Ads (728x90)


ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာဘောလုံး အသင်းသည် ဒီဇင်ဘာ ၉ရက်နေ့ ညနေ ၆း၄၅ အချိန်တွင် ကစားခဲ့သည့် အုပ်စု ဒုတိယမြောက် ပွဲစဉ်တွင် တီမော အသင်းအား ၃-၁ဂိုးဖြင့် အနိုင်ရရှိကာ နိုင်ပွဲဆက်ခဲ့သည်။
မြန်မာအသင်းသည် ကျော်ဇေယျာဝင်း၏ ၁၃မိနစ် ဖရီးကစ် ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ၃၇မိနစ်တွင် တီမောအသင်းမှ နီတို ချေပဂိုး ပြန်သွင်းခဲ့၍ ပထမပိုင်း အပြီးတွင် ၁-၁ သရေ ဖြစ်နေခဲ့သည်။ ဒုတိယပိုင်း ပြန်အစတွင် တီမောအသင်း ဘက်သို့ ပြတ်ပြတ်သားသား ဖိကစားနိုင်ခြင်း မရှိခဲ့သော်လည်း ၇၁မိနစ်တွင် ကြည်လင်း ကြိုးစား အားထုတ်မှုမှ တစ်ဆင့် ရရှိခဲ့သည့် ကျော်ကိုကို၏ ပင်နယ်တီ သွင်းဂိုးနောက်ပိုင်းတွင် ကစားအား ပိုမို ကောင်းမွန်လာခဲ့သည်။ ၇၈မိနစ်တွင် ကြည်လင်းက အနိုင်သေချာစေမည့် ဂိုးအား အကောင်းဆုံး ကန်သွင်းယူကာ မြန်မာတို့ နိုင်ပွဲရရှိခဲ့သည်။


ပထမပွဲအဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင်မူ အင်ဒိုနီးရှား အသင်းက ကမ္ဘောဒီးယား အသင်းအား ဒုတိယပိုင်း သွင်းဂိုး တစ်ဂိုးတည်းဖြင့် အနိုင်ရရှိခဲ့သည်။ ယနေ့ ဒုတိယမြောက်နေ့ ပွဲစဉ်များ အပြီးတွင် မြန်မာအသင်းက ၂ပွဲကစား ရမှတ် ၆မှတ်ဖြင့် အုပ်စု ပထမနေရာတွင် ဆက်လက် ရပ်တည်ခဲ့သည်။

ယခုပွဲစဉ်တွင် မြန်မာအသင်း အနေဖြင့် ပထမပွဲစဉ်တွင် ပေါင်ကြွက်သား ဒဏ်ရာ ရရှိထားသည့် ကျော်မင်းဦးအား အနားပေးခဲ့ကာ ၄-၃-၃ ပုံစံဖြင့် ပွဲထွက်ခဲ့သည်။ ဂိုးသမား အဖြစ် ပြည့်ဖြိုးအောင်ပင် ပါဝင်ခဲ့ပြီး နောက်တန်းတွင် သက်နိုင်၊ ဇော်မင်းထွန်း၊ အောင်ဇော်၊ စည်သူအောင်တို့ ပွဲထွက်ခဲ့သည်။ ကွင်းလယ်တွင်မူ နိုင်လင်းဦး၊ ဒေးဗစ်ထန်း၊ ကျော်ဇေယျာဝင်းတို့ ကစားခဲ့ပြီး တိုက်စစ်တွင် နေလင်းထွန်း၊ ကြည်လင်းနှင့် ကျော်ကိုကိုတို့ ပွဲထွက်ခဲ့သည်။

