Ads (728x90)


သူတို့နှစ်ယောက်ရဲ့ စာနယ်ဇင်းတိုက်ပွဲကို အထက်ပါကာတွန်းနဲ့ ဖော်ပြခဲ့တယ်

William Randolph Hearst – ဟတ်စ်ဟာ ပူလစ်ဇာ (Joseph Pulitzer) နဲ့ သတင်းစာစစ်ပွဲ ဖြစ်တယ်။ ပူလစ်ဇာက New York World သတင်းစာကို ထုတ်တယ်။ အဲဒီသတင်းစာဟာ yellow journalism ရဲ့ ဖန်တီးရှင်ပါပဲ။

Joseph Pulitzer – ၁၈၉၀ ခုနှစ်တွေမှာ ဟတ်စ် (William Randolph Hearst) ရဲ့ သတင်းစာဖြစ်တဲ့ New York Journal နဲ့ ပြိုင်ဆိုင်မှုတွေက yellow journalism ကို ပေါ်ပေါက်စေတာပါပဲ။
Yellow Journalism နှင့် ဆက်နွှယ်နေသူ သတင်းစာဆရာနှစ်ဦး
သတင်းစာလွတ်လပ်စွာ ထုတ်ဝေခွင့်ရတဲ့ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှာ သတင်းစာနဲ့ ဂျာနယ်အချို့ကို အဝါရောင် သတင်းစာများလို့ စွပ်စွဲသံတွေ ကြားရပါတယ်။
ဒါကြောင့်အချို့ကYellow Journalism ဆိုတာ ဘာလဲလို့မေးကြတယ်။ အရောင်နဲ့ ပြောတာတွေဟာ လူတွေအတွက် နားလည်လွယ်တဲ့ သင်္ကေတပါပဲ။ ဥပမာ အဖြူရောင် မေတ္တာပေါ့။ အချို့ကလည်း အဖြူကို အနက်မဆိုးပါနဲ့လို့ ဆိုတယ်။
ကွန်မြူနစ်တွေကတော့ သူတို့ကိုယ်သူတို့ အနီရောင်လို့ ဆိုကြတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ အလံနီနဲ့ အလံဖြူကွန်မြူနစ် ဆိုပြီးရှိတယ်။
မြန်မာတွေက အပြာရောင်ကို အေးမြတယ်လို့ ယူဆပေမယ့် အနောက်တိုင်းကတော့ Blue ကို ဝမ်းနည်းခြင်းလို့ ယူဆကြတယ်။ စာပေမှာတော့ Blue ကို ညစ်ညမ်းတဲ့စာပေတွေ ရုပ်ရှင်၊ ဗီဒီယိုတွေကိုလည်းBlue Picturesလို့ ခေါ်ကြတယ်။
ဂျာနယ်လစ်တွေကတော့ စိတ်ခံစားမှုကို ဖြစ်စေတဲ့စာတွေ၊ တာဝန်မယူတဲ့စာတွေကို ဖော်ပြရင် အဲဒါကို အဝါရောင်သတင်းစာလို့ သမုတ်ကြတယ်။
စတင်တဲ့ အကြောင်းကတော့ သတင်းစာထဲမှာပါတဲ့ ကာတွန်းလေးတစ်ခုကြောင့်ပဲ လို့ဆိုတယ်။ ၁၈၉ဝ ပြည့်နှစ်တွေမှာ နယူးယောက်က ဂျာနယ်တစ်ခုမှာ လူကြိုက်များတဲ့ ကာတွန်းလေးတစ်ကွက်ပါတယ်။ ရောင်စုံဖော်ပြတယ်။ အဲဒီမှာပါတဲ့ လူငယ်လေးကို Yellow Kid လို့ခေါ်တယ်။ အမှန်က သတင်းစာဆရာ နှစ်ယောက်ဖြစ်တဲ့ ပူလစ်ဇာ (Joseph Pulitzer)နဲ့ ဟတ်စ် (William Randolph Hearst) တို့ရဲ့စစ်ပွဲက စတာပါပဲ။
