Ads (728x90)


မြေအောက် ရောက်နေသည့် ရှေးဟောင်း ပစ္စည်းများကို တရုတ်ကြေးနီ သတ္တု တူးဖော်သည့် အဖွဲ့တစ်ခုက အာဖဂန်နစ္စတန်တွင် တူးဖော်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်း ဗုဒ္ဓအဖွဲ့အစည်းနှင့် ဤဒေသ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် ကိုးကွယ် ယုံကြည်မှုများကအစ ပြန်လည် ဆန်းစစ်စရာ ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ခန့်က ဗုဒ္ဓ သစ်သား ဆင်းတုတော်များကို မူလ အနေအထားအတိုင်း ပြန်လည် တူးဖော် ရရှိလိုက်သဖြင့် အဘ္ဘဒူကာ ဒီတီမိုရီ တစ်ယောက် ဝမ်းမြောက်နေမိသည်။ အထူးသဖြင့် အာဖဂန်နစ္စတန် အရှေ့ပိုင်း ရှေးဟောင်း ကျောင်းတော်ရာ နေရာတစ်ခုကို ခြေရာခံ မိသောကြောင့်လည်း သူ ပျော်ရွှင်သွားမိသည်။

တီမိုရီသည် အာဖဂန်နစ္စတန် သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနအဖွဲ့၏ ဒါရိုက်တာ တစ်ဦးလည်းဖြစ် သည်။ ဗုဒ္ဓဆင်းတုတော်များကို တွေ့သည့် နေရာမှာ ကဘူးမြို့နှင့် သိပ်မဝေးသော တောင်ခြေအနီးတွင် ဖြစ်သည်။

"လေးထောင့်စပ်စပ် ဘုရားကျောင်းကြီး တစ်ခုကို တူးဖော် တွေ့ရတာ။ အဲဒီ ကျောင်းတော်ဟောင်းထဲက ဘုရား ဆင်းတုတော်တွေဟာ လေးမီတာ၊ ငါးမီတာလောက် မြင့်တယ်။ တချို့ဆင်းတုတွေက ခြေထောက်တွေပဲ ကျန်တော့တယ်။ ကိုယ်ထည်ပိုင်းနဲ့ ဦးခေါင်းပိုင်းတွေ ပျက်စီး ကုန်ကြပြီ။ အချိန်ကလည်း ကြာပြီလေ။ ကျွန်တော်တို့ လျောင်းတော်မူ ဆင်းတုတွေ လည်း ဒီမှာ တွေ့ခဲ့တယ်" ဟု သူက ဆိုသည်။

"ကျွန်တော် ခြေထောက်တွေကို သန့်စင် ဆေးကြောနေချိန်မှာ သစ်သားလို မျိုး တစ်ခုခုကို လက်နဲ့ သွားထိမိတယ်။ အဲဒီ သစ်သားစကိုလည်း ကျွန်တော် သန့်စင်လိုက်တယ်။ ကျွန်တော် အရမ်းပျော်သွားတယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေဆီ လှမ်းအော်ပြီး ခေါ်လိုက်တယ်။ ကျွန်တော် ဘာကို တွေ့ထားတယ်ဆိုတာ သူတို့ကို ခေါ်ပြလိုက်တာပါ။ အာဖဂန်နစ္စတန်မှာ ပထမဦးဆုံး တူးဖော်တွေ့ရတဲ့ သစ်သား ဆင်းတုကြီး တစ်ဆူ ဖြစ်ပါတယ်" ဟု ဝမ်းသာအားရ သူက ပြန်ပြောပြနေသည်။

ထိုနေ့ကား ၂၀၁၀ ပြည့်နှစ်ထဲတွင် ဖြစ်သည်။ ထိုင်လျက် သစ်သား ဗုဒ္ဓ ဆင်းတုတော်များ နေရာအနှံ့ ရှိနိုင်သေးသည်။ ရက်ကိုပြန်ပြီး တွက်စစ်ကြည့်လျှင် လွန်ခဲ့သော ၅ ရာစုနှင့် ၇ ရာစုခန့်က လက်ရာများ ဖြစ် သည်။ ထိုကာလတွင် ပိုး လမ်းမကြီးတွင် ကုန်သွယ်မှုများဖြင့် စည်ကားခဲ့ သည်။ ဤ နယ်မြေသို့ ဗုဒ္ဓရဟန်းတော်များ ကြေး တူးဖော်ရေး အတွက် ရောက်လာခဲ့မည်မှာ သေချာသည်။

ဗုဒ္ဓဆင်းတုတော်များသည် တင်ပျဉ်ခွေ ထိုင်လျက် ခြေနှစ်ချောင်းကို ယှက်ထားသည်။ အောက်ခံမှာ ကြာပလ္လင်ဖြစ်ပြီး၊ တရား ရှုမှတ်နေသည့် ပုံစံများ ဖြစ်သည်။ လက်ယာဘက် လက်သည် မုဒြာဖြစ်ပြီး လက်ဝါးတော်ကို ရှေ့ဘက်သို့ လှည့်ထားသည်။ ဆင်းတုတော်များသည် အလွန်လေးပြီး လုံးဝပြေပြစ် ရှုမောဖွယ် အနေအထားဖြစ်သည်။ ဦးခေါင်းတော်ထိပ် ဆံတော်ခွေကို လက်ရာမြောက်စွာ ထွင်းထုထားပြီး ၂၀ စင်တီမီတာခန့် ရှိသည်။