ပွဲစသည် ဆိုသည်နှင့် မြန်မာအသင်းက တီမော အသင်းဘက်သို့ အတင်းဝင်လုကာ ဖိအားပေးခဲ့ပြီး တစ်မိနစ် အတွင်းမှာပင် ကြည်လင်း ဧရိယာ အပြင်မှ ဂိုးကန်သွင်းခွင့် ရရှိခဲ့သော်လည်း ဂိုးဘား ကျော်ခဲ့သည်။ ချက်ချင်းဆိုသလိုပင် တီမော အသင်းက မြန်မာအသင်း ဘက်သို့ ထိုးဖောက်ရန် ကြိုးစားရာ ထောင့်ကန်ဘော ရရှိခဲ့သော်လည်း အရာမထင်ခဲ့ပေ။ အလားတူပင် ၇မိနစ်တွင် တီမောအသင်း ထောင့်ကန်ဘောမှ တစ်ဆင့် ခြိမ်းခြောက်မှုကိုလည်း မြန်မာ နောက်ခံလူများ ရှင်းထုတ် နိုင်ခဲ့သည်။ ၉မိနစ်တွင် ဧရိယာ အပြင်ဘက်မှ နေလင်းထွန်း ကန်သွင်းချက် ဘေးကပ်ထွက်ခဲ့ပြီး ၁၀မိနစ်တွင် တီမော ကစားသမား အိုလီဗီယာရာ ကန်ချက်မှာလည်း ဂိုးဘား ကျော်ခဲ့သည်။

၁၃မိနစ်တွင် ဒေးဗစ်ထန်း ထိုးဖောက်မှုမှ တစ်ဆင့် မြန်မာအသင်း တီမော ဂိုးဧရိယာ အပြင်ဘက်မှ ဖရီးကစ် ကန်ခွင့်ရရှိခဲ့သည်။ ယင်း ဖရီးကစ်အား ကျော်ဇေယျာဝင်းက လှလှပပ တိုက်ရိုက် ကန်သွင်းယူကာ မြန်မာတို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့သည်။ အဖွင့်ဂိုး ရပြီးနောက် မြန်မာအသင်း ကစားအား ပိုမို ကောင်းမွန်လာခဲ့ပြီး ၁၅မိနစ်တွင် စည်သူအောင် ပြစ်ဒဏ်ဘော ကန်တင်ပေးချက်အား ဇော်မင်းထွန်း ခေါင်းတိုက်ချက် ဂိုးသမား ထိထွက်ခဲ့ပြီး စည်းကြပ်ဒိုင်ကလည်း လူကျွံဘော သတ်မှတ် ထားခဲ့သည်။

၁၈မိနစ်တွင် ကျော်ဇေယျာဝင်း ဖရီးကစ် ကန်ချက်နှင့် ၂၄မိနစ်တွင် ဒေးဗစ်ထန်းတို့၏ ဂိုးရရှိ ကြိုးပမ်းမှုများမှာ ဂိုးပေါက် လွဲခဲ့ပြီး ၂၆မိနစ်တွင်လည်း နောက်တစ်ကြိမ် ဖရီးကစ် ကန်ခွင့်ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်သွင်းချက် အရာမထင် ခဲ့ပေ။ ၂၆မိနစ်တွင် တီမောအသင်း ညာခြမ်းမှ ဖြတ်တင်မှုမှ တစ်ဆင့် ပီဒရို ဟင်းနရစ် ကန်ချက် ပြည့်ဖြိုးအောင် မိခဲ့သည်။ ၃၃မိနစ်တွင် တီမောအသင်း၏ တန်ပြန်ထိုးစစ်အား တားဆီးရာမှ နေလင်းထွန်း အဝါကတ်ပြ ခံခဲ့ရသည်။

