Ads (728x90)


==========================================

Volume Based Charging စနစ်ဖြင့် ကောက်ခံပါက 1 MB လျှင် ၁ကျပ်နှုန်းဖြင့်ကောက်ခံသင့်ကြောင်း တောင်းဆို
ခြင်းနှင့်ပတ်သက်၍ Myanmar Mobile App သို့ ပြည်တွင်းနည်းပညာ ဂျာနယ်တစ်စောင်ရဲ့ မေးမြန်းလာမှုကို အင်တာနက်ပေါ်မှ တခြားယူဇာများလည်း သိရှိဗဟုသုတရရန်နှင့် ၀ိုင်းဝန်းတောင်းဆိုနိုင်ကြ၇န် အမေးအဖြေပုံစံလေးကို တစ်ချို့အချက်လေးတွေပြန်လည်ဖြည့်စွက်ပြီး တင်ပေးလိုက်ပါတယ်။

မေး - ဘာဖြစ်လို့ 1 MB ကို ၁ ကျပ်နှုန်းနဲ့ကောက်ခံဖို့ တောင်းဆိုချက်ပြုလုပ်ဖို့ စီစဉ်ဖြစ်ခဲ့တာပါလဲ။

ဖြေ - အခု ကျနော်တို့ တောင်းဆိုလိုက်တဲ့ 1 MB ၁ကျပ်ဆိုတဲ့နှုန်းထားဟာ ဖုန်းအင်တာနက်နဲ့ Data Usage တွေကိုအမျိုးမျိုးစမ်းသပ်သုံးစွဲကြည့်ပြီးမှ ဒီဈေးနှုန်းဖြစ်သင့်ကြောင်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးကိုယ်တိုင်ကလည်း Volume Based Charging စနစ်ဖြင့်ကောက်ခံဖို့ရည်ရွယ်ခဲ့ခြင်းဟာ Time Based Charging စနစ်နဲ့သုံးစွဲနေရတာထက်ပိုပြီး ငွေကြေးကုန်ကျမှုလျော့နည်းစေလို၍လို့ပြောကြားထားတာရှိပါတယ်။ ဒါကြောင့် 1 MB လျှင် ၁ ကျပ်ဆိုတဲ့နှုန်းထားဟာ ယခုလက်ရှိ Time Based Charging ထက်ပိုပြီးတော့ ငွေကြေးကုန်ကျမှုသက်သာမှာဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးရော အသုံးပြုမယ့် ပြည်သူတွေပါ နှစ်ဦးနှစ်ဖက်မျှတမယ့် ဈေးနှုန်းဖြစ်ပါတယ်။

မေး - အခုတောင်းဆိုနေကြတဲ့ 1 MB လျှင် ၁ ကျပ်ဆိုတဲ့ နှုန်းထားဟာ Time Based Charging စနစ်ထက်ပိုပြီး ငွေကြေးကုန်ကျမှုသက်သာမယ်လို့ ဘယ်အချက်တွေနဲ့နှိုင်းယှဉ်ပြီး ပြောကြားနိုင်တာပါလဲ ။

ဖြေ - ကျွန်တော် စမ်းသပ်ချက်တစ်ချို့နဲ့ နှိုင်းယှဉ်ပြောပြပါမယ်။ facebook ကို ပုံလည်းကြည့် စာလည်းဖတ် ပုံစံမျိုးနဲ့ နာရီဝက်ခန့်သုံးလျှင် 45 MB လောက် data သုံးစွဲနှုန်းရှိပါတယ်။ ယခုလက်ရှိသုံးစွဲနေတဲ့ စနစ်ဖြစ်တဲ့ Time Based Charging စနစ် တစ်မိနစ် ၂ ကျပ်နဲ့ကောက်ခံမယ်ဆိုရင် နာရီဝက်ကို ၆၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် Volume Based Charging စနစ်မှာ ကျွန်တော်တို့ မိုဘိုင်းယူဇာတွေတောင်းဆိုထားတဲ့ နှုန်းထားဖြစ်တဲ့ 1 MB ကို ၁ကျပ်နှုန်းနဲ့ ကောက်ခံမယ်ဆိုရင်တော့ နာရီဝက် data သုံးစွဲနှုန်း 48 MB လျှင် ၄၈ ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။

