Ads (728x90)

http://ygnutd.com/index.php?pid=2&id=800&&news=feature&&lang=myn

ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ကျောင်းသားအသင်းကို ရန်ကုန်ယူနိုက်တက် ပံ့ပိုးကူညီ
................................................................................................
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က လမ်းမတော် မြို့နယ်၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် စခန်းဝင် လေ့ကျင့်လျက် ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ကျောင်းသား/ ကျောင်းသူများ ဘောလုံး အသင်းကို ရန်ကုန် ယူနိုက်တက် အသင်းက ငွေကျပ် ၅ သိန်း ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည့် ၂၀၁၂-၂၀၁၃ ကျောင်းသား အားကစားပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးအသင်းနှင့် အမျိုးသမီး ဘောလုံးအသင်းတို့ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ရန်ကုန် ယူနိုက်တက် အသင်းက ကူညီပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်အသင်းသည် အလားတူ အကူအညီမျိုးကို ပြီးခဲ့သည့် နှစ်ကလည်း ပံ့ပိုးပေးခဲ့ဖူးပြီး ၂ နှစ်ဆက်တိုက် ကူညီခွင့် ရသဖြင့် ၀မ်းသာ ဂုဏ်ယူကြောင်း အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ်က ပြောကြားသည်။

ရန်ကုန်အသင်း၏ အားပေးကူညီမှုနှင့် ပတ်သက်၍ ကျောင်းသားအသင်း တာဝန်ရှိသူ ဒေါ်တင်တင်ညို (ဒု-ဦးစီးမှူး(ကာယ)၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာနက “တိုင်းဒေသကြီး ကိုယ်စားပြု ကျောင်းသား အသင်းကို ရန်ကုန် ယူနိုက်တက် အသင်းက အမြဲကူညီ နေကျပါ။ ကလေးတွေကလည်း ရန်ကုန်အသင်းက ကစားသမားတွေကို အထင်ကြီး လေးစားပြီး သူတို့လို ဖြစ်အောင် ကြိုးစားနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းဆိုရင်လည်း ရန်ကုန်အသင်းကို အားကျပြီး ကြိုးစားခဲ့တာပါ။ ဒီနှစ်လည်း ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးစားမှာပါ။ ရန်ကုန်အသင်းက အခုလိုမျိုး ကူညီပေးခဲ့တဲ့ အတွက်လည်း ဘောလုံးအသင်း အနေနဲ့ အရမ်း ကျေးဇူးတင်တဲ့ အကြောင်း ပြောကြားချင်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်က ကျောင်းသား အားကစား ပွဲတော်တွင် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား အသင်းရော အမျိုးသမီး အသင်းပါ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက အာရှ ယူ-၁၉ ခြေစစ်ပွဲအောင် သွားသည့် တိုင်းပြည် ဂုဏ်ဆောင် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းတွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အသင်းမှ ကစားသမား ၈ ဦး ပါဝင် ကစားခဲ့ကြောင်း သိရသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...