Ads (728x90)

Photo: ပြန်ကြားရေးဝန်ကြီးရှက်သလိုရွှေရုပ်လည်း ရှက်ပါသည်
---------------------------------------------------------------
ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲပြီးပါပြီ။ရွှေရုပ်တို့ မြန်မာ ယူ-၁၉အသင်း ရွှေရ ပါသည်။
နောက်တစ်နေ့မှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကသူ၏ဖေ့စ်ဘွတ်ခ်မှာ ‘မြန်မာနိုင်ပေမယ့်
မပျော်နိုင်ပါ’ဟူသော ခေါင်းစဉ်နှင့် သူ၏ခံစားချက်ကို ရေးသားထားသည်ကို ဖတ်ရ
သည်။ သူသည် ဘရူနိုင်းဘုရင့်ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာနှင့် ဗီယက်နမ်တို့
ယှဉ်ပြိုင်ကစားပုံအား နိုင်ငံခြားသံတမန် ညစာစားပွဲတက်ရောက်နေသောကြောင့် မကြည့်
လိုက်ရပါဟု ရေးသားထားသည်။ဆက်လက်ပြီး ဘောလုံးပွဲကို မြန်မာစကားဖြင့် ထုတ်လွှင့်
နိုင်မှုမရှိခြင်းနှင့်မြန်မာအသင်းနိုင်သော အခါဖွင့်နေကျဂန္ထ၀င်သီချင်းဖြစ်သည့်’မြန်မာ နိုင်ပြီ’
ဟူသောသီချင်းကို မထုတ်လွှင့်နိုင်ခြင်းအတွက်ရှက်မိပါသည်ဟု ရေးသားသည့်
အပြင် ၀န်ကြီးရုံးမှဘောလုံးပွဲအား လွှင့်ခွင့်ပြုခြင်းနှင့် သတင်းထုတ်လွှင့်ချိန်ကို နောက်ဆုတ်
ခြင်းဟူသော မူဝါဒဆိုင်ရာများကိုဆုံးဖြတ်ပေးထားသည်ဟုရေးထားသည်။ ဘရူနိုင်းဘုရင့်
ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကြိုကည့်ရန် အားခဲသည့် မြန်မာပြည်သူများ
ထဲတွင် ရွှေရုပ်နှင့် ရွှေရုပ်အဖေလည်း ထိပ်ဆုံးကပါပါသည်။

အဖေက’သမီးရေ ဒီနေ့ဆိုင်စောစောပိတ် အဖေတို့အားပေးရအောင်’အဖေဘာကို
ဆိုလိုမှန်းသိသည်။ ရွှေရုပ်တို့သားအဖ ညနေဘောလုံး ဗိုလ်လုပွဲ တိုက်ရိုက်ထုတ်လွှင့်မှုမစခင်
အိမ်ကို အမီပြန်ခဲ့ကြသည်။အိမ်ပြန်ရောက်လို့တီဗွီ ရှေ့ထိုင်လိုက်တော့ မျှော်လင့်ချက်တို့
အရောင်မှေးမှိန်သွား၏။ ရွှေရုပ်တို့နေသော ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်
ဆပ်သွားတောကျေးရွာကြီး မီးပြတ်လေပြီဖြစ်သည်။ဘောလုံးပွဲစကန်နေချိန်တွင်
ရွှေရုပ်တို့သားအဖ ဖယောင်းတိုင်နှင့်ထိုင်နေရသည်။မြန်မာနိုင်ပါစေဟု
ဆုတောင်းရင်းမှမီးအမြန်ပြန်လာပါစေရန်ပါ ဆုတောင်းမိသည်။

အဖေကတော့’ထုံးစံအတိုင်းပေါ့သမီးရယ်’ဟုစိတ်မကြည်သည့်ပုံစံနှင့်ပြောရှာ
သည်။ လမ်းထိပ်လက်ဖက်ရည်ဆိုင်မှ’ဝေး….’ဟုအော်လိုက်ချိန်တွင် ရွှေရုပ်ပါအော်ချင်စိတ်
တွေ ထခုန်ချင်စိတ်တွေ ပေါက်လာသည်။အဖေမှာဓာတ်မီးတစ်လက်ဆွဲကာ လမ်းထိပ်
သို့ထွက်သွားပြီဖြစ်သည်။ ဒီလိုပါပဲရွှေရုပ်တို့ဆပ်သွားတောကျေးရွာကြီးမှာ မကြာမကြာ
လျှပ်စစ်မီးပြတ်တတ်သည်။ဒီလိုရက်မျိုးမှာတော့ မီးမဖြတ်သင့်ဟု ထင်သည်။ ဒါက
အမျိုးသားရေးဖြစ်သည်။

