Ads (728x90)

Photo: အခွန်မဆောင်သော ကုမ္ပဏီဟု သတင်းမှားယွင်းဖော်ပြမှုခံရမှုကြောင့်
မီဒီယာများကို ဖိတ်ခေါ်၍  အများပိုင်ကုမ္ပဏီ AGD ဘဏ် သတင်းစာရှင်းလင်းပွဲပြုလုပ်
=====================================
နေ့စဉ်ထုတ်သတင်းစာတစ်စောင်ဖြစ်သော Daily Eleven သတင်းစာတွင် မတ်လ (၁၁) ရက်နေ့က အခွန်မပေးဆောင်သော ကုမ္ပဏီ တစ်သောင်းကျော်ရှိနေပြီး ဦးတေဇ၏ AGD ဘဏ် ပါဝင်ဟု သတင်းမှားယွင်း ဖော်ပြခံခဲ့ခြင်းနှင့်ပတ်သက်၍သတင်းအချက်အလက်အမှန်များကိုပြန်လည်ရှင်းလင်းပြောကြားသည့် သတင်းစာ ရှင်းလင်းပွဲအား အများပိုင်ကုမ္ပဏီ  AGD ဘဏ်မှ တာဝန်ရှိသူများကချက်ချင်း ပြုလုပ်၍ ပြည်သူများ အမှန်ကို သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲကို AGD ဘဏ်မှ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း AGD ဘဏ်နှင့် အတူ မှားယွင်းဖော်ပြခံခဲ့ရသော ရိုးမဘဏ်မှ တာဝန်ရှိသူများနှင့် ပြည်တွင်း အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးအဆင့် တာဝန်ရှိသူတစ်ဦးတို့လည်း တက်ရောက်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် AGD ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက တက်ရောက်လာသော မီဒီယာများမှ သတင်းထောက်များ၏ မေးမြန်းမှုကို  ရှင်းလင်းစွာ ပြန်လည်ဖြေကြားခဲ့သည်။ 

အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက အခြားသော စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းတို့၏ သဘောသဘာဝမတူညီမှုကို ရှင်းလင်းပြောကြားခဲ့ပြီး AGD ဘဏ် စတင်ထူထောင်ချိန်မှ စ၍ နိုင်ငံတော်အား ပေးဆောင်ရမည့် အခွန်များကို အပြည့်အ၀ထမ်းဆောင်ခဲ့ကြောင်း မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။
 
ထိုအပြင် အခွန်မဆောင်သော ဘဏ်ဟု သတင်းမှားယွင်းဖော်ပြခံခဲ့ရသော ရိုးမဘဏ်မှ တာဝန်ရှိသူ တစ်ဦးဖြစ် သော စီမံဒါရိုက်တာ ဒေါ်အေးအေးစိုးကလည်း တက်ရောက်လာသော မီဒီယာများအား ရိုးမဘဏ်အနေဖြင့် သတင်းမှားယွင်းဖော်ပြခံရမှုနှင့် ပတ်သက်၍ အခွန်ဦးစီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပြီး ဖြေရှင်းရန် ဆောင်ရွက် နေစဉ်အချိန်အတွင်း ယခုကဲ့သို့ AGD ဘဏ်မှ သတင်းစာရှင်းလင်းပွဲစီစဉ်ခဲ့၍ ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကုမ္ပဏီများဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်နိုင်က ထိုကဲ့သို့ မှားယွင်းဖော် ပြခဲ့မှုသည် ကွန်ပျူတာနည်းပညာဆိုင်ရာအမှားအယွင်းကြောင့်ဖြစ်ပြီး မိမိအနေဖြင့် ယင်းဖြစ်ရပ် အတွက် တောင်းပန်ကြောင်းပြောကြားသွားခဲ့သည်။

ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် မတ်လ ၇ ရက်နေ့က  ဌာန ၀က်ဘ်ဆိုက်ဒ် www.irdmyanmar.gov.mm တွင် အခွန်ပေးဆောင်သော ကုမ္ပဏီများကို အခွန်စည်းကြပ်မှု ခံယူခြင်းမရှိသောကုမ္ပဏီများစာရင်းတွင် ကွန်ပျူတာစာရင်းမှားယွင်းမှုကြောင့် ဖော်ပြခဲ့ မိကြောင်း ဦးတင်ထွဋ်နိုင်က ပြောကြားခဲ့သည်။ 

ယင်းနောက်အခန်းအနားအစီအစဉ်အရ AGD ဘဏ်၏တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရဲမင်းဦးက တက်ရောက်လာသော မီဒီယာများမှ သိလိုသည့်မေးခွန်းများကို ဆက်လက်ဖြေကြားခဲ့သည်။ ထိုကဲ့သို့ ဖြေကြားရာတွင် မီဒီယာများအနေဖြင့် သတင်းမဖော်ပြမီ AGD ဘဏ်မှ တာဝန်ရှိသူများကို မေးမြန်းအတည်ပြု သင့်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

ထို့အပြင် AGD ဘဏ်မှ  မတ်လ ၁၁ ရက်၊ ၂၀၁၄ ခုနှစ် နေ့စွဲဖြင့်  အချက်ငါးချက်ပါဝင်သော သတင်းထုတ်ပြန် ချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။ယင်းသတင်းစာရှင်းလင်းပွဲတွင် AGD ဘဏ်သည် သတင်းစာရှင်းလင်း ပွဲမစတင်မီအချိန်ကတည်းက ကြွရောက်လာသော မီဒီယာများအား AGD ဘဏ်၏ ၂၀၁၃ ခုနှစ် နှစ်စဉ် ဘဏ္ဍာ ရေးဆိုင်ရာ အချက်အလက်များစာအုပ်ကို ပေးအပ်ပြီး ဘဏ်၏ ပွင့်လင်းမြင်သာမှုကို ထုတ်ဖော်ပြသခဲ့သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...