ငယ်ငယ်က စာတစ်ပုဒ်ဖတ်ဖူးတယ်...chicken soup ထဲကလို့ ထင်ပါတယ်...
တစ်ခါတုန်းက အသက် ၈၀ အရွယ် အဖိုးအို တစ်ယောက်ဟာ အသက် ၄၀ အရွယ် ပညာတတ်သားဖြစ်သူနဲ့ ဆိုဖာ တစ်လုံးပေါ်မှာ ထိုင်နေရင်း ရုတ်တရက် ကျီးကန်းတစ်ကောင်က ပြတင်းပေါက်မှာ လာနားသတဲ့....။
အဖေက သားကို မေးတယ်..."အဲဒါ ဘာလဲ"
သားက "အဲဒါ ကျီးကန်းလေ"
နောက်ခဏကြာတော့ အဖေက သားကို ဒုတိယအကြိမ် ထပ်မေးတယ် "အဲဒါ ဘာလဲ"
သားက ဖြေတယ်..."အဖေ...ကျွန်တော်ပြောပြီးပြီလေ..အဲဒါကျီးကန်းပါလို့"
ခဏကြာတော့ အဖေက ထပ်မေးပြန်တယ်... "အဲဒါ ဘာလဲ"
ဒီတစ်ခါတော့ သားက စိတ်ဆိုးတဲ့အမူအရာနဲ့ အသံကျယ်ကျယ် အော်ပြောလိုက်ပါတယ်..."ဘာလို့ အဲဒီမေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေရတာလဲ...အဲဒါကျီးကန်း....ကျီးကန်း...သိပြီလား"