ပြည်သူတစ်ရပ်လုံးက ဒီပွဲကိုမျိုးချစ်စိတ်နှင့်ကြည့်ချင်ကြသည်။ဲရွှေရုပ် တို့ဆပ်
သွားတောရွာသည်လည်း ကြည့်ချင်သည်။မီးသည် ဒီလို ဘောလုံးပွဲ(ဘောလုံးပွဲတောင်မှ
မြန်မာနှင့်အခြားနိုင်ငံတွေ ကန်သည့်ပွဲ)ဆိုလျှင် ပြတ်ပြီဖြစ်သည်။ ဟာ….ခနဲ၊
ဝေး….ခနဲ၊ အသံတွေကိုအဝေးမှကြားနေရသည်။ မီးပြန်လာပါတော့ဟု ကျိတ်ဆုတောင်း
သည်။

မီးပြန်လာပါသည်။ ရွှေရုပ်တီဗွီကိုအပြေးအလွှားဖွင့်သည်။ ထိုအချိန်တွင် ဘရူနိုင်း
ဘုရင်က မြန်မာအသင်းအား ဆုပေးနေချိန်ဖြစ်သည်။ ရွှေရုပ်ပျော်သွားမိသည်။ သို့သော်
အကြိတ်အနယ် မည်ကဲ့သို့ကန်နေသည်ကိုမကြည့်လိုက် ရသည့်အတွက် ၀မ်းနည်းမြိပန်
သည်။ ရွှေရုပ်တို့ဆပ်သွားတော ကျေးရွာကြီးမှမီးသည်ဘောလုံးပွဲပြီးမှ ဘာကြောင့်လာပါ
သနည်း။ ဒါက အံ့သြစရာကောင်းသည်။ပြည်ထောင်စုဝန်ကြီးကတောင်မှ သတင်းကို
နောက်ဆုတ်ကာ ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ခွင့်ပြုထားခဲ့သည်မဟုတ်ပါလား။

တမင်သက်သက် လုပ်တာလားဟုပြန်စဉ်းစားကြည့်သည်။ ရွှေရုပ်တို့ဆပ်သွား
တောကျေးရွာကြီးမှာ ထိုညနေက မိုးလည်းမရွာ လေလည်းမတိုက်၊ ပကတိ တည်ငြိမ်
နေသည့်အချိန်ဖြစ်သည်။ဘောလုံးပွဲပြသည့်လမ်းဘေးလက်ဖက်ရည်ဆိုင်တွေနှင့်လျှပ်စစ်
မီးပေးသည့်သူတွေ လက်ဝါးရိုက်ပြန်ပြီထင်သည်။ရွှေရုပ်ရင်ထဲအတိုင်း ပြောရလျှင်မျိုးချစ်
စိတ်မရှိတဲ့သူတွေ။ မီးပေးသည့်ဌာနတွင် တာဝန်ထမ်းသည့်သူများသည်လည်း
မြန်မာလူမျိုးများပင်ဖြစ်သည်။ သူတို့တွင်လည်း အမျိုးသားရေးစိတ်ဓာတ်ရှိသင့်
ကြသည်။ သို့သော် မြန်မာဘောလုံးပွဲတိုင်းမီးပြတ်သည်မှာ အဆန်းတကြယ်ဖြစ်နေတော့
သည်။ ဒါက နိုင်ငံရေးများလား။ တီဗွီအစီအစဉ်မှာ မြန်မာဘောလုးံအသင်း သားများ
သည် ဘရူနိုင်းဘုရင့်ဖလားကြီးကို ကိုင်ကာဓာတ်ပုံတွေ တဖျပ်ဖျပ် အရိုက်ခံနေသည်။
အကုန်လုံးပျော်နေကြမည်။ ရွှေရုပ်တို့တိုင်းပြည်အတွက် တာဝန်ကျေအောင်ကြိုးစား
ပြီးကြပြီ။ ခက်သည်။ ရွှေရုပ် အပြည့်အ၀မပျော်နိုင် ဖြစ်နေသည်။’တောက်’ပါခေါက်မိ
သည်ထင်၏ ။ ထိုပွဲအား ရွှေရုပ်ကြည့်ချင်လို့အားခဲကာမှ မကြည့်လိုက်ရပဲလေ။ ရွှေရုပ်
သည်ဘောလုံးပွဲ မကြည့်ရသည်ကိုလည်းကောင်း၊ မြန်မာဘောလုံးပွဲထုတ်လွှင့်ချိန်
လေး၌ပင် လျှပ်စစ်မီးမရသည်ကိုလည်းကောင်း၊ မြန်မာဘောလုံးပွဲ ပွဲစဉ်တစ်ခုလုံး
အမှောင်ထဲ ထိုင်နေရသည်ကိုလည်းကောင်းမြန်မာတစ် ယောက်အနေဖြင့် ရှက်မိပါသည်။
ထို့ကြောင့် ဘရူနိုင်းဘုရင့်ဖလား ဘောလုံးပြိုင်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးရဲထွဋ် ရှက်သလို ရွှေရုပ်လည်း ရှက်မိကြောင်း ၀န်ကြီးမင်းသိပါစေ
ဟု….။

ရွှေရုပ်-ရေးသည်

MMSTD.com ---------------------------------------------------------------

MMSTD.com

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...