"ဒီလို သစ်သား ဆင်းတုတော်မျိုးတွေကို အိန္ဒိယနဲ့ သီရိလင်္ကာလောက်မှာပဲ တူးဖော်တွေ့တာ များတယ်။ အဲဒီနိုင်ငံတွေနဲ့ ဝေးကွာတဲ့ ဒေသတွေမှာ ဆင်းတုတော်ကြီးတွေကို ဖူးတွေ့ရတာတော့ ဒါပထမဦးဆုံးပဲ။ ပုံသဏ္ဌာန် တွေကလည်း ခြေထောက်တွေ ထားပုံကအစ လက်ရာ ကွာတယ်။ ရွှံ့ဆင်းတုတော်ကြီးတွေဆိုရင်လည်း အပေါ်က ဖိအားတွေ သိပ်မရှိတော့ ပကတိအတိုင်း ပြန်ရတယ်" ဟု ဆိုသည်။

တီမိုရီ တူးဖော်ရရှိခဲ့သော ဆင်းတုတော်များကို ယခုအခါ ကဘူးမြို့ရှိ၊ အာဖဂန်နစ္စတန် အမျိုးသားပြတိုက်တွင် ပြသထားသည်။ စုစုပေါင်း တူးဖော် ရရှိသည့် ဆင်းတုတော်ပေါင်း ထောင်ချီပြီး ရှိသည်။ ထိုရှေးဟောင်းကျောင်းတော်ရာ မြေကွက်သည် ဘာဘာဝလီတောင်ခြေ တွင်ရှိပြီး မြေဧက ၁၀၀၀ ခန့် ရှိသည့်အကွက် ဖြစ်သည်။ ကဘူးမြို့မှ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀ ခန့် ကွာဝေးသည့် နေရာတွင်ရှိပြီး ထိုနေရာတွင် နှစ်ပေါင်းများစွာ ဖုန်နှင့်သဲများ ဖုံးလွှမ်းနေသည့် ခြောက်သွေ့ သည့် ဒေသလည်း ဖြစ်သည်။ အရှားပါးဆုံးသော ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်နေသည့် နေရာ တစ်နေရာဖြစ်သည့် ထိုနေရာ၏ သက်တမ်းမှာ နှစ်ပေါင်း ၂၀၀၀ ခန့်ရှိပြီ ဖြစ်သည်။ ရှေးဟောင်း သုတေသီများ၏ ဘရပ်ရှ်များဖြင့် စိတ်ရှည်စွာ တစ်လွှာချင်း ဖော်ထုတ် ခဲ့ရ သည့် ရလဒ်မှာ အတိတ်ကို ပကတိအတိုင်း ပြန်လည် တွေ့လိုက်ရသလို ခံစားမိသည်။

ဤနေရာတွင် ဗုဒ္ဓ ယဉ်ကျေးမှုအမွေ အနှစ်များကို ပြန်လည် တူးဖော်တွေ့ ရှိလိုက်ရခြင်းမှာ ဗုဒ္ဓဘာသာသည် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံ များသာမက ယခု တူးဖော် တွေ့ရှိရသည့် အာဖဂန်နစ္စတန် အရပ်တိုင် ပျံ့နှံ့ခဲ့ကြောင်း ထင်ရှားသည်။ ဘာသာရေးနှင့် ဆက်နွှယ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးများ ဆက်စပ် စဉ်းစားလိုက်လျှင် ဗုဒ္ဓဘာသာ၏ တစ်ချိန်က လွှမ်းမိုးနိုင်စွမ်းမှာ အံ့သြဖွယ်ရာ
ဖြစ်သည်။

"ဒီဒေသတွေမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ပျောက်ကွယ်ကုန်တာ ဖိအား တစ်ခုခုကြောင့် ဖြစ်မယ်ထင်တယ်။ ဘာတွေက ဒီလောက်များ ဖိအားပေးခဲ့လို့လဲဆိုတာ နားလည်ရ ခက်သလို၊ သေချာစွာ လေ့လာ ဆန်းစစ် မှုတွေလည်း လုပ်ခဲ့တာ မတွေ့ရသေးဘူး" ဟု ဖိလစ်ပီ မားကွစ်က ဆိုသည်။ သူသည် ကဘူးအခြေစိုက် DAFA ပြင်သစ် ရှေးဟောင်း သုတေသနဌာန၏ အကြီးအကဲ တစ်ဦး ဖြစ်သည်။

ဤနေရာတွင် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သည်ဆိုလျှင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး ကိစ္စများကိုလည်း ဆက်စပ် စဉ်းစားရမည် ဖြစ်သည်။

