Ads (728x90)


မားကက်စ် ရက်ရှ်ဖို့ဒ်သည် အနာဂတ်တွင် တောက်ပလာမည့်သူ တစ်ဦးဖြစ်သော်လည်း ၎င်း၏အသက် အလွန်ငယ်သေးသည်ကို မမေ့သင့်ဟု ဟွမ်မာတာက သတိပေးခဲ့သည်။

အသက်(၁၈)နှစ်သာ ရှိသေးသည့် အင်္ဂလန် တိုက်စစ်မှူးလေးသည် ၎င်း၏ ကစားသမားဘဝ ပထမဆုံး မန်ချက်စတာ ဒါဘီပွဲစဉ်၌ အစ်တီဟတ်တွင် မန်စီးတီးဘက်သို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ စီနီယာ ကစားသမားများ ဒဏ်ရာရနေချိန်တွင် အကယ်ဒမီအသင်းမှ ပထမအသင်းသို့ ပြောင်းရွှေ့ ကစားပေးခဲ့ရသည့် လူငယ်လေးသည် မထင်မှတ်ဘဲ အကောင်းဆုံး ခြေစွမ်းပြခဲ့သလို (၈)ပွဲတွင် (၅)ဂိုးထိ သွင်းယူထားပြီး ဖြစ်သည်။ ထို့အပြင် ၎င်းသည် ပရီးမီးယားလိဂ်ခေတ် မန်ချက်စတာ ဒါဘီပွဲစဉ်တွင် အသက်အငယ်ဆုံး ဂိုးသွင်းသူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ထိုပွဲတွင် ရက်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်ရန် ဖန်တီးပေးပို့ခဲ့သည့် မာတာက ရက်ရှ်ဖို့ဒ်၏ အလားအလာကောင်းများကို ချီးကျူးခဲ့သော်လည်း လူငယ်တစ်ယောက် တိုးတက်လာစေရန်အတွက် အချိန်ပေးရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ စပိန် ကွင်းလယ်ဖန်တီးရှင်က “ရက်ရှ်ဖို့ဒ်ကတော့ သူဟာ အရည်အချင်း ရှိသူတစ်ယောက်ဆိုတာ ထပ်ပြီး ပြသခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ အားလုံးကလည်း ယုံကြည်ကြတယ်။ ဒါပေမဲ့ သူ့အသက် ငယ်ငယ်လေးပဲ ရှိသေးတာကို သတိရဖို့တော့ လိုပါတယ်။ ပြီးတော့ ပထမအသင်းကို ရောက်လာတာ သိပ်တောင် မကြာသေးဘူး”ဟု ဆိုသည်။

ရက်ရှ်ဖို့ဒ်နည်းတူ ယူနိုက်တက် အကယ်ဒမီမှ ထွက်ပေါ်လာပြီး ပထမအသင်းတွင် ပါဝင်ခွင့် ရနေသည့် ယက်ဆီလင်းဂါ့ဒ်ကလည်း “ရက်ရှ်ဖို့ဒ်လည်း စိတ်အား တက်ကြွနေမှာပါ။ ဒါပေမဲ့ သူ့အနေနဲ့ အောက်ခြေတော့ လွတ်မသွားစေချင်ဘူး။ အခုလည်း သူက အောက်ခြေလွတ်နေတာမျိုး မဟုတ်ပါဘူး။ အဓိကကတော့ ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ကစားသမားဘဝကို အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ သတိထား ပြင်ဆင်သင့်ပါတယ်”ဟု ပြောကြားသွားသည်။

Ref: Sky Sports

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...