မေး - မြန်မာ့ဆက်သွယ်ရေးက ယခင်သတ်မှတ်ထားတဲ့ နှုန်းဖြစ်တဲ့ 100 KB လျှင် ၂ ကျပ်နဲ့ဆို ယခုပြောသွားတဲ့ ဥပမာ အရဘယ်လိုကွာခြားမှုရှိပါသလဲ။

ဖြေ - တော်တော့်ကိုကွာခြားမှုရှိပါတယ်။ ယခင်ထုတ်ပြန်ထားတဲ့ဈေးနှုန်းမှာတုန်းက 100 KB လျှင် ၂ ကျပ် ၊ 1 MB လျှင် ၂၀ ကျပ်လို့ မြန်မာ့ဆက်သွယ်ေ၇းက သတ်မှတ်ခဲ့ပါတယ်။ အဲဒီနှုန်းနဲ့ ခုနကပြောခဲ့တဲ့ facebook နာရီဝက်သုံးစွဲနှုန်း 48 MB ကို ၉၆၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ အခု မိုဘိုင်းယူဇာများတောင်းဆိုလိုက်တဲ့ 1 MB လျှင် ၁ ကျပ်နှုန်းနဲ့ဆို ၄၈ ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။

မေး - ဒါဆိုရင် အခုပြောခဲ့တဲ့ ဥပမာကို လက်ရှိသုံးစွဲနေတဲ့ Time Based Charging နဲ့ နာရီဝက်စာဆိုရင် ၆၀ ကျပ်ကျသင့်မယ် ၊ Volume Based Charging နဲ့ နာရီဝက်စာ data သုံးစွဲနှုန်းနဲ့ဆိုရင် ၄၈ ကျပ်ကျသင့်မယ်ဆိုတော့ ယခု သုံးစွဲနေတဲ့ နှုန်းထားတွေထက်လည်း အနည်းငယ်သက်သာသွားမယ်လို့ အသုံးပြုသူတွေအနေနဲ့သိရှိကြပါပြီ။ နောက်ထပ်သိချင်တာက လက်ရှိသုံးစွဲနေတဲ့ Time Based Charging နဲ့ ပြောင်းလဲသုံးစွဲမယ့် Volume Based Charging စနစ်ဟာ အသုံးပြုသူတွေအတွက် ဘယ်လိုကောင်းတဲ့အချက် ၊ ကွာခြားချက်တွေရှိပါသလဲ။

ဖြေ - Volume Based Charging စနစ်ဟာ နိုင်ငံတကာမှာသုံးစွဲနေတဲ့ ဖုန်းအင်တာနက်အသုံးပြုနှုန်းကောက်ခံပုံစံဖြစ်ပါတယ်။ Volume Based စနစ်ဖြင့် သုံးစွဲခြင်းအားဖြင့် ၂၄ နာရီလုံး ဖုန်းအင်တာနက်ကို ဖွင့်ထားလို့ရပါမယ်။ အများပြည်သူတွေအသုံးပြုနေကြတဲ့ ဖုန်း free call ဆော့ဝဲဖြစ်တဲ့ Viber ကိုတစ်ချိန်လုံးဖွင့်ထားနိုင်မှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ရုံးဝန်ထမ်းတွေအနေနဲ့လည်း Email အ၀င်အထွက်ကို အချိန်နဲ့တစ်ပြေးညီ စစ်ဆေးသိရှိနိုင်မှာဖြစ်ပါတယ်။ ဖုန်းထဲမှာ ပုံမှန် run ထားတဲ့ internet အသုံးပြုဆော့ဝဲလေးများရဲ့ data သုံးစွဲနှုန်းအနည်းငယ်ကလွဲရင် ကိုယ်သုံးမှသာ ပိုက်ဆံကောက်ခံမှာဖြစ်ပါတယ်။ ကိုယ်မသိဘဲဖုန်းထဲမှာ data သုံးစွဲနေတဲ့ အင်တာနက်ကွန်နက်ရှင်အသုံးပြု ဆော့ဝဲလေးတွေကို ပိတ်ထားချင်လည်း ပိတ်ထားလို့ရပါတယ်။ ဖုန်းထဲမှာအမြဲတမ်း အင်တာနက်ဖွင့်ထားလို့ ရပါပြီ။