ယခု ဗုဒ္ဓကျောင်းတော်နှင့် ဆင်းတုတော်များ တွေ့ရှိသည့်နေရာကို Mes Aynak ဟုခေါ်ပြီး ၁၉၆၃ ခုနှစ် လောက်ကတည်းက ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ် သည်။ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓနှင့် ပတ်သက်သည့် သမိုင်းများရှိခဲ့ကြောင်း ကို ၁၉၇၀ ပြည့်နှစ်လောက်မှ စတင် လေ့လာခဲ့ကြခြင်းဖြစ်သည်။ ဆိုဗီယက် ဘူမိဗေဒ ပညာရှင်များက အပျက်အစီးများကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်းဖြစ် သည်။ ၁၉၈၀ ပြည့်နှစ်တွင် DAFA ရှေးဟောင်း သမိုင်းပညာရှင်များက အိုးခြမ်းကွဲများကို စတင်တွေ့ရှိရာမှ ၁၉၈၂ ခုနှစ်တွင် သမိုင်းဝင်နေရာ တစ်နေရာ အဖြစ် ဖော်ထုတ် တင်ပြခဲ့ခြင်းဖြစ်သည်။

တာလီဘန်တို့ ကြီးစိုးသည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ Mes Aynak ဒေသသည် အယ်လ်ကိုင်းဒါးတို့ စစ်ရေး လေ့ကျင့်သည့် ဒေသ ဖြစ်ခဲ့ သည်။ အိုစမာဘင်လာဒင်သည် စက်တင်ဘာ ၁၁ တွင် အမေရိကန်တို့ကို တိုက်ခိုက်ရန် ကြိုတင် ပြင်ဆင် လေ့ကျင့်ခဲ့သည့် နေရာဟူ၍လည်း ထင်ရှား သည်။

ဤဒေသသည် ကမ္ဘာ့ကြေးနီ အများဆုံးထွက်သည့် ဒေသအတွင်း၌ ပါဝင်ပြီး အဆင့်မြင့် ကြေးနီ ၅ ဒသမ ၅ သန်းခန့် ထွက်ရှိရာ ဒေသလည်းဖြစ်သည်။

"ဒီနေရာကို ရဟန်းတွေက ကြေးနီတွေအတွက် လာကြတာ။ ကြေးနဲ့ ပစ္စည်းတွေ ထုတ်တယ်။ နှစ်ရာနဲ့ ချီပြီး ပိုးလမ်းမကြီးအတိုင်း ကြေး ထွက်ကုန်တွေကို အရှေ့ အလယ်ပိုင်းနဲ့ အိန္ဒိယဆီ ကုန်သွယ်ခဲ့ကြတယ်။ အဲဒီအချိန်လောက်ကတည်းက Mes Aynak ဒေသဟာ အရေးပါခဲ့တယ် ဆိုတာ ထင်ရှားတယ်" ဟု ဗြိတိန် ရှေးဟောင်းအမွေအနှစ် အကြံပေး အင်ဒီမေးလ်လားက ဆိုသည်။

Mes Aynak တွင် တွေ့ရှိရသည့် ဗုဒ္ဓ ရုပ်ပွားတော်များ အပေါ်မှာ ပန်းချီဆေး များကို ကြည့်ပြီး ဗုဒ္ဓဘာသာသည် အာဖဂန်နစ္စတန်တွင် ဘီစီ ပထမရာစုမှ ၁၀၊ ၁၁ ရာစုခန့်အထိ နှစ်ပေါင်း ထောင်ချီပြီး လွှမ်းမိုးနိုင်ခဲ့ကြောင်း ခန့်မှန်း ခဲ့သည်။ လူတို့ နောက်ဆုံး နေထိုင် စွန့်ခွာသွားခဲ့သည့် ကာလမှာ ၁၃ ရာစုခန့် တွင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ ဝတ်ပြု ဆုတောင်းသည့် နေရာသည် ဤမျှ အပျက်အစီးများကြားတွင် နှစ်ပေါင်းများစွာ ကွယ်ပျောက်ခဲ့ရခြင်းမှာလည်း ဘာသာရေးနှင့် ဆက်စပ် စဉ်းစားစရာ များစွာရှိပါသည်။ ဘာသာတစ်ခုက ဘာသာတစ်ခုအပေါ် လွှမ်းမိုးချုပ်ကိုင်သောကြောင့် ဟုလည်း တွေးဆနိုင် သည်။

ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားပြီးနောက် ဤနေရာဒေသသည် နှစ်ပေါင်း များစွာ ဆင်းရဲ မွဲတေသည့် ဒေသဖြစ်ခဲ့ရခြင်းကိုလည်း ပြန်လည် စဉ်းစား သုံးသပ် သင့်ပါသည်။ သဘာဝ သယံဇာတများ ပေါကြွယ်ဝပြီး၊ ဘုန်းမီးနေလ တောက်ကာ စည်ပင်ဝပြောခဲ့သည့် ဒေသကြီး တစ်ခု ပျောက်ကွယ်သွားခဲ့ခြင်းသည်ကား သံဝေဂ ပွားစရာပင်။

Buried treasures, Andy Miller, South China Morning Post, 2013 April 28

The Voice Weekly
Myanmar Online News's status.

Monday, June 17, 2013

(အယ်ဒီတာတစ်ဦး)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...