေပြီဖြစ်သ
ဖြင့် အနားပေးရင်းနှင့် နံနက်အစောပိုင်း ၀င်ရောက်လာတတ်သော မှောင်ခိုလှေများအား ဖမ်းဆီးနိုင်ရေးပါတစ်ခါထဲဆောင်ရွက်နိုင်ရန် တစ်ချက်ခုတ်
နှစ်ချက်ပြတ်ကြံလိုက်ခြင်းပင်ဖြစ်သည်။ ခဏကြာတော့ ထက်ဝေယံမှာ နားနေခန်းထဲဝင်သွားပြီး မိုးယံထက်မှာ ပဲ့စင်သို့တက်ရောက်သွားလေတော့
သည်။
     “ Captain on Deck”
     “ အေးစေ. ညီလေး ဘာထူးလဲ”
     “ မထူးပါဘူး စီအို စီအိုပြောထားတဲ့ ပွိုင့်နဲ့တော့ ၅မိုင်လောက်ကွာသွားပါပြီ။”
     “ အော်အေးဟုတ်ပြီး ကျောက်ချလို့ကောင်းမယ့်နေရာရှာကွာ. နားရအောင်။ (၂)နာရီလောက်မှပြန်ထွက်တာပေါ့”
     “ ဟုတ်ကဲ့စီအို.. ဒါနဲ့လေ ပွိုင့်က...... ”
     “ ဟားဟား ညီလဲသိချင်နေတယ်နဲ့တူတယ်။ အေးပြောပြမယ်လေ ကျောက်ချပြီးရင် အ၀တ်အစားလဲပြီး Ward Roomထဲလာခဲ့....။”
     “ ဟုတ်ကဲ့ စီအို..။ စီအိုမောင်းမှာလား စီအို”
     “ ရပါတယ် ညီပဲဆက်လုပ်လိုက်ပါ။ ညီနဲ့ တွဲလာတာ ကိုယ်(၂)ပွင့် ဘ၀ကတည်းကပဲကို ခုဟာနဲ့ဆို(၃)စီးရှိပြီပဲ ကိုညီ့ကိုယုံပါတယ်”
     “ ဟုတ်ကဲ့စီအို ဆက်လုပ်လိုက်ပါ့မယ်”
          ခဏနေတော့ လေကွယ်လှိုင်းကွယ်ရသော အော်တစ်ခုတွင် ကျောက်ချ၍ ရေယာဉ်ရပ်နားပါလေတော့သည်။ နားနေခန်း(Ward Room)
အတွင်းတွင်တော့ ဗိုလ်မှူး မိုးယံထက်နှင့်ထက်ဝေယံတို့နှစ်ယောက်မှာကား ငယ်စဉ်ကအကြောင်းများကို ပြန်ပြောရင် ရယ်မောနေကြလေသည်။
သူတို့နှစ်ယောက်က အရပ်အနိမ့်အမြင့်သာကွာပြီး မျက်နှာပေါက် ခန္ဓာကိုယ် တစ်ပုံစံထဲမလို့ အမြွာတွေလားလို့ အထင်ခံရတာ ခဏခဏပင်.....