မေး - 1 MB လျှင် ၁ ကျပ်တောင်းဆိုတဲ့ ကိစ္စဟာ ဘယ်ကနေ စတင်ပြန့်နှံ့လာပါသလဲ ။ ပြီးတော့အခု တောင်းဆိုကြတဲ့ နှုန်းထားကို ဖုန်းအသုံးပြုသူ ဘယ်လောက်အရေအတွက်လောက်က လက်ခံကြပါသလဲ။

ဖြေ - ကျနော်တို့က ဒီတိုက်တွန်းမှုကို Myanmar Mobile App Store (www.facebook.com/myanmarmobileapp) ရဲ့စာမျက်နှာကနေတစ်ဆင့် အင်တာနက်ပေါ်သို့
စတင်ကြေညာပေးခဲ့ပါတယ်။ ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ page ကို like လုပ်ထားတဲ့ member ထောင်ပေါင်းများစွာဆီကို ပြန့်နှံသွားခဲ့ပြီး facebook စာမျက်နှာတွေပေါ်မှာ ဒီကိစ္စပျံနှံ့သွားခဲ့ပါတယ်။ ကျွန်တော်တို့ စစ်တမ်းကောက်ယူကြည့်ရသလောက် အသုံးပြုသူ ၉၃ ရာခိုင်နှုန်းလောက်က 1 MB လျှင် 1 ကျပ်ဆိုတဲ့နှုန်းထားကို သင့်တင့်မျှတကြောင်း လက်ခံပြီး ၀ိုင်းဝန်း တောင်းဆိုခြင်း ၊ share ခြင်းများ ပြုလုပ်ကြပါတယ်။

မေး - အခုတောင်းဆိုတဲ့ နှုန်းထားကို MPT အနေနဲ့ လက်ခံပေးနိုင်ပါ့မလား ။

ဖြေ - အပေါ်မှာတုန်းက ဖြေခဲ့သလိုပဲ ကျနော်တို့တောင်းဆိုလိုက်တဲ့ နှုန်းထားဟာ Time Based Charging နဲ့ပြန်ယှဉ်လိုက်ရင် Time Based Charging စနစ်နဲ့ ကောက်ခံတဲ့နှုန်းထားလောက်ပါပဲ။ MPT က ပြည်သူတွေ ယခုစနစ်ထက်ပိုပြီး သက်သာစေချင်တယ်လို့ ပြောပြီး သတ်မှတ်ပေးလိုက်တဲ့ 100 KB လျှင် 2 ကျပ် ဆိုတဲ့ဈေးကမှ မြန်မာပြည်သူတစ်ဦးချင်းဝင်ငွေအရရော ၊ အလွှာပေါင်းစုံက ပြည်သူတွေသုံးစွဲဖို့ အခက်အခဲရှိပြီး ဈေးနှုန်းကြီးမြှင့်နေတာပါ။ ဒါကြောင့် 1 MB လျှင် ၁ ကျပ်ဆိုတဲ့ နှုန်းထားဟာပြည်သူရော
ဆက်သွယ်ရေးဌာနအနေနဲ့ပါ နှစ်ဦးနှစ်ဖက်သင့်တော်တဲ့ဈေးနှုန်းဖြစ်ပါတယ်။ လက်ရှိသုံးစွဲနေတဲ့ time based charging စနစ်ရဲ့ ဈေးနှုန်းနဲ့လည်း အနည်းငယ်သာကွာခြားကာ အနည်းငယ်လည်းပိုဈေးသက်သာပါတယ်။ နိုင်ငံရဲ့ အင်တာနက်အသုံးပြုသူကဏ္ဍပိုမိုမြင့်တက်လာစေချင်တယ်ဆိုရင်တော့ ပြည်သူတွေ သုံးစွဲနိုင်မယ့် ဈေး ၊ ပြည်သူတွေက အခုလို စမ်းသပ်ချက်တွေ နှိုင်းယှဉ်တွေပြုလုပ်ပြီးမှ နှစ်ဦးနှစ်ဖက်မျှတပြီး ဖြစ်သင့်လို့တောင်းဆိုတဲ့
ဈေးနှုန်းဖြစ်တာကြောင့် MPT အနေ ပြည်သူတွေအတွက် စဉ်းစားတယ် ၊ ဈေးနှုန်းချိုသာစွာအသုံးပြုစေချင်တယ်ဆိုရင် 1 MB လျှင် ၁ ကျပ် နှုန်းကို သေချာသုံးသပ်ရမှာဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်အသုံးပြုသူများကလည်း တစ်ညီတစ်ညွတ်တည်းဝိုင်းဝန်းတောင်းဆိုကြဖို့လိုပါတယ်။

