Ads (728x90)

Eleven Media Group
6 hours ago
ညောင်လေးပင်မှ တောင်ငူသို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ သယ်ဆောင်လာသည့် လမ်းကြောင်းကို စစ်ဆေးနေ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ တောင်ငူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင်လာသည့် လမ်းကြောင်း တစ်လျှောက်ကို ပိုက်စိပ်တိုက် စစ်ဆေးနေကြောင်း ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါ ခရီးသည်ယာဉ် မောင်းနှင်ဖြတ်သန်းလာသည့် ညောင်လေးပင်၊ ကျောက်တံခါးနှင့် ဖြူးမြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း စစ်ဆေးနေကြောင်း သိရသည်။

''အဲဒီ ခရီးသည်တင်ယာဉ်က ညောင်လေးပင်ကနေ စထွက်ခဲ့တယ်။ ဖြူးမြို့နယ် ရောက်တော့မှ မသင်္ကာလို့ သက်ဆိုင်ရာကို အကြောင်းကြားတဲ့အခါ ဗုံးကို တွေ့ရှိခဲ့တယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က လမ်းတစ်လျှောက် ခရီးသည် အတက်အဆင်းတွေ များခဲ့တဲ့ အတွက် ခရီးသည်တွေကို သေသေချာချာ မမှတ်မိဘူး။ ဒါကို အမှန်ဆုံး စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အတွက် ယာဉ်ဖြတ်သန်းလာတဲ့ မြို့နယ်သုံးခုရဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ဆေးနေပါတယ်'' ဟု ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက်က ပြောကြားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဆက်သွယ်ရေး လုပ်ငန်းရှေ့ ရန်ကုန် -မန္တလေး လမ်းကြောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် လိုက်ထရပ် ခရီးသည် ယာဉ်ပေါ်မှ ပလတ်စတစ် အိတ်အတွင်း ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းလက်လုပ်ဗုံးကို အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများ လာရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။ ကျွန်တော်တို့ကားက ညောင်လေးပင်ကနေ မနက် ၆ နာရီ ၄၀ လောက်မှာ စထွက်လာတာ ကျောက်တံခါး မြို့အထိ ခရီးသည် သိပ်မပါဘူး။ ကျောက်တံခါးကနေ ဒီဘက် ဖြူးရောက်ခါနီးမှ ခရီးသည် များလာတာ ဖြူးရောက်တော့ ပစ္စည်းတွေ အတင်အချလုပ်ရင်း အဲဒီအထုပ်ကို တွေ့တာ ခရီးသည် တစ်ယောက်ယောက် ကျန်ခဲ့တာပဲဆိုပြီး ဒီအတိုင်း ပြန်ထားလိုက်တယ်။ နောက်တော့မှ မသင်္ကာလို့ဆိုပြီး အထုပ်ကို သေချာ ဖွင့်ကြည့်တော့မှ အထဲမှာ ပလပ်စတစ် အမည်းနဲ့ ထုပ်ထားတာကို တွေ့ရတာ'' ဟု ချိန်ကိုက်ဗုံးအား စတင်တွေ့ရှိခဲ့သူ ယာဉ်နောက်လိုက် ချစ်ကိုက ပြောကြားသည်။

''ဗုံးကတော့ လက်လုပ်ဗုံးလို့ ယူဆရတာပေါ့၊ ကျွန်တော်တို့က BE အဖွဲ့က လာရောက် မစစ်ဆေးခင် လုံခြုံရေး တာဝန်ယူ ထားရတာပေါ့ BE က တာဝန်ရှိတဲ့ သူတွေပဲ လာပြီးတော့ ပြည်သူတွေနဲ့ ဝေးတဲ့နေရာမှာ သွားရှင်းပစ်ပါတယ်'' ဟု ဖြူးမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းက အဆိုပါဗုံး တွေ့ရှိမှုအား ရှင်းလင်း ပြောကြားခဲ့သည်။

(ဖြူးမြို့နယ် ဆက်သွယ်ရေးရုံး စာတိုက်ရှေ့တွင် မော်တော်ယာဉ်ပေါ်၌ တွေ့ရှိခဲ့သည့် ဗုံးကို သဲအိတ်များဖြင့် ကာရံ၍ စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်))

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...