Ads (728x90)




ဒီနေ့ ဒီအချိန်ကို စောင့်နေခဲ့တာ ကြာပါပြီ။ မြန်မာဟေ့လို့
ကျွေးကြော်ချင်ခဲ့တယ်။ ပရီးမီးယား ချန်ပီယံလိဂ် ယူရိုနဲ့ ကမ္ဘာဖလားတွေ
ကြည့်တိုင်း ကိုယ့်မြန်မာအသင်းကို အားမရခဲ့တာ ကြာပါပြီ။ မြန်မာအသင်းဟာ
အရှေ့တောင်အာရှမှာတောင် ကျားအဆင့် ကော်ကောင်အဆင့်မရှိတော့တာ ကြာပါပြီ။
ဒီနေ့ မြန်မာပြန်လာခဲ့ပြီ ကျွန်တော်စောင့်နေတဲ့နေ့ တစ်နည်းအားဖြင့်
ကျွန်တော်တို့ မြန်မာပြည်သားအားလုံးမျှော်လင့်နေတဲ့နေ့
တစ်နေ့ရောက်လာပါပြီ အာရှ ယူ-၂၀ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီ။
ကိုယ့်အိမ်ကွင်းမှာမို့လို့ဆိုပေမယ့် မြန်မာအသင်းဟာ
ကိုယ့်ထက်ခြေစွမ်းသာတဲ့ အသင်းအများစုပါဝင်တဲ့ အုပ်စုမှာ ရှုံးပွဲမရှိပဲ
နိုင်ခဲ့ပါတယ်။ ဒီခြေစစ်ပွဲမှာ မြန်မာအသင်းရလိုက်တာတွေက
နည်းတာမဟုတ်ပါဘူး။ သိကြတဲ့အတိုင်း မြန်မာအသင်းဟာ
စည်းကမ်းလိုက်နာမှုအပိုင်း အားနည်းပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင်လို
မဟုတ်ပဲ စည်းကမ်းလိုက်နာမှုအပိုင်း တော်တော်လေးတိုးတက်လာတာကို တွေ့ရတယ်။
ဒါအပြင် ကြိုးစားမှုအပိုင်းနဲ့ စည်းလုံးမှုအပိုင်းမှာလဲ အရင်ကနဲ့ ယှဉ်ရင်
မိုးနဲ့မြေကွာခြားသလိုကွာခြားလာခဲ့ပါတယ်။ မြန်မာကစားသမားတွေဟာ
နည်းစနစ်သိပ်နိုင်နင်းကြသူတွေမဟုတ်ကြပေမယ့် ဒီတစ်ခေါက်ပြိုင်ပွဲမှာ
အထူးကြိုးစား ကစားသွားတာတွေ့ရတော့ ပီတိဖြစ်ရတာလဲ အမှန်ပဲ။ ဒိုင်ကို
ရုပ်ပျက်ဆင်းပျက် စောဒကတက်တာတွေလဲ မတွေ့ရတော့ပါဘူး။
နောက်ထပ်ဝမ်းသာစရာတစ်ခုက မျိုးဆက်သစ်တွေ ထွက်ပေါ်လာဖို့ လမ်းစကို
ရေးရေးလေးမဟုတ် ကွက်ကွက်ကွင်းကွင်းကို မြင်ခဲ့ရပါတယ်။ မြန်မာအသင်းမှာ
အားအနည်းဆုံးနေရာကို ပြပါဆိုရင် တိုက်စစ်ကိုပြရမယ်လို့ပဲ
ကျွန်တော်ထင်တယ်။ ခံစစ်ကတော့ အကောင်းဆုံးမဟုတ်တောင် အသင့်အတင့်နဲ့
တခြားအသင်းတွေကို အမြဲတမ်းယှဉ်နိုင်ခဲ့တာကို ဟိုးအရင်ကတည်းက
သတိထားမိကြမှာပါ။ ဒီတစ်ခေါက်ပြိုင်ပွဲမှာ ပိုထင်ရှားလာတာက
ကျော်ကိုကိုဆိုပေမယ့် နောက်ထပ် ရှေ့တန်းကျောက်ရိုင်းတစ်ပွင့်ဖြစ်တဲ့
ကောင်းစည်သူကိုလဲ တွေ့ခဲ့ရပါတယ်။ မလေးရှားနဲ့ပွဲမှာ ကောင်းစည်သူရဲ့
ဂိုးသွင်းတိကျမှုနဲ့ ဂိုးလာဘ်မြင်မှုတွေကို စာဖတ်သူတို့ တွေ့ရမှာပါ။ သူဟာ
ကျော်ကိုကိုလောက် မကောင်းဘူးဆိုရင်တောင်မှ
ခြေစွမ်းသိပ်ကွာလှတာမဟုတ်ပါဘူးလို့ ကျွန်တော်ကတော့ မြင်တာပဲ။
နောက်ထပ်ကစားသမားတွေဖြစ်တဲ့ သိန်းသန်းဝင်း ကျော်ဇင်ဖြိုးနဲ့
ကြည်လင်းတို့ကလဲ ဒီခြေစစ်ပွဲမှာ ပိုပြီးအရောင်တက်ခဲ့တယ်လို့ ဆိုရင်
မမှားပါဘူး။ လူကောင်သေးပေမယ့် တကွင်းလုံး မနားတမ်းပြေးလွှားကစားနေတဲ့
ကြည်လင်းဟာ နောင်တစ်ချိန်မှာ လက်ရွေးစင်အသင်းကြီးကို
အထောက်အကူပြုမှာကတော့ အသေအချာပါပဲ။ ကိုရီးယားနဲ့ပွဲ မလေးရှားနဲ့ပွဲတွေမှာ
လက်စွမ်းပြခဲ့တဲ့ ကျော်ဇင်ဖြိုးဟာလည်း
လက်ရွေးစင်အသင်းကြီးကစားသမားဖြစ်ထိုက်ပါတယ်။ နောက်တစ်ခုကတော့