မေး - 1 MB လျှင် ၁ ကျပ်ဆိုတဲ့ နှုန်းထားဟာ မြန်မာပြည်သူတွေနဲ့ အသင့်တော်ဆုံးဈေးနှုန်းလို့ ဘာလို့ပြောနိုင်တာပါလဲ။

ဖြေ - လူနေမှုအလွှာပေါင်းစုံက မြန်မာပြည်သူတွေရဲ့ တစ်ဦးချင်းဝင်ငွေအလိုက်ရော နောက်ပြီး ဆင်းရဲချမ်းသာမရွေးပေါ့ဗျာ ၊ အခု ဖုန်းအင်တာနက်အသုံးပြုသူများအတွက်တောင်းဆိုလိုက်တဲ့ Data သုံးစွဲနှုန်း 1 MB လျှင် ၁ ကျပ်ဆိုတဲ့ နှုန်းထားဟာ မြန်မာပြည်သူတွေအတွက်အသင့်တော်ဆုံးနှုန်းထားတစ်ခုဖြစ်ပါတယ်။ အခုပြည်သူတွေ လက်ရှိသုံးစွဲနေတဲ့ Time Based Charging စနစ်ထက် ငွေကြေးကုန်ကျမှုအနည်းငယ်သက်သာသလို ၂၄ နာရီအမြဲဖွင့်ထားသော်လည်း ကိုယ့်ဖုန်းက အင်တာနက်စသုံးမှ ပိုက်ဆံကောက်မှာဖြစ်တဲ့အတွက် လက်ရှိ စနစ်ထက်လည်း အများကြီးပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ ယခင်က မြန်မာ့ဆက်သွယ်ရေးကသတ်မှတ်ထားတဲ့ 100 KB လျှင် ၂ ကျပ် ၊ 1 MB လျှင် ၂၀ ကျပ်နှုန်းနဲ့သာဆို နာရီဝက်လောက်သုံးတာနဲ့ ငွေရှစ်ရာလောက်ကုန်သွားနိုင်ပါတယ်။ ယခု မိုဘိုင်းအင်တာနက်အသုံးပြုသူများ သတ်မှတ်တောင်းဆိုကြတဲ့ 1 MB လျှင် ၁ ကျပ် ဆိုတဲ့ နှုန်းထားဟာ လူတိုင်း အသုံးပြုနိုင်တဲ့ နှုန်းထားဖြစ်တာကြောင့် လူနေမှုအလွှာပေါင်းစုံက မြန်မာပြည်သူတွေ အတွက်အသင့်တော်ဆုံးနှုန်းထားဖြစ်ပါတယ်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...