နာမည်ခြင်းကလဲ ခပ်ဆင်ဆင်ကိုး။ နာမည်များက လေပေါ်ကမကျ ကောင်းကင်ပေါ်တွေကြီးပဲမလို့ တစ်ပတ်စဉ်ထဲ သူငယ်ချင်းများက လေညီနောင်
လို့ခေါ်သည်လေ.။ နှစ်ယောက်လုံးကလဲ စကားကခပ်များများ ဟာသပတ်လုပ်နေကြလေ့ရှိသည်လေ။ ထိုစဉ် အခန်းတံခါးပွင့်သွားပြီး ဒုစစ်ရေယာဉ်
မှူး ဗိုလ်မှူး ဇေယျာကျော် ၀င်လာလေတော့သည်။
      “ လာ ညီ ထိုင်”
      “ စီအို ထမင်းစားတော့မလား Pentry လာမေးနေလို့”
      “ မစားတော့ဘူးကွာ ကို ဒီည သောက်မလို့”
      “ ဟေ့ကောင် တာဝန်ချိန်ကြီး မနက်လဲစောစောထထွက်ဦးမှာမလား”
      “ ရပါတယ်ကွာ တစ်ခွက် နှစ်ခွက် စကားပြောကောင်းယုံလောက်ပါပဲဟ။ ညီလေး Gallery ကိုကိုယ်ယူလာတဲ့ ၀က်အူချောင်းကြော်ခိုင်လိုက်ကွာ
        ပြီးတော့ သီဟိုဠ်စေ့လဲပါတယ် ကြော်ခိုင်းလိုက် ပြီးရင် ကြက်ဥမွှေကြော်လေးရယ် စွန်တန်ဟင်းချိုလေးရယ်ပါလုပ်ခိုင်းလိုက်။ ညီရောဘာစား
       မလဲ လုပ်ခိုင်းလိုက်လေ။ မင်းလည်း နည်းနည်းပါးပါးလုပ်ဦးလေ”
     “ ရတယ်စီအို..။ ကျွန်တော်မသောက်တော့ဘူး။ အအေးပဲသောက်မယ်။ စီအိုနည်းနည်းအကြောင်း ကျွန်တော်သိလို့”
     “ ဟားဟား မင်းက ဖန်ချက်က ဆိုင်မှာသောက်တာ မမေ့သေးဘူးကိုး။ အဲတုန်းကလောက် မသောက်တော့ပါဘူးကွ”
     “ ဘယ်မေ့မလဲ စီအိုရာ ကျွန်တော့်တစ်သက် အများဆုံးသောက်မိတဲ့နေ့ကို..အဟီး”
     “ အေးပါကွာ ဟားဟားဟား”
     နာရီဝက်ခဲ့အကြာတွင်တော့ ထမင်းချက်အဖွဲ့လက်စွမ်းပြထားသော ဟင်းလျာများနှင့် အရက်ဝိုင်းကစလေပြီ။ ဗိုလ်မှူးထက်ဝေယံ အတွေးထဲမှာ
တော့ ဒီကောင် အလုပ်ချိန်တခါမှမသောက်ဖူးပါဘူး ဟုတွေးရင် သူငယ်ချင်းကို အကဲခတ်နေလေသည်။ ထို့အတူ ဒုစစ်ရေယာဉ်မှူး၏ မျက်နှာမှာလဲ
ဝေခွဲမရဟန်နှင့်။ ဒုတိယတစ်ခွက်ကုန်သွားချိန်တွင်တော့
     “ မင်းတို့က ငါမှတ်ထားတဲ့ ပွိုင့် အကြောင်းသိချင်နေကြတယ်ဆိုပါတော့။ ဒီလိုကွ ညီမှတ်မိမလားမသိဘူး ဂေါ်ပြားကြီးက ပြောင်းသွားပြီး ကိုဒီ
ဂွင်မှာပဲ စစ်ဆင်ရေးဝင်ရတယ်လေကွာ အဲတုန်းကဖြစ်ခဲ့တာကွ။ သုံးပွင့် တင်ခါစလေးပေါ့ကွာ..။”
       ဗိုလ်မှူးမိုးယံထက်၏ မျက်နှာကား ညို့မှိုင်းလျက် စိတ်အစဉ်ကတော့ အတိတ်ဆီသို့....။
===================================================================================
အချို့တွေနားမလည်ဘူး ဖြစ်နေမှာဆိုးလို့ပါ Pentry ဆိုတာက ကြည်းတပ်အခေါ်ဆိုရင်တော့ ဘက်မန်းပေါ့။ Gallery ဆိုတာ မီးဖိုချောင်ကို ရေတပ်
ဝေါဟာရနဲ့ခေါ်တာ ဂေါ်ပြားဆိုတာက ကမ်းထိုးရေယာဉ်တွေကို ရေတပ်ထဲမှာ ခေါ်တဲ့ နစ်နိမ်း.။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...