Ads (728x90)




အဖွင့်ဂိုးသွင်းယူအပြီးအောင်ပွဲခံစဉ်
၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်များအား ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ နာမည်ကြီး ထိုင်းအသင်းနှင့် အိမ်ရှင် မြန်မာတို့ နှစ်သင်းစလုံး ဂိုးပြတ် နိုင်ပွဲများ ရရှိခဲ့သည်။
မြန်မာအသင်းသည် ၁၇မိနစ်နှင့် ၃၅မိနစ်တို့တွင် ရရှိခဲ့သည့် ဇော်မင်းထွန်းနှင့် ကျော်ကိုကိုတို့၏ ခေါင်းတိုက် သွင်းဂိုးများဖြင့် ပထမပိုင်း အပြီး ၂-၀ဖြင့် ဦးဆောင် နေခဲ့ကာ ဒုတိယပိုင်း ပြန်အစ ၂မိနစ်တွင် ကျော်ကိုကိုက နောက်ထပ် တစ်ဂိုး သွင်းယူပေးကာ ၃ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထိုရလဒ်ကြောင့် မြန်မာအသင်းသည် ပထမပွဲတွင် အရှေ့တီမော အသင်းအား ၃-၁ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည့် ထိုင်းအသင်း၏ အထက် အုပ်စု ထိပ်ဆုံး နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

မြန်မာအသင်း အနေဖြင့် ယနေ့ ပွဲစဉ်တွင် ၄-၄-၁-၁ ပုံစံဖြင့် ပွဲထွက်ခဲ့ပြီး တိုက်စစ်တွင် ကျော်ကိုကိုနှင့် ကျော်ဇေယျာဝင်းတို့ ကစားခဲ့သည်။ ကွင်းလယ် ဘယ်ညာ နှစ်ဖက်တွင် ကြည်လင်း၊ ဒေးဗစ်ထန်းတို့ ကစားခဲ့ပြီး ကွင်းလယ်၌ နိုင်လင်းဦးနှင့် ကျော်မင်းဦးတို့ ပါဝင်ခဲ့သည်။ ခံစစ်တွင်မူ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း၊ အောင်ဇော်၊ စည်သူအောင်နှင့် ဂိုးသမား အဖြစ် ပြည့်ဖြိုးအောင်က တာဝန် ယူခဲ့သည်။

ပွဲစသည်နှင့် မြန်မာအသင်း ကစားအား မြှင့်ကစားခဲ့ပြီး တစ်မိနစ် အတွင်းမှာပင် ထောင့်ကန်ဘော ကန်ခွင့်ရခဲ့သည်။ ယင်း ထောင့်ကန်ဘောအား ကျော်ဇေယျာဝင်းက ကြည်လင်းနှင့် အပေးအယူ လုပ်ကာ ကန်တင်ပေးခဲ့ သော်လည်း ဧရိယာအတွင်းရှိ ကစားဖော်များ အသင့်မရှိခဲ့ပေ။ ၁၃မိနစ်တွင် တန်ပြန် ထိုးစစ်မှ ပြိုင်ဘက် အသင်း၏ ကျောနံပါတ် (၉) အပိုင်ကန်သွင်းချက် ပြည့်ဖြိုးအောင် ကာကွယ် နိုင်ခဲ့၍ သက်သာခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ကစားရင်း ၁၇မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုး စတင် ရရှိခဲ့သည်။ ယင်းဂိုးအား စည်သူအောင် ကန်တင်ပေးသည့် ထောင့်ကန်ဘောမှ တစ်ဆင့် ဇော်မင်းထွန်းက လှလှပပ အပြင်း ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ဂိုးရရှိပြီးနောက် သိပ်မကြာမီမှာပင် ကျော်ဇေယျာဝင်း အပိုင် ဂိုးသွင်းခွင့် တစ်ကြိမ် ရရှိခဲ့သော်လည်း အသုံးချနိုင်ခြင်း မရှိခဲ့ပေ။ ပြိုင်ဘက် ကစားသမား အမှားမှ တစ်ဆင့် ကျော်ဇေယျာဝင်း လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရခဲ့သော်လည်း ထိချက် မမှန်ခဲ့၍ ဘေးထွက် သွားခဲ့သည်။ ၂၇မိနစ်တွင် ကွင်းလယ် ကစားသမား ကျော်မင်းဦး ဘယ်ခြမ်း ဧရိယာ အတွင်းမှ ကန်ချက် ဂိုးသမား ပုတ်ထုတ် ကာကွယ် သွားခဲ့ပြီး ၃၄မိနစ်တွင် ကမ္ဘောဒီးယား အသင်း ရရှိခဲ့သည့် အပိုင် အခွင့်အရေး ကိုမူ ပြည့်ဖြိုးအောင် အစွမ်းပြ ကာကွယ်နိုင်ခဲ့သည်။