၃၄မိနစ်တွင် တီမောအသင်း ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက်ခွင့် ရရှိခဲ့သော်လည်း ဂိုးဘေး ထွက်ခဲ့ပြီး ၃၅မိနစ်တွင် ကျော်ကိုကို ဂိုးရရှိရန် ကြိုးပမ်းမှု ဂိုးဘား ကပ်ကျော်သွားခဲ့သည်။ ၃၇မိနစ်တွင် တီမောအသင်း ချေပဂိုး ပြန်လည် ရရှိခဲ့သည်။ ညာခြမ်းမှ ဖြတ်တင်မှုအား နီတို ခေါင်းတိုက်ချက် ပြည့်ဖြိုးအောင် ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သော်လည်း ၎င်း၏ နောက်တစ်ကြိမ် ထပ်မံ ကန်သွင်းချက်ကိုမူ ကာကွယ်နိုင်ခြင်း မရှိဘဲ ဂိုးပေးခဲ့ရသည်။ တီမောအသင်းသည် ဂိုးရရှိပြီး နောက်ပိုင်းတွင် ကစားအား ပိုမိုမြင့်တက် လာခဲ့ပြီး အိမ်ရှင် မြန်မာအသင်းအား အခက်တွေ့စေခဲ့သည်။

မိနစ် ၄၀တွင် ဖွန်ဆီကာ၏ ဧရိယာ အပြင်မှ ဘယ်ခြေ အပြင်းကန်ချက် ပြည့်ဖြိုးအောင် အကောင်းဆုံး ကာကွယ် ပုတ်ထုတ် ကာကွယ် ခဲ့ရသည်။ ၄၁မိနစ်တွင် သက်နိုင်၏ ဖန်တီးပေးမှုမှ တစ်ဆင့် ကျော်ဇေယျာဝင်း အပိုင် အခွင့်အရေး တစ်ကြိမ် ရရှိခဲ့သော်လည်း အနည်းငယ် တုံ့ဆိုင်းနေ၍ နောက်ခံလူများ ဖျက်ထုတ် သွားခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် တစ်ဖက် တစ်ဂိုးစီ သရေ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် မြန်မာအသင်းနှင့် တီမောအသင်းတို့ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ကစားခဲ့ကြ သော်လည်း ဂိုးသွင်းခွင့်များ မရဘဲ ဖြစ်နေခဲ့သည်။ ၅၄မိနစ်တွင် တီမောအသင်း ဖရီးကစ်မှ တစ်ဆင့် အိုလီဗီယာရား၏ ကန်ချက် ပြည့်ဖြိုးအောင် လက်စွမ်းပြ ပုတ်ထုတ်ခဲ့ပြီး ၅၇မိနစ်တွင် ကျော်ကိုကို ဖန်တီးပေးမှု ကျော်ဇေယျာဝင်း အဆုံးသတ်ရန် ကြိုးပမ်းမှု အရာမထင်ခဲ့ပေ။ မိနစ် ၆၀နှင့် ၆၆မိနစ်တို့တွင် နိုင်လင်းဦးနှင့် ဒေးဗစ်ထန်းတို့ အစား ရဲလင်းအောင်နှင့် သိန်းသန်းဝင်းတို့အား အသီးသီး ဝင်ရောက် ကစားစေခဲ့သည်။

၆၉မိနစ်တွင် ကြည်လင်း ဧရိယာအတွင်း ထိုးဖောက်မှုအား တီမော နောက်ခံလူ တားဆီးရာမှ မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီး ယင်းပင်နယ်တီအား ကျော်ကိုကိုက အကောင်းဆုံး အဆုံးသတ်ကာ အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့သည်။ ၇၆မိနစ်တွင် တီမောအသင်းက အိုလီဗီယာရား အစား ပီယားရား ဝင်ရောက် ကစားခဲ့သည်။ ၇၈မိနစ်တွင် မြန်မာအသင်း အတွက် အနိုင်ရလဒ် သေချာစေမည့် ဂိုးအား ကျော်ကိုကို ဖန်တီးပေးမှုမှ တစ်ဆင့် ကြည်လင်းက ဧရိယာအတွင်း ဆွဲဝင်ကာ အပိုင် ကန်သွင်းယူ နိုင်ခဲ့သည်။ ၈၅မိနစ်တွင် ကျော်ဇေယျာဝင်း အစား ရန်အောင်ဝင်း ဝင်ရောက် ကစားခဲ့ကာ ရလဒ် မပြောင်းတော့ မြန်မာအသင်းက တီမောအသင်းအား ၃-၁ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...