ပူလစ်ဇာကိုတော့ ယနေ့လူတွေ ပိုသိကြတယ်။ အကြောင်းကတော့ သူကချန်ထားခဲ့တဲ့ငွေတွေနဲ့ သတင်းဆု Pulitzer Prize ကို ယနေ့တိုင်ပေးနေလို့ပါပဲ။ သို့သော် Hearstဟာလည်း အင်မတန်တော်တဲ့ သတင်းစာဆရာပါပဲ။ ဒါပေမဲ့ သူဟာပူလစ်ဇာဆီက သတင်းစာဆရာအများစုကို စည်းရုံးနိုင်ခဲ့သူဖြစ်တယ်။
အဝါရောင် ဂျာနယ်လစ်ဇင်ကိုမော့ (Frank Luther Mott) က (၁၉၄၁) မှာ အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ခဲ့တယ်။
၁။  ကြောက်မက်ဖွယ် စာလုံးကြီးတွေနဲ့ သတင်းသေးသေးတွေကို ပုံကြီးချဲ့ထားခြင်း။၂။ပုံအများကြီးနဲ့ အချို့ပုံဆွဲကာ မမှန်မကန်ဖော်ပြခြင်း use of pictures, or imaginary drawings.
၃။  အင်တာဗျူး အတုတွေလုပ်ခြင်း။ အဓိပ္ပာယ်တစ်မျိုးထွက်စေတဲ့ ခေါင်းစဉ်ကြီးဖြင့်ဖော်ပြခြင်း။ သိပ္ပံနည်းကျသည်ဟု မမှန်မကန် အကြောင်းပြခြင်း၊ ပညာရှင်စကားဟူ၍ မမှန်မကန်ကိုးကားခြင်း။
၎။  ရောင်စုံတွေပြူးတူးပြဲတဲဖြင့် ဆွဲဆောင်ခြင်း၊ ကာတွန်းများဖြင့် မဟုတ်မမှန်ပြောခြင်း။
၅။  သနားစရာကောင်းအောင်ဖွဲ့နွဲ့ခြင်း၊ လူတစ်ယောက်ကို အပြစ်တင်အောင် ဇာတ်အိမ်ဖွဲ့ပြောဆိုခြင်းတို့ပဲ      ဖြစ်တယ်။
တကယ်တော့ yellow journalism ဆိုတာကတော့ သတင်းစာရောင်းကောင်းအောင် မမှန်တဲ့နည်းတွေနဲ့ ဆွဲဆောင်တာမျိုးဖြစ်တယ်။ စာနယ်ဇင်းကျင့်ဝတ်ကို မလိုက်နာတာမျိုးတွေ ပါဝင်တယ်။ မိမိကိုယ်တိုင် တာဝန်မယူတာမျိုးတွေ ပါဝင်တယ်။ လုပ်ကြံရေးသားချက်တွေနဲ့ အရှက်ရစေတာမျိုးတွေ ပါဝင်တတ်တယ်။
အင်မတန်ဆိုးတဲ့ သတင်းလိမ်လည်မှု တစ်ခုဖြစ်ဖူးတယ်။ အဲဒါကတော့ သိပ္ပံပညာနဲ့ ပတ်သက်လို့ပါပဲ။ အမေရိကန်နဲ့ အင်္ဂလိပ်တို့ ပူးပေါင်းပြီး အင်မတန်ကြီးမားတဲ့ မှန်ပြောင်းတစ်ခုကို တည်ဆောက်တယ်။ ပြီးတော့ အာဖရိကတိုက် ကိတ်တောင်းကနေပြီးတော့ အာကာသကို လေ့လာစူးစမ်းမှုတွေ ပြုလုပ်တယ်။