မြန်မာအသင်းဟာ မှန်ကန်တဲ့ နည်းပြနဲ့တွေ့ခဲ့တာကလည်း ကံကောင်းမှုတစ်ခုလို့
ဆိုရမလားပဲ။ လူကောင်သေးတဲ့ မြန်မာကစားသမားတွေကို အတိုပေးလေးတွေနဲ့
ကစားခိုင်းတာဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူနိုင်ရုံမျှမကပဲ
မြန်မာအသင်းရဲ့တိုက်စစ်ကစားသမားတွေနဲ့ အလယ်တန်းကစားသမားတွေကြား
နားလည်မှုပိုရှိစေခဲ့တာက ခြေစစ်ပွဲအောင်မြင်စေခဲ့ခြင်းရဲ့
အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဒီကစားကွက်ရဲ့
အားသာချက်ကိုပေါ်လွင်စေခဲ့တာက မလေးရှားနဲ့ပွဲမှာဖြစ်ပြီး
ဒီကစားကွက်ကြောင့်ပဲ ကိုရီးယားကို သရေကျစေခဲ့တာပါ။ အချိန်ဆွဲတာတွေ မလိုပဲ
ဘောလုံးအပျက်ခံတာတွေ မလိုအပ်ပဲ ပျာယာခတ်နေတာတွေ လျော့နည်းလာတာဟာလဲ
ကောင်းတဲ့အချက်ပဲ တစ်ခုဖြစ်ပါတယ်။ ၅-၄-၁ ရဲ့အားသာချက်အတိုင်း
တန်ပြန်တိုက်စစ်တွေဟာ မြန်မာအသင်းကိုပွဲတိုင်း အလုပ်ဖြစ်စေပါတယ်။
တိုက်စစ်မှုးကောင်းရှားပါးတဲ့အချက်ကို သတိပြုမိတဲ့ နည်းပြကြီးရဲ့
တိုက်စစ်မှုးချွေတာရေးကတော့ လက်ဖျားခါလောက်ပါတယ်။ ဘောလုံးကို
ကိုယ့်ဧရိယာဘက်မှာ ရအောင်ယူ နောက်မှအတိုပေးတွေနဲ့ ရှေ့တက်
နောက်ဆုံးတိုက်စစ်မှုးနဲ့ အဆုံးသတ်။ ရိုးရိုးလေးနဲ့ ကောင်းတဲ့ ဒီကစားဟန်ဟာ
မြန်မာအသင်းနဲ့ အံဝင်ဂွင်ကျမှုအရှိဆုံးပါပဲ။ နောက်ထပ်သတိပြုမိတာကတော့
ဘောလုံးကွင်းပါ။ မြန်မာကွင်းဟာ အရင်ကဆို မိုးအရမ်းရွာရင်
ဗွက်ပေါက်ရုံမျှမက မြေသားတွေတောင်ပေါ်နေတတ်ပေမယ့် ခုတစ်ခေါက်မှာတော့
အကောင်းဆုံး အနေအထားမှာရှိနေခဲ့ပါတယ်။
ဒါ့ကြောင့်မြန်မာဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ရမှာဖြစ်ပြီး ယခု
ယူ-၂၂ရဲ့အောင်မြင်မှုဟာ ၂၀၁၃ ဆီးဂိမ်းမှာ
တံဆိပ်တစ်ခုမှန်းနိုင်လောက်တဲ့အထိ ကျေနပ်စရာကောင်းနေပါတယ်။
ကိုယ့်မြေကိုယ့်ကွင်းမှာ ကစားရမယ့် ၂၀၁၃အတွက် မျှော်လင့်ချက်တွေ
အများကြီးထားနိုင်လာလို့လဲ အတိုင်းမသိဝမ်းသာရပါတယ်။ အခုဆိုရင်
မြန်မာဘောလုံးလောကဟာ ပရိုစနစ်နဲ့ နှစ်ပါးသွားနေခဲ့တာလဲ
နှစ်အတော်ကြာပါပြီ။ လက်ရှိယူ-၂၂နှစ်ကစားသမားလေးတွေဟာ ပရိုစနစ်က
ဖူးပွင့်လာတဲ့ပန်းလေးတွေပါ။ အခုဆိုရင် ထိုပန်းလေးတွေဟာ
လန်းလာပြီဖြစ်တဲ့အတွက် အစွမ်းကုန် မွှေးပျံ့ကြဖို့ ကျွန်တော်တို့
ဆက်လက်မျှော်လင့်ကြပါစို့။

--
Your lovingly Fri

Ya Wai (Paing Soe Thu)

http://yawaitun.blogspot.com/

https://twitter.com/#!/mcyawai

http://www.facebook.com/ya.wai1

http://www.facebook.com/pages/The-People-who-Like-Our-President


မှန်တာကို ပြောသူသည် ဒီမိုကရေစီ ဘက်တော်သားဆိုလျှင် ကျွန်တော် ဒီမိုကရေစီ
ဘက်တော်သားဖြစ်သည်။ အကယ်၍ မှန်တာကို ပြောသူသည် စစ်ခွေးဟု ဆိုပါက
ကျွန်တော်သည် စစ်ခွေးတစ်ကောင် မျှသာ ဖြစ်ပေလိမ့်မည်။



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...