Ads (728x90)


ထူးကုမ္ပဏီများအုပ်စုနှင့် ထူးဖောင်ဒေးရှင်းတို့မှ အဓိက စပွန်ဆာ ပေးအပ်ခဲ့သည့် မြန်မာတောင်တက်သမား(၃)ဦး၏ ကမ္ဘာ့အမြင့်ဆုံးတောင်ထွဋ်ဖြစ်သော ဧ၀ရတ်တောင်ထိပ်သို့ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်မည့် တောင်တက်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းမီဒီယာ ရှင်းလင်းပွဲအား ယနေ့ မတ်လ (၂၄)ရက်နေ့၊ နံနက် (၁၀)နာရီတွင် ရန်ကုန်ယူနိုက်တက် အားကစားကွင်း၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စပွန်ဆာ ပေးခဲ့ကြသည့် ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ထူးကုမ္မဏီများအုပ်စုမှ တာဝန်ရှိသူများ၊ AGD Bank ၊ Htoo Housing & Property Development နှင့် Yangon Air Port Group မှ တာဝန်ရှိသူများ၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ TCCM(Technical Climbing Club of Myanmar) မှ တာဝန်ရှိသူများ၊ တောင်တက်သမားများနှင့် ဖိတ်ကြားထားသည့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးမှ မြန်မာနိုင်ငံသား (၃)ဦး၏ ဧ၀ရတ်တောင်တက် ခရီးစဉ်ကို ပံ့ပိုးကူညီရသည့် အကြောင်းရင်းကို ယခုလို ပြောကြားခဲ့ပါသည်။
“ထူးဖောင်ဒေးရှင်းရဲ့ နာယက၊ ထူးကုမ္ပဏီများအုပ်စုရဲ့ ဥက္ကဌ လည်းဖြစ်တဲ့ ဦးတေဇဟာ မြန်မာနိုင်ငံခြေလျင်နဲ့ တောင်တက်အသင်းရဲ့ နာယကတစ်ဦးလည်း ဖြစ်ပါတယ်။ ဦးတေဇက မြန်မာနိုင်ငံသားများ လုံးဝခြေချနိုင်ခြင်း မရှိသေးတဲ့ ဧ၀ရတ်တောင်ထိပ်ပေါ်မှာ မြန်မာ့အလံ ဂုဏ်ယူစွာ စိုက်ထူပြီး မြန်မာနိုင်ငံသားတွေရဲ့ အစွမ်းအစကို ကမ္ဘာက သိစေလိုခြင်းဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ မြန်မာတောင်တက်သမား (၃)ဦးရဲ့ ခရီးစဉ်ကို ကူညီပံ့ပိုးရခြင်း ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ရာဇ၀င်တွင်မယ့် ခရီးစဉ် တစ်ခုကို ကူညီပံ့ပိုးခြင်းလည်း ဖြစ်ပါတယ်။ အဟန့်အတားမျိုးစုံ၊ အခက်အခဲမျိုးစုံကို ကျော်လွှားပြီးတော့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓါတ်ကို ကမ္ဘာသိ ပြုလုပ်မယ့် ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ တောင်တက် သမားတွေက ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ ခက်ခဲမှုတွေ၊ ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိမ်းသိမ်းစောင့်ရှောက်မှုတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို မြန်မာနိုင်ငံ ပြန်လာတဲ့အခါမှာ မျှဝေမှာ ဖြစ်ပါတယ်၊ အဲဒီအချက်တွေကြောင့် ဒီတောင်တက်ခရီးစဉ်ကြီးကို ကျွန်တော်တို့အနေနဲ့ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။”
ဦးပေါ်မြင့်ဦး ပြောကြားမှု အပြီးတွင် အခမ်းအနား အစီအစဉ်အရ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်သို့ စွန့်စွန့်စားစား တက်ရောက်ကြမည့် မြန်မာတောင်တက်သမား (၃)ဦးကို ကြွရောက်လာကြသည့် ပရိတ်သတ်များ၊ သတင်းမီဒီယာများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပါသည်။