ဒါဟာ ပထမဆုံးကြီးမားတဲ့ မှန်ပြောင်းပဲပေါ့။ ဒီမှန်ပြောင်းကို အာဖရိကအရောက် သယ်ယူပို့ဆောင်တာကအစ အစိတ်အပိုင်းတွေကို တပ်ဆင်တာမျိုးတွေကို သတင်းရေးတော့ လူတွေ စိတ်ဝင်စားကြတယ်။ ဒါကိုလေ့လာတွေ့ရှိတဲ့ သတင်းစာဆရာတစ်ဦးက အယ်ဒီတာနဲ့တိုင်ပင်ပြီး ဇာတ်လမ်းတစ်ခုကို ဖန်တီးလိုက်တယ်။
အဲဒါက လကမ္ဘာကို လှမ်းကြည့်လို့မြင်တဲ့ အကြောင်းပါပဲ။ လမှာနေတဲ့ လူတွေရှိတယ်ဆိုပြီး ပထမဆိုတယ်။ ကျွန်တော်တို့ ဆီမှာလည်း “ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဘိုးအို” ဆိုပြီး စကားရှိသလိုပေါ့။ လူတွေဟာ လမှာနေသူတွေရှိတယ်လို့ ရှေးကတည်းက ယုံနေကြတယ်။ ဒီတော့ဖန်တီးသူတွေ အနေနဲ့ လွယ်တာပေါ့။ သူတို့ဟာ လပေါ်က မိသားစုတစ်စုကို လေ့လာစောင့်ကြည့်တဲ့ အကြောင်းကို ရေးသားလေတော့တယ်။ အဲဒီမိသားစုမှာ အမေရယ်၊ အဖေရယ်၊ သားလေး ရယ်ပေါ့။
တစ်ခါတစ်ခါသားလေးကို ချီပိုးကြတယ်။ လမ်းလျှောက်ကြတယ်။ ပြီးတော့ လင်မယား ရန်ဖြစ်တာတွေကိုလည်း ထည့်ရေးတယ်။
ရသမျှသတင်းဆိုပြီး နေ့စဉ်ရက်ဆက် ဒီသတင်းကို ထည့်တယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အာဖရိကဆိုတာက အတ္တလန္တိတ်သမုဒ္ဒရာကြီးတစ်ခုလုံး ခြားနေလေတော့ ဒီသတင်း မှန်မမှန် အတည်မပြုနိုင်ဘူး။ ပိုဆိုးတာက နောက်သတင်းစာ တစ်ခုကလည်း သူတို့အနေနဲ့ အဲဒီက မှန်ပြောင်းကြည့်သူတွေနဲ့ အဆက်အသွယ်ရပြီဆိုကာ ကြေညာတယ်။ ပထမသတင်းစာက သူ့အလိမ်တွေ ပေါ်မှာစိုးလို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတယ်။ ဒုတိယ သတင်းစာကိုသွားပြီး တောင်းပန်ရင် ကောင်းမလား။ ဒါမှမဟုတ် ခြိမ်းခြောက်ရမလားဆိုပြီး စောင့်ကြည့်တယ်။ ဒါပေမဲ့ ဒုတိယသတင်းစာကလည်း အခြားမိသားစုအကြောင်းကို ရေးတယ်။ အဲဒီမှာ ပိုပြီးစုံတာက အိမ်မွေးတိရစ္ဆာန်လေးတွေပါ ပါဝင်လာတယ်။ သူတို့နှစ်စောင်လုံးဟာ လကမ္ဘာမှာ နေထိုင်သူတွေနဲ့ အဲဒီက မြင်ကွင်းတွေကို ဆွဲပုံဆွဲကာ ပြကြတယ်။
ဒီသတင်းစာနှစ်စောင်ဟာ အင်မတန် ရောင်းကောင်းသွားတယ်။
ဒါပေမဲ့ ဒါဟာ မှန်မှ မမှန်ပဲ။ နောက်ပိုင်းမှာ အလိမ်ပေါ်သွားတယ်။ သူတို့က ဒါဟာ လူတွေစာဖတ်အောင်လို့ ဆွဲဆောင်တာပါ။ Sensation တွေကို ရေးတာပါလို့ ဝန်ခံတယ်။
