Ads (728x90)

Photo: ရန်ကုန်ယူနိုက်တက်အသင်းနှင့် နည်းပြဟောင်းအဲရစ်ဝီလျံ ၁ နှစ်စာချုပ် ချုပ်ဆို
-----------------------------------------------------------------------------------
ရန်ကုန်ယူနိုက်တက်အသင်းသည် နည်းပြဟောင်းအဲရစ်ဝီလျံနှင့် ၁ နှစ်သက်တမ်းစာချုပ်ချုပ်ဆိုပြီး ၂၀၁၄ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများ စတင်လိုက်ပြီဖြစ်သည်။ 

နည်းပြဟောင်းအဲရစ်နှင့် လက်တွဲခွင့်ပြန်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိသည်ဟု ရန်ကုန်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇက ယခုလိုပြောကြားသည်။ “အဲရစ်ဟာ ရန်ကုန်အသင်းကို ပထမဆုံးဖလားရအောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြပါ။ အခုစီနီယာအသင်းမှာ နေရာရနေတဲ့ ကစားသမားအတော်များများရဲ့ ဆရာရင်းလည်းဖြစ်ပါတယ်။ ရန်ကုန်အသင်းအကြောင်း ကိုလည်း ကောင်းကောင်းနားလည်သူဖြစ်လို့ သူနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်တစ်ကြိမ်လက်တွဲခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်” ဟု ဆိုသည်။

သြစတြေးလျလူမျိုးနည်းပြအဲရစ်သည် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ရန်ကုန်အသင်းသို့ အကယ်ဒမီနည်းပြအဖြစ် စတင်ရောက်ရှိခဲ့ပြီး ယခု ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၃ အသင်းတွင် ရွေးချယ်ခံထားရသော ဆက်ဖြိုးဝေ၊ ဇာနည်ထက် နှင့် စည်သူအောင်တို့ကဲ့သို့သော လူငယ်များကို ပြုစုပျိုးထောင်ခဲ့သူဖြစ်သည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် ရန်ကုန်အရန်အသင်းကို နည်းပြချုပ်အဖြစ်ဦးဆောင်ပြီး MNL RESERVE LEAGUE 2010 ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။ ထိုချန်ပီယံဆုဖလားသည် ရန်ကုန်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးရသည့် ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ရန်ကုန်စီနီယာအသင်းကို ဦးဆောင်ကာ MNL GRAND ROYAL 2011 ချန်ပီယံဖြစ်အောင် ဦးဆောင်မှုပြုနိုင်ခဲ့သည်။ 

ထို့နောက် ၂၀၁၂ နှစ်လည်ပိုင်းတွင် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီး ယခု ၂၀၁၄ ဘောလုံးရာသီ အတွက် အသင်းသို့ တစ်ကျော့ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။ 

“၀မ်းသာပါတယ်။ ရန်ကုန်အသင်းရဲ့ အကောင်းဆုံးကစားသမားတွေနဲ့ လက်တွဲပြီး အောင်မြင်တဲ့ဘောလုံးရာသီ တစ်ခုဖြစ်ဖို့ ကြိုးစားသွားမှာပါ” ဟု အဲရစ်က ဆိုသည်။ 

ရန်ကုန်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့သည့် ဘူလ်ဂေးရီးယားလူမျိုးနည်းပြ အီဗန်ကိုလက်ဗ်နှင့် စာချုပ်သက်တမ်းတိုးရန် အသေးစိတ် အချက်အလက်များညှိနှိုင်းရာတွင် အဆင်မပြေသောကြောင့် နည်းပြဟောင်းအဲရစ်ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ် သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...