ထို့နောက် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်ကြမည့် တောင်တက်သမားများထဲမှ တောင်တက်သမား တစ်ဦးဖြစ်သော ကိုညီညီအောင်မှ ခရီးစဉ် စတင်မည့်ရက်ကို ယခုလို ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ တရားဝင် တောင်တက်ခရီးစဉ် စတင်မှာက မတ်လ (၂၉)ရက်နေ့ဖြစ်ပါတယ်။ ခရီးစဉ်ပြီးဆုံးမည့်နေ့ကို ဇွန် လ (၁)ရက်နေ့မှ (၃)ရက်နေ့ အတွင်းလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ ရန်ကုန်ကနေ မတ်လ(၂၆)ရက်နေ့မှာ နီပေါနိုင်ငံ ခတ်မန်ဒူကို ထွက်ခွာပါမယ်။ ဒီခရီးအတွက် လွန်ခဲ့တဲ့ (၃)လကတည်းက နီပေါကို သွားရောက်ပြီး တောင်တက် ကိရိယာများကို ပြင်ဆင်ခဲ့ပါတယ်။ အခု တက်မယ့် ကျွန်တော်တို့ သုံးယောက်လုံး တောင်တက်အတွေ့အကြုံ (၁၀)နှစ် အထက် ရှိပါတယ်။ ဒီတောင်ကို တက်နိုင်ဖို့ ၂၀၁၃ ခုနှစ်ကတည်းက ပြင်ဆင်ထားခဲ့တာပါ။ လေ့ကျင့်မှု အနေနဲ့လည်း (၆)လခန့် အချိန်ယူ လေ့ကျင့်ထားပါတယ်” ဟု ကိုညီညီအောင်က ဆိုခဲ့သည်။
အဆိုပါတောင်တက်ခရီးစဉ်နှင့် ပတ်သက်၍ ကုန်ကျစားရိတ် မည်မျှရှိမည်ကို သတင်းမီဒီယာသမား တစ်ဦးမှ မေးမြန်းခဲ့ရာ ကိုညီညီအောင်မှ …“ကျွန်တော်တို့ (၃)ယောက်အတွက် ကုန်ကျစားရိတ်က အမေရိကန်ဒေါ်လာ (၁)သိန်း ငါးထောင် ဖြစ်ပါတယ်။ ဒါတွေအားလုံးအပြင် အခြား ကုန်ကျစရိတ်တွေကိုလည်း ထူးကုမ္ပဏီနဲ့ ထူးဖောင်ဒေးရှင်းတို့က အလုံးစုံ ပံ့ပိုးကူညီပေး ထားပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
ထူးကုမ္ပဏီများအုပ်စုနှင့်ထူးဖောင်ဒေးရှင်း အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံအလံအား ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွင် မြန်မာတောင်တက်သမား လူငယ်(၃)ဦးမှ စိုက်ထူမည့် ခရီးစဉ်အတွက် အဓိက ကူညီပံ့ပိုးပေးခွင့် ရသဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဖော်ပြအပ်ပါသည်။
လာမည့် အနာဂါတ်တွင်လည်း ထူးကုမ္ပဏီများအုပ်စု၊ ထူးဖောင်ဒေးရှင်းနှင့် ထူးကုမ္ပဏီ၏ အခြား မိသားစု ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံအ၀ှမ်း လက်ရှိလုပ်ဆောင်လျက် ရှိသော ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး လုပ်ငန်းများ အပြင် တောင်တက်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြား မြန်မာ့အားကစား အောင်မြင်ရေး လုပ်ငန်းများကိုပါ တတ်နိုင်သည့်ဘက်မှ စွမ်းနိုင်သမျှ ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း
ပြောကြားအပ်ပါသည်။
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်မည့် တောင်တက်သမား (၃)ဦးမှာ မြန်မာနိုင်ငံတွင် Rock Climbing တောင်တက်အားကစားကို ဖွံ့ဖြိုးလာအောင် စွမ်းဆောင်နေသည့် တစ်ခုတည်းသော ကလပ်ဖြစ်သော TCCM(Technical Climbing Club of Myanmar) မှ ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနှင့် ကိုညီညီအောင်တို့ ဖြစ်ကြပါသည်။
(၁) ကိုပြည့်ဖြိုးအောင်
၂၀၀၅ ခုနှစ်တွင် ရေခဲတောင်များ စတင် တက်ရောက်ခဲ့ပါသည်။ တက်ရောက်ခဲ့သည့် ရေခဲတောင်များမှာ မဒွယ်၊ ဖုန်ဂမ်၊ စာရာမေတိ၊ ဂမ်လန်ရာဇီ၊ ဖုန်ရင်တို့ ဖြစ်သည်။
(၂) ကိုညီညီအောင်
၂၀၀၅ ခုနှစ်တွင် ရေခဲတောင်များကို စတင် တက်ရောက်ခဲ့ပါသည်။ တက်ရောက်ခဲ့သည့် ရေခဲတောင်များမှာ မဒွယ်၊ ဖုန်ဂမ်၊ စာရာမေတိ၊ ၀ိတိုရိယ၊လန်ခရမ်အာဒင်တို့ ဖြစ်သည်။
(၃) ကိုဝင်းကိုကို
၂၀၁၀ခုနှစ်တွင် ရေခဲတောင်များကို စတင်တက်ရောက်ခဲ့သည်။ တက်ရောက်ခဲ့သည့် တောင်များမှာ
မဒွယ်၊ ခေါနူဆွမ်၊ ဟာဘာဇူရှန်နှင့် လန်ခရမ်အာဒင်တို့ဖြစ်သည်။


HTOO Group of Companies added 12 new photos.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...