ဒီလိုSensation  နဲ့ရေးတဲ့ သတင်းစာတွေ ယနေ့ခေတ်ရောက်တဲ့အထိ ပေါ်လာတာကို တွေ့ရတယ်။ နောက်ပိုင်းကျတော့သူတို့က ဖတ်လို့ကောင်းအောင် ရေးတာပါ။ တကယ် မဟုတ်ပါဘူး ဆိုတာတွေကို သတင်းမျက်နှာဖုံးမှာ ဖော်ပြကြတယ်။ ဒါပေမဲ့လည်း အချို့မြန်မာပြည်က စာစောင်တွေဟာ အဲဒီသတင်းတွေကို မဟုတ် အဟုတ် လုပ်ရေးတာကို တွေ့ရတယ်။ (အဲဒီ sensational အရေးအသားတွေကို ဘာသာပြန်တာတွေ ရှိတယ်။)
Yellow journalismသို့မဟုတ် yellow press, ဟာ ကြောက်စရာကောင်းပါတယ်။ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် မိမိကိုယ်မိမိ သတ်သေတာမျိုးထိ ရှိခဲ့ပါတယ်။ ပြဿနာအချို့ကြောင့် သတင်းစာတိုက် တရားစွဲခံရတာမျိုးရှိတယ်။ အထူးသတိထားဖို့က မိမိဟာ ဒီ Yellow journalismသို့မဟုတ် yellow press,က သတင်းတွေကို ကူးယူဖော်ပြလျှင် မိမိကိုယ်တိုင် တရားစွဲခံရနိုင်တယ် ဆိုတာကို သဘောပေါက်ဖို့လိုတယ်။
သတင်းစာကတော့ အမှန်တရားသာ ဖြစ်ရမယ်။
Truth, nothing but Truthသာ ဖြစ်သင့်ပါတယ်။ သတင်းဟာ ပြည်သူအတွက် ဖြစ်သင့်ပါတယ်။ ဖြစ်နေတာကိုရေးပြပြီး သတင်းသမားစစ်စစ် အနေနဲ့သာ ဂုဏ်ယူသင့်တယ်။ ယနေ့အသုံးအရ
Yellow journalismကို yellow press newspapers  တွေထုတ်တဲ့ အဖွဲ့လို့ခေါ်ပါတယ်။ Campbell (2001) ကတော့ မျက်နှာဖုံးမှာ ပြူးတူးပြဲတဲ ရောင်စုံစာလုံးကြီးတွေနဲ့ ဖော်ပြတာမျိုးကို yellow press newspapersလို့သတ်မှတ်တယ်။ အထူးသဖြင့် သတင်းပင်ရင်း (Sources) တွေရဲ့ အမည်တွေကို ဖော်ပြခြင်း မရှိကြတာမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖော်နေခြင်းဟာ yellow press newspapers သဘောတရားပါပဲ။
ယနေ့လုပ်ဆောင်နေကြတဲ့ Yellow journalismသို့မဟုတ် yellow press, ကိုတော့ ဝေဖန်လိုခြင်းမရှိပါဘူး။ စာနယ်ဇင်း ကျင့်ဝတ်နဲ့မညီတဲ့အခါ အဲဒီစာစောင်ဟာ အလိုလို မှေးမှိန်သေးသိမ် သွားမယ်လို့သာ ယူပါတယ်။
အမှန်တော့ သတင်းသမားတွေရဲ့ ကျင့်ဝတ်ဟာ သတင်းမှန်ကန်ရေးနဲ့ အမှန်ဘက်က ရပ်တည်ရေးပါပဲ။ ဘာမဆို အမှန်အကန်ကို လုပ်တာကို ပြောတာဖြစ်တယ်။ မိမိကိုယ်တိုင် မသမာတာတွေလုပ်မိရင် ကိုယ်တိုင်သိသလို ပြင်ပကလူတွေလည်း သိကြပါတယ်။
ကျွန်တော်အမှန်တွေကို ရေးတာပါလို့ ငြင်းချက်ထုတ်တော့ ထုတ်ပေါ့။ ဒါပေမဲ့ သူမမှန်မကန် လုပ်တာကိုတော့ လူတွေနားလည် သွားကြတာပါပဲ။
ဥပမာ လုပ်သားတစ်ထောင်ကို လာမယ့်လတွင် လစာရာခိုင်နှုန်း ၂ဝ တိုးမြှင့်ပေးမည်ဆိုခြင်း ဆိုတဲ့ခေါင်းစဉ်ကို မျက်နှာဖုံးမှာ ဖတ်ရတယ်။ သတင်းက အမှန်ပဲ။
ဘယ်လုပ်သားတွကို ဘယ်လိုလုပ်ပြီး လစာတိုးပေးနေတာလဲဆိုတဲ့ အတွေးတွေ ဖြစ်လာတယ်။
“ဟုတ်ပါ့မလား”
“ဟုတ်ပါတယ် မြန်မာဖိုရမ်နေ့စဉ်ထဲမှာ ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖတ်ခဲ့ရတယ်” လို့ တစ်ယောက်က ပြောတယ်။
ဖတ်ရသူက မျက်နှာဖုံးခေါင်း ပြူးတူးပြဲတဲ ဖတ်ရတာကို ပြောတာပါ။
တကယ်တော့သူ အချိန်ရလို့ အစအဆုံးဖတ်ရင် လစာတိုးပေးတာ မြန်မာနိုင်ငံမှာ မဟုတ်ဘူး။ စင်ကာပူက ကျန်းမာရေး လုပ်သားတွေကို တိုးပေးတာပါပဲ။ ရလဒ်ကဘာလဲ။
-       ပထမတော့ သတင်းစာအသင့်အတင့် ရောင်းကောင်းလာတယ်။
-       တစ်ပြိုင်နက်တည်းမှာ ဈေးနှုန်းတက်ဖို့ အကြောင်းရှာနေသူတွေ ကုန်ဈေးနှုန်းတက်လာတယ်။
-       ဖြစ်ရပ်မှန်ကို သိတဲ့အခါ ဒီသတင်းစာကို ရှောင်လာတော့တယ်။
 ဒါဟာ အင်မတန်သေးငယ်တဲ့ ဥပမာပါ။ ဒီလိုမျိုးကို နေ့စဉ်တွေ့ပါတယ်။ စာဖတ်သူကို လှည့်စားတာဟာ စော်ကားတာပါပဲ။ ကုလားပဲထဲ သဲရောရောင်းသလိုပါပဲ။ သမ္မာဇီဝ မဟုတ်ပါဘူး။
သတင်းလုပ်ငန်းဆိုတာ အင်မတန် ကောင်းတဲ့အလုပ်ပါ။ သတင်းသမားတွေဟာ ပေါင်းကူးတွေပါ။ သတင်းသမားတွေရဲ့ ကျေးဇူးကြောင့် ပြည်သူ့ဆန္ဒကို အစိုးရသိတယ်။ အစိုးရဆောင်ရွက် နေတာတွေကိုလည်း ပြည်သူတွေ သိကြတယ်။ ဒီအတွက် အကျိုးတွေ ဘယ်လောက်များလဲ။
မှန်ကန်တဲ့ သတင်းတွေရဲ့ရလဒ်ဟာ အံ့မခန်းပါ။ ဒါကြောင့် သတင်းသမားများ အမှန်တရားကို ချစ်မြတ်နိုးကြပါ။


Written by: 
ဒေါက်တာခင်မောင်ညို

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...