Ads (728x90)


ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် လုပ်ဆောင်နေသည့် သင်္ဘောနှင့် ရှာဖွေရေးအဖွဲ့အား ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - AFP
 အခုရက်ပိုင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး ကိစ္စတစ်ခုကတော့ ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှု အကြောင်းပဲ ဖြစ်ပါတယ်။ ခေါင်းလောင်းကို ဆယ်ယူတဲ့ အဖွဲ့အကြောင်း၊ ခေါင်းလောင်းကို ဆယ်ယူဖို့ ကြိုးစားတာ၊ သတင်းမီဒီယာတွေက ဖော်ပြကြတာစသဖြင့် အကြောင်းအရာမျိုးစုံဖြစ်ပါတယ်။ ပြည်သူ အများစုကြီးကတော့ ဒီခေါင်းလောင်းကြီး တကယ်ပဲရှိရဲ့လား၊ ဒီခေါင်းလောင်းကြီးကို တကယ်ပဲ ဆယ် ယူနိုင်မလား စသဖြင့် စိတ်ဝင်စားကြပါတယ်။ တချို့ကတော့ ခေါင်းလောင်းဆယ်ယူတဲ့ အဖွဲ့က ပြောဆိုတဲ့စ ကား၊ ထုတ်ပြန်တဲ့ သတင်းစကားတွေကို ကြည့်ပြီး ရိုးသားမှုရှိရဲ့လား၊ အကြံအစည်တစ်ခုခု ရှိမှာလား၊ စသဖြင့် ဝေဖန်စောကြောကြပါတယ်။ တချို့ကတော့ ဒီကိစ္စသတင်းမီဒီယာတချို့နဲ့ ပေါင်းပြီး ပြည်သူတွေကို အာရုံပြောင်းအောင် လှည့်ဖျားတာ ဖြစ်နိုင်မဖြစ်နိုင် စသဖြင့် တွေးတောကြပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။

ပထမ တစ်ချက်ကတော့ ခေါင်းလောင်းကြီး တကယ်ရှိခဲ့ မရှိခဲ့ ပြဿနာပါ။ ဒီနေ့ထက်ထိ ခေါင်းလောင်းကြီး ရှိခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးဘူးလို့ ပညာရှင်တချို့က ဆိုပါတယ်။ တကယ် လို့သာ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းသာ သက်ရှိထင်ရှားရှိမယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အ ထားရှိတယ်၊ မရှိဘူး တစ်ခွန်းတည်းနဲ့ ယတိပြတ်ပြောနိုင်မှာ ဖြစ်ပေမယ့် အခုနှောင်းလူတွေ ကတော့ ပြောနိုင်သူ မရှိသေးပါဘူး။ လက်ရှိ ဖြစ်နေတဲ့ ပြဿနာက ရှိမယ်၊ မရှိခဲ့ဘူး မသေချာတဲ့ ခေါင်းလောင်း ကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်းဆုံရာမှာ ရှိတယ်လို့ အသေအချာ ပြောဆိုပြီး ရှာကြဖွေကြတဲ့ ကိစ္စပါ။ ဒါလည်း ပြဿနာမရှိပါဘူး။ စူးစမ်းရှာဖွေသူတွေဆိုတာ ခုလိုပဲ ရှာကြ ဖွေကြရ မှာပါပဲ။ ဒါပေမဲ့ လက်ရှိခေါင်းလောင်းရှာဖွေ ဆယ်ယူနေတဲ့အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို ကြည့်လိုက်ပါဦး။

“၁၃၇၆ ခုနှစ် တော်သလင်းလဆန်း ၂ ရက်၊ (အင်္ဂါနေ့) ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ကျွန်တော် မောင်စံလင်း(မြေပုံ) ကော့သောင်းအဖွဲ့မှ တွေ့ရှိထားပြီဖြစ်သည်။ နဂါးများမှ အကြီးဆုံး ရွှေရောင် နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနား နား ဆီမီးပူဇော်နေသည့်အတွက်ကြောင့် သတ်မှတ်ရက်တွင် သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်းဖြစ် သည်။ ကျွန်တော်တို့၏ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့အဆင့် နည်းပညာသည် လျှို့ဝှက်ချက်များစွာ ရှိနေခြင်းကြောင့် နှုတ်မှ ဖွင့်ဟ၍ မပြောရပါ။ အရိယာ ၀ိဇ္ဖာ အပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ ဓမ္မစေတီခေါင်းလောင်း တွေ့ရှိပြီဖြစ်ကြောင်း အတိအလင်း ကြေညာခြင်းဖြစ်သည်။”

“ကျွန်တော်တို့အပေါ်တွင် စေတနာထားသော ရဟန်းရှင်လူ ပြည်သူအပေါင်း ၀ိုင်းဝန်းပြီး ဆောင်ရွက်ပေး ကြသော အလှူရှင်များနှင့် ခုနစ်ရက် သားသမီးအပေါင်းတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျွန်တော်တို့ဘက်မှ သတင်းထုတ်ပြန်ခြင်း နောက်ကျခြင်းကို နားလည်ပေးပါရန် ကျွန်တော် တောင်းပန်အပ်ပါသည်။ မကြာမီ ရက်အတွင်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကုန်းပေါ်အရောက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်” ဆိုပြီး ဖော်ပြပါရှိပါတယ်။

