Ads (728x90)



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တံတားဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်သန္တာ၏ ငွေကြေးအရှုပ်အရှင်း ပြဿနာမှာ သာမန်ပါတီတွင်း စဉ်းမျဉ်းနှင့်သာ သက်ဆိုင်သည့် ပြဿနာဖြစ်သဖြင့် ပါတီမှ ထုတ်ပယ်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်မှ ပြောဆိုလိုက်သည့်အပေါ် လွှတ်တော်နှင့် ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းမှ ပြင်းထန်စွာ ဝေဖန်လျှက်ရှိသည်။
“ပထမတစ်ချက်က ပြဿနာကို နှစ်နဲ့ချီပြီး ဖုံးကွယ်ထားတယ်.. ဒီမိုကရေစီ ပါတီဖြစ်ပြီး ပွင့်လင်းမြင်သာစွာ ချမပြရဲဘူး.. ဒုတိယတစ်ချက်က အရေးယူမှုမရှိဘူး.. ပါတီဝင် ရာဂဏာန်းက လက်မှတ်ထိုးတိုင်တာတောင် အရေးမယူဘူး.. ဒီတော့ ပွင့်လင်းမြင်သာမှုရှိရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖြတ်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဆန္ဒအသိအမှတ်ပြုရေး ဆိုတဲ့ စကားလုံးတွေအတွက် NLD ကို ပြန်ပြီး မေးခွန်းထုတ်ရမလိုဖြစ်နေတယ်..” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ ဆိုသည်။
NLD တွင် ဗဟိုဦးစီးစနစ် လွန်ကဲနေကြောင်း သုံးသပ်မှုများ ရှိနေချိန်တွင် အောက်ခြေပါတီဝင်များ၏ တိုင်ကြားချက်ကို ဗဟိုမှ အကြိမ်ကြိမ်ပယ်ချကာ ပြည်သူ့အလှူငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲသည့် လွှတ်တော်အမတ်တစ်ဦးကို အရေးယူခြင်းမရှိသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့မှ ယခုကဲ့သို့ ဝေဖန်လိုက်ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလက ပြည်သူ့အလှူငွေဖြင့် ဝယ်ယူခဲ့သည့် ကိုယ်ပိုင်မြေကွက်အတွက် တံတားဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်သန္တာ၊ အတွင်းရေးမှူး ဦးမျိုးလွင်နှင့် ဘဏ္ဍာရေးမှူး ဦးကိုကိုနိုင်တို့အား လက်ရှိပါတီတာဝန်များ ရပ်ဆိုင်းစေ၍ မန္တလေးတိုင်းဒေသကြီး ဒီချုပ်ရုံးချုပ်တွင် နှုတ်ထွက်စာတင်ရန် စေခိုင်းခဲ့သဖြင့် သြဂုတ်လ ၁၁ ရက်နေ့က ဒေါ်ခင်သန္တာနှင့် ၂ ဦး ထွက်စာလာရောက် တင်ခဲ့ကြကြောင်း မန္တလေးတိုင်းဒေသကြီး NLD မှ ဆိုသည်။
“ထွက်စာကို ဗဟိုကို ပို့ဖို့က ကျွန်တော်တို့တာဝန်ပါ.. အရေးယူတာ.. ထုတ်ပယ်တာက ဗဟိုကပဲ လုပ်ခွင့်ရှိပါတယ်.. ဒီထက်ပိုပြီး ပြောခွင့်မရှိပါဘူး..” ဟု မန္တလေးတိုင်းဒေသကြီး NLD မှ တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။
အမရပူရမြို့ မြစ်ငယ်ရပ်နေ အလှူရှင် ဦးမြင့်ဝေ လှူဒါန်းသည့် သိန်း ၅၀ နှင့် အခြားပြည်သူများထံမှ ကောက်ခံရရှိငွေ များကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာမှ ကိုယ်ပိုင်မြေကွက်ဝယ်ယူခဲ့မှုအတွက် အမေ့အိမ်ပညာဒါနကျောင်းကော်မတီဝင် ဦးတင်စိုးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပညာရေးကွန်ယက်သို့ ကွန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တံတားဦးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ဒီချုပ်ကိုယ်စားလှယ်တစ်ဦးနေအိမ်တွင် ဖွင့်လှစ်ထားသော အမေ့အိမ်ပညာဒါနကျောင်းအတွက် ပြည်သူတို့ထံမှာ ကောက်ခံရရှိငွေများဖြင့် တံတားဦးမြို့ ပန်းယျကွက်သစ်တွင် ၅၅ သိန်းတန် မြေကွက်တစ်ခုအား ဒေါ်ခင်သန္တာမှ ၎င်း၏နာမည်ဖြင့် ဝယ်ယူခဲ့ခြင်းကြောင့် ပါတီတွင်း သဘောထားကွဲမှုများ စတင် ဖြစ်ပေါ်ခဲ့ရသည်။
၂၀၁၃ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ဒေါ်ခင်သန္တာကို လွှတ်တော်ကိုယ်စားလှယ်ရာထူးမှ ထုတ်ပယ်ရေးအတွက် ပါတီဝင် ၁၂၀ ကျော် လက်မှတ်ရေးထိုးကာ တိုင်ကြားခဲ့သော်လည်း ဗဟိုမှ ပယ်ချခဲ့သည်။
ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် အမတ် တစ်ဦးအနေဖြင့် ပြည်သူ့အလှူငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲမှုသည် လက်ရှိ လွှတ်တော် သက်တမ်းအတွင်း ဒေါ်ခင်သန္တာမှ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး တစ်နှစ်နီးပါး ဖုံးကွယ်လာခဲ့ရာမှ ယခုကဲ့သို့ လူသိရှင်ကြား ဖြစ်သွားခြင်းကြောင့် ပါတီဥက္ကဌဖြစ်သည့်အပြင် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် များစွာ အရှက်ရစေသည့် ကိစ္စဖြစ်ကြောင်း လေ့လာသူများမှ သုံးသပ်လျှက်ရှိသည်။


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...