ကျော်ကိုကို ဒုတိယဂိုးသွင်းအပြီး အောင်ပွဲခံစဉ်

၃၅မိနစ်တွင် ကြည်လင်း ညာခြမ်းမှ နောက်ခံလူ တစ်ဦးအား လိမ်ခေါက် ကျော်ဖြတ်ကာ ဖြတ်တင်ပေးမှုအား ကျော်ကိုကိုက အကောင်းဆုံး ခေါင်းတိုက်ချက်ဖြင့် အဆုံးကာ မြန်မာအသင်း ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထို့အတူ ၄၁မိနစ်တွင် ဒေးဗစ်ထန်း ဘယ်မှ တင်ပေးမှုအား ကျော်ကိုကို ခေါင်းတိုက်ချက် ကောင်းမွန် သော်လည်း ဂိုးဘား ကျော်သွားခဲ့သည်။ ၄၃မိနစ် ကျော်မင်းဦး ဧရိယာ အပြင်မှ မြေမကျ ကန်သွင်းချက် ဂိုးဘား ကျော်ခဲ့ပြီး ပထမပိုင်း ပြီးရန် တစ်မိနစ် အလိုတွင် ကမ္ဘောဒီးယား အသင်းက လူစားလဲမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် မြန်မာအသင်း လူစားလဲမှု တစ်ရပ် ပြုလုပ်ခဲ့ကာ ကြည်လင်း၏ နေရာတွင် သိန်းသန်းဝင်း ဝင်ရောက် ကစားခဲ့သည်။ ၄၆မိနစ်တွင် ဒေးဗစ်ထန်း ညာခြမ်းမှ ဖြတ်တင်မှုအား ဂိုးသမား ပုတ်ထုတ်ခဲ့ရာ ပြန်ကျလာသည့် ဘောလုံးအား ကျော်ကိုကို ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ ထိထွက်ခဲ့သည်။ ၄၇မိနစ်တွင် လူစားဝင် ကစားသမား သိန်းသန်းဝင်း ဘယ်ခြမ်းမှ ဧရိယာအတွင်း ဆွဲဝင်ကာ ဂိုးရှေ့ အသာဖြတ်ထိုးပေးမှုအား ကျော်ကိုကိုက အပိုင် ကန်သွင်းကာ မြန်မာအသင်း တတိယဂိုး ရရှိခဲ့သည်။

၅၃မိနစ်တွင် ကမ္ဘောဒီးယား အသင်း၏ လူစားဝင် ကစားသမား ကျောနံပါတ် (၇)၏ တစ်ကိုယ်တော် ထိုးဖောက်မှုအား ရန်အောင်ဝင်း တားဆီးနိုင်ခဲ့ပြီး ၆၁မိနစ်တွင် အဆိုပါ ကစားသမား၏ ဖန်တီးပေးမှုမှ ကျောနံပါတ် (၁၇) ကန်သွင်းချက် ပြည့်ဖြိုးအောင် အကောင်းဆုံး ကာကွယ် နိုင်ခဲ့ပြန်သည်။ ၆၂မိနစ်တွင် ဒေးဗစ်ထန်း၏ ဖန်တီးပေးမှုအား ကျော်ကိုကို ပတ်ကန်ချက် ဘားကပ်ကျော်ခဲ့ပြီး ၆၃မိနစ်တွင် ကျော်ဇေယျာဝင်း ဂိုးရရှိရန် ကြိုးပမ်းမှုအား ဂိုးသမား ရှေ့တက် ကာကွယ် သွားနိုင်ခဲ့သည်။

မိနစ် ၇၀တွင် ဒေးဗစ်ထန်း နေရာတွင် သက်နိုင် ဝင်ရောက် ကစားခဲ့ပြီး ကမ္ဘောဒီးယား အသင်းကလည်း လူစားလဲမှု တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။ ၇၈မိနစ်တွင် ကျော်ဇေယျာဝင်း ကန်သွင်းချက် လူထိထွက်ခဲ့ပြီး ကမ္ဘောဒီးယား အသင်း၏ ကျောနံပါတ် (၁၅)၏ ကန်သွင်းချက်မှာလည်း ပြည့်ဖြိုးအောင် ကာကွယ်ခဲ့၍ ရလဒ် မပြောင်းဘဲ ဖြစ်ခဲ့သည်။ မိနစ် ၈၀တွင် ကျော်ကိုကို ဂိုးရရှိရန် အခွင့်အရေး တစ်ကြိမ် ထပ်မံ ရရှိခဲ့သော်လည်း ဧရိယာ အတွင်းမှ ၎င်း၏ အသာမ.ကန်ချက် ဂိုးဘား ထိထွက်ခဲ့သည်။ ၈၁မိနစ်တွင် ကျော်ကိုကို ထိုးဖောက်မှုအား ကာကွယ်ရာမှ ကမ္ဘောဒီးယား နောက်ခံလူ ခြေထောက်ထိကာ ဂိုးပေါက်ထဲ လမ်းကြောင်း ပြောင်းဝင် သွားသော်လည်း ဂိုးသမား အကောင်းဆုံး ကာကွယ် နိုင်ခဲ့ပြန်သည်။ ၈၂မိနစ်တွင် ကျော်မင်းဦး နေရာတွင် ရဲလင်းအောင် ဝင်ရောက် ကစားခဲ့ပြီး ၈၄မိနစ်တွင် သိန်းသန်းဝင်း ကန်သွင်းချက် ဂိုးသမား ပုတ်ထုတ် နိုင်ခဲ့သည်။ ၈၉မိနစ်တွင် သက်နိုင် ဧရိယာ အပြင်မှ ခပ်ပြင်းပြင်း ကန်သွင်းချက် ဂိုးသမား ပုတ်ထုတ် နိုင်ခဲ့ပြီး ထပ်ဆောင်း အချိန်ပိုတွင် နိုင်လင်းဦး အဝါကဒ် ပြသခံရကာ ပွဲပြီးဆုံးခဲ့သည်။

Ref; http://themff.org/index.php?option=com_content&view=article&id=649:2013-12-07-15-44-41&catid=56:u-23&Itemid=503

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...