ထုတ်ပြန်ချက်ကို ဖတ်လိုက်တာနဲ့တင် အဓိပ္ပာယ်မဲ့တဲ့ ဖော်ပြချက်တွေဆိုတာ သိသာပါတယ်။ ဒါမျိုး ဘာကြောင့် ပြောဆိုသလဲဆိုတာ စူးစမ်းကြည့်ဖို့ လိုလာပါတယ်။ ဦးစံလင်းနဲ့ ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ကိုယ်တိုင် ခုလို သဘာဝမကျ အဓိပ္ပာယ်မဲ့တာတွေကို ရိုးရိုးသားသား ယုံကြည်နေတာလား၊ ဒါမှမဟုတ် လိမ်လည်နေတာလား၊ ဒါမှမဟုတ် ခေါင်းလောင်းဆယ်ယူရေးဆိုပြီး ရထားတဲ့ များပြားလှတဲ့ အလှူငွေတွေကြောင့် မရိုးမသားလုပ်ဖို့ ကြိုးစားတာလား၊ ဒါမှမဟုတ် လူတချို့ စွပ်စွဲသလို ပြည်သူတွေကို အာရုံပြောင်းဖို့ စမ်းသပ်တဲ့ အစီအစဉ်တစ်ခုမှာ စနစ်တကျပါဝင်နေကြတာလား၊ ဆက်ပြီး ဆန်းစစ်ကြည့် သင့်ပါတယ်။

အင်တာနက် လူမှုကွန်ရက်ကနေ တစ်ဆင့် ပျံ့နှံ့လာတဲ့ အသေးစိတ်တွက်ပြထားတဲ့ စာရင်း မှာတော့ ခေါင်းလောင်းဆယ်ယူဖို့ ကျပ်ငွေသိန်း ၁,၈၀၀ ကျော် ကုန်ကျမယ်လို့ တွက်ချက်ပြထားပါတယ်။ အဲဒီထဲမှာ သောင်တူးရေယာဉ်နဲ့ အခြေပြုနေထိုင်မယ့် နှစ်ထပ်သင်္ဘောငှားခ၊ ရေငုပ်သမား ငှားခ၊ အထွေထွေ ပစ္စည်းတွေနဲ့ ဒီဇယ်ဆီ စသဖြင့် တွက်ချက်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းလောင်း ဆယ်ယူတယ်ဆိုတဲ့ ကိစ္စပြီးဆုံးသွားရင်တော့ အဲဒီမှာ ကုန်ကျခဲ့တဲ့ ငွေစာရင်း အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိတိကျကျ ရှင်းလင်းပြောဆိုပြဖို့ လိုပါလိမ့်မယ်။

ဒီလို ခေါင်းလောင်းကြီးဆယ်ယူမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကလည်း အမျိုးမျိုးအဖုံဖုံ သတင်းရေး သား ဖော်ပြကြပါတယ်။ များသောအားဖြင့် သိပ္ပံနည်းမကျ၊ သဘာဝလည်း မကျတဲ့ ပြောဆို၊ လုပ်ကိုင် မှုတွေကို အဲဒီပြောဆို လုပ်ကိုင်မှုတွေအတိုင်း ရေးသားဖော်ပြ၊ ရိုက်ကူးတင်ဆက် ပြသနေတာဖြစ်တဲ့ အတွက် ပြည်သူတွေကို အများကြီး ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ ဥပမာအားဖြင့် “ခေါင်းလောင်းကြီး ကို တွေ့ရှိထားပြီဟု ဦးစံလင်းက ပြောသည်။ သို့သော် ခိုင်လုံသော သက်သေအထောက်အထား တစ်ခုတလေကိုမှ ပြသ နိုင်ခြင်းမရှိ” ဆိုတာမျိုးလောက် ရေးပြဖို့ကိုတောင် ပျက်ကွက်ခဲ့ကြပါတယ်။ တချို့သတင်းစာနဲ့ ရုပ်သံချယ်နယ်ကတော့ ခေါင်းလောင်းဆယ်ယူမှု စတင်တဲ့အချိန်  စောစောက တင်ပြခဲ့သလို၊ သဘာဝယုတ္တိမရှိတာတွေကို နေ့စဉ် ရက်ဆက်ဆိုသလို ရေးသားဖော်ပြ၊ ထုတ်လွှင့်ခဲ့ တာကြောင့် သံသယဖြစ်ဖွယ်ရာ မီဒီယာတွေအဖြစ် ဝေဖန်ခံကြရပါတယ်။ ဒါဟာ ပြည်သူတွေ သိချင်တာ ကို ဖော်ပြဖို့ တကယ်ပဲ ကြိုးစားနေတာလား၊ ပြည်သူတွေ လမ်းလွဲအာရုံရောက်အောင်လုပ်ဖို့ လေ့ကျင့်ပြင် ဆင်နေတာလားဆိုတာ ယတိပြတ်ပြောဖို့တော့ စောပါသေးတယ်။ နောက်ပိုင်း အဖြစ်မှန် ပေါ်ပေါက် လာနိုင်ပါတယ်။

နောက်ဆုံး ခေါင်းလောင်းကြီးကို မတွေ့ဘူးဆိုရင် ဦးစံလင်းတို့အဖွဲ့ကို ဘာလုပ်မလဲဆိုတာပါ။ ပြည်သူ တစ်ယောက်ယောက်က တရားလိုလုပ်ပြီး လိမ်လည်မှုနဲ့ တရားစွဲမှာလား၊ သက်ဆိုင်ရာ အာဏာပိုင်တွေ ကပဲ တိုင်းပြည်ကို လိမ်လည်မှုနဲ့ အရေးယူကိုင်တွယ်မလား မသိနိုင်သေးပါဘူး။ တကယ်လို့ တစ်စုံတစ်ရာ အရေးယူခြင်း မပြုနိုင်ဘူးဆိုရင်တော့ နောက်နောင်တိုင်းပြည်မှာ အလားတူ ပြဿနာမျိုးတွေ အများ ကြီးပေါ် ပေါက်လာနိုင်သေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
Mizzima - News in Burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...