Ads (728x90)

cpt-aung-myat-toe
ထူးကုမ္ပဏီမှ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးသည် ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို လူသားချင်းစာနာမှုဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အားကျိုးမာန်တက် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ စက်တင်ဘာလ (၂၇)ရက်နေ့တွင် ၎င်းလိုက်ပါမောင်းနှင်သည့် B4 ရဟတ်ယာဉ်သည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရင်း မတော်တဆမှု တစ်ခုကြုံခဲ့ရပါသည်။

ထို မတော်တဆမှုတွင် ၎င်းနှင့်အတူ ထိုင်းရဟတ်ယာဉ်မှူး၊ ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ဦးရွှေရင်တော်ကြီးတို့ ပါဝင်ခဲ့ပါသည်။ ဦးရွှေရင်တော်ကြီးသည် ကံကောင်းထောက်မစွာဖြင့် ပြင်ပ ဒဏ်ရာ အနည်းငယ်သာ ရခဲ့သော်လည်း ထိုင်းရဟတ်ယာဉ်မှူးနှင့် မြန်မာရဟတ်ယာဉ်မှူး တို့မှာ ပြင်းထန်သည့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဦးရွှေရင်တော်ကြီးအား အောက်တိုဘာလ(၇)ရက်နေ့တွင် လန်ဆာထုရွာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇအပါအ၀င် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး အဖွဲ့များမှ တွေ့ရှိခဲ့ပါသည်။

ရွှေရင်တော်ကြီးထံမှ သတင်းရလျှင်ရခြင်း ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့သည် ဒေသခံ ရွာသားများနှင့် ပူးပေါင်းကာ ညတွင်းချင်း တောတွင်း ၀င်ရောက် ရှာဖွေခဲ့ပြီး အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းရဟတ်ယာဉ်မှူးအား တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပါသည်။

ဆေးကုသမှု ခံယူရန် လိုအပ်သည် မှန်သော်လည်း ဦးရွှေရင်တော်ကြီးသည် အင်အားနည်းနေသည့်ကြားမှ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့များကို လမ်းပြပြီး မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး စောင့်ဆိုင်းနေသည့် ဂူသို့ ချက်ချင်း သွားရောက်ခဲ့ကြပါသည်။

အောက်တိုဘာလ(၉)ရက်နေ့ ညနေ ၄း၀၀ နာရီခန့်တွင် ကပ္ပတိန် ဦးအောင်မြတ်တိုး နားနေသည့် ဂူသို့ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံ
ရွာသားများ ရောက်ရှိခဲ့ပါသည်။

ဂူအတွင်း ဦးအောင်မြတ်တိုးအား မတွေ့ရဘဲ ၎င်း၏ ကျောပိုးအိတ်တစ်လုံးနှင့် အသုံးအဆောင် ပစ္စည်းအချို့ကိုသာ တွေ့ရသဖြင့် ကယ်ဆယ်ရေး အဖွဲ့သားများသည် အနားဝန်းကျင်တစ်ဝိုက် ခက်ခဲစွာ လမ်းထွင်၍ ရှာဖွေခဲ့ရာ ညနေ (၄း၂၅)မိနစ်တွင် ချောင်းတစ်ခုအနီးတွင် ဖိနပ်နှင့်ခြေအိတ်တို့အား တွေ့ရှိခဲ့ပါသည်။

ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များသည် ဦးအောင်မြတ်တိုးအား တွေ့ရှိရေးအတွက် ပိုက်စိတ်တိုက် ရှာဖွေရာ ချောင်းနှင့် ပေ(၁၀၀)အကွာ၊ ပေ(၁၀၀၀) ခန့်အနက်ရှိသည့် ချောက်တစ်ခုထဲတွင် ကပ္ပတိန် ဦးအောင်မြတ်တိုး၏ လဲနေသည့် ကိုယ်ခန္ဓာအား တွေ့ရှိသဖြင့် ချောက်ထဲသို့ ဆင်းပြီး ကယ်ဆယ်နိုင်ရန် ကြိုးစားခဲ့ကြပါသည်။

သို့ရာတွင် ကယ်ဆယ်ရေးအဖွဲ့များ ဦးအောင်မြတ်တိုး အနားရောက်ချိန်တွင်
ကွယ်လွန်အနိစ္စ ရောက်ပြီး ဖြစ်နေသည့် ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ရုပ်ခန္ဓာအား ၀မ်းနည်းကြေကွဲဖွယ် တွေ့ရှိခဲ့ရပါသည်။

လူသားချင်းစာနာမှုဖြင့် ပျောက်ဆုံးတောက်တက်သမားနှစ်ဦး၏ အသက်ကို ကယ်တင်နိုင်ရန် ကြိုးစားစဉ် ကြီးမားသည့် စွန့်လွှတ်မှုဖြင့် ကွယ်လွန်သွားခဲ့သည့် ဦးအောင်မြတ်တိုးအား ထူးဖောင်ဒေးရှင်းမှ လေးစားဂုဏ်ပြုအပ်ပါသည်။

ထူးကုမ္ပဏီဂုဏ်ဆောင် ဦးအောင်မြတ်တိုးအား ရည်စူးပြီး ပြုလုပ်မည့် အစီအစဉ်များကို ဖော်ပြအပ်ပါသည်။

(၁) မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးအား ရည်စူးပြီး ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ ရွာလေးရွာတွင် စာသင်ကျောင်း (၄)ကျောင်းနှင့် ဆေးခန်း(၁)ခန်း ဆောက်လုပ်လှူဒါန်းရန် စီစဉ်လျက် ရှိသည်။

(၂) ကပ္ပတိန် ဦးအောင်မြတ်တိုး ၏ လက်ရှိခံစားလျက်ရှိသော လစာငွေအား ကျန်ရစ်သူ ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ဇနီး တသက်တာအတွက် ဆက်လက် ပေးအပ် ခံစားခွင့် ပြုပါမည်။

(၃) ကပ္ပတိန်အောင်မြတ်တိုး၏ သားငယ် အတွက် ပြည်တွင်း၊ ပြည်ပတို့တွင် ပညာရေး ဆုံးခန်းတိုင်သည်အထိ တာဝန်ယူထောက်ပံ့ပေးသွားပါမည်။

(၄) ကပ္ပတိန်အောင်မြတ်တိုး၏ ဇနီးနှင့်သားအတွက် ကျန်းမာရေး ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ပေးပါမည်။

(၅) ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ကျန်ရစ်သော မိသားစုဝင်များဖြစ်သည့် ဇနီးနှင့် သား မှ လိုအပ်သော ကိစ္စအဝဝကို ထူးဖောင်ဒေးရှင်းသို့ အချိန်မရွေး အကြောင်းကြားနိုင်ပြီး ထူးဖောင်ဒေးရှင်းမှ အမြဲ အကူအညီ ပေးသွားမည် ဖြစ်သည်။

မှတ်ချက် (ရဟတ်ယာဉ်မတော်တဆဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရန် အသေးစိတ် အချက်အလက်များ လိုအပ်ပါသည်။ ၎င်း အသေးစိတ် အချက်အလက်များကို ပြောနိုင်သူမှာ လက်ရှိဆေးကုသမှု ခံယူနေရသည့် ထိုင်းရဟတ်ယာဉ်မှူးနှင့် တောနက်အတွင်းတွင် ကယ်ဆယ်ရေးအဖွဲ့နှင့် အတူရှိနေသော ဦးရွှေရင်တော်ကြီးတို့ ဖြစ်ပါသည်။ ထို့ကြောင့် မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် မဖော်ပြနိုင်သေးသည်ကို နားလည်ပေးပါရန်နှင့် မကြာမီ အချိန်တွင် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထူးဖောင်ဒေးရှင်း မှ အသေးစိတ် ဖြစ်ရပ်များကို သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

 +HTOO Foundation 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...