Ads (728x90)


ဆိုးသွမ်းပရိသတ်များကြောင့် ယခု မြန်မာအသင်း ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို အိမ်ကွင်းတွင် ကြည့်ရှုခွင့် ဆုံးရှုံးခဲ့ရသည်။ ၂၀၀၉ ခုနှစ်က စတင်ကျင်းပခဲ့သည့် နေရှင်နယ်လိဂ်ကလည်း ခုဆို (၈)နှစ်မြောက်ခဲ့ပြီမို့ လူလားမြောက်လာပြီဟု ဆိုရမည်။ ကနေဦးကာလများက အကြမ်းဖက်မှု အသွင်အထိ ရောက်ခဲ့သည့် ဘောလုံးကွင်း အကြမ်းဖက်မှုများက လျော့သွားသည်ဟု ပြောလို့ရသော်လည်း ပျောက်သွားသည့် အဆင့်အထိတော့ မရောက်သေး။
နိုင်ငံတကာမှာလည်း ဆိုးသွမ်းပရိသတ် ဆိုတာ ရှိသည်။ ဒါပေမယ့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက အဲ့ဒီ လူ့မိုက်ရိုင်းများကို တစ်ဖြည်းဖြည်း ရှုံ့ချကန့်ကွက်ခြင်းများဖြင့် ၎င်းတို့၏ နေရာကို ကျဉ်းမြောင်းစေခဲ့သည်။ ဆိုးသွမ်းရမ်းကားပါက ရဲလုံခြုံရေးများက ဖမ်းဆီးအရေးယူခြင်း၊ အသင်းများက ကိုယ့်အသင်း ပရိသတ်ဖြစ်စေကာမူ တစ်သက်တာ ပွဲကြည့်ခွင့် ပိတ်ပင်ခြင်းစသည့် အရေးယူခြင်းမျိုးဖြင့် ဘောလုံးကွင်း အကြမ်းဖက်မှုကို ထိန်းချုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံမှာလည်း ဘောလုံးကွင်းအတွင်းလာ၍ ဆဲဆိုရမ်းကားခြင်း၊ အရာဝတ္တုများဖြင့် ပစ်ပေါက်သည့် လူ့မိုက်ရိုင်းများကို ပြတ်ပြတ်သားသား အရေးယူစေချင်ပါသည်။ ဘောလုံးကွင်းသည် မိမိ မကျေနပ်ချက်များကို လာရောက် ပေါက်ကွဲဆဲဆိုသည့် နေရာမဟုတ်ပါ။ အားကစားပွဲတစ်ခုကို နှစ်ဖက် ပရိသတ်များ သန့်သန့်ရှင်းရှင်း အပြိုင်အားပေးရင်း ရသပေါင်းစုံကို ခံစားရသည့် နေရာဖြစ်သည်။
ထိုနေရာတွင် သက်ကြီးရွယ်အိုများ၊ မိန်းမပျိုများအပြင် ကလေးငယ်များပါရှိသည်။ မိုက်ရိုင်းရမ်းကားသည့် ဆိုးသွမ်းပရိတ်သက်များကို အားလုံးက၀ိုင်းဝန်း ရှုံ့ချခြင်း၊ လုံခြုံရေးရဲများကလည်း ဖမ်းဆီးထိန်းသိမ်းခြင်းများ လုပ်ခြင်းဖြင့် ဘောလုံးကွင်း အကြမ်းဖက်မှုများကို အမြစ်ပြတ် ပျောက်စေချင်သည်။
မကြာမီ ဧပြီလ (၂)ရက်နေ့တွင် ပြိုင်ဆိုင်မှု လွန်စွာ ပြင်းထန်သည့် ရတနာပုံ-ရန်ကုန်ပွဲကို ဗထူးကွင်းတွင် ကျင်းပပါတော့မည်။ ရန်ကုန်ပရိသတ်များလည်း ထိုပွဲကို သွားရောက်အားပေးကြမည်ဟု သိရသည်။ ပြဿနာ ဖြစ်တာထက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဟု ယုံကြည်ပါသည်။ လုံခြုံရေး တာဝန်ရှိသူများ ယခင်နှစ်များက အတွေ့အကြုံများကို အခြေခံပြီး ဘယ်လို အကောင်းဆုံး လုပ်မလဲ ဆိုသည့် အစီအမံများ ချမှတ်ပြီးဟု ထင်ပါသည်။
အစိုးရသစ်လက်အောက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံများ အနေဖြင့် ယခင်နှင့်မတူ ပြတ်သားသည့် လုပ်ဆောင်မှုများ လုပ်ဆောင်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
ဆိုးသွမ်းပရိသတ်များနှင့် ဘောလုံးကွင်း အကြမ်းဖက်မှုများ ပပျောက်ပါစေ ….

ဦး ဘို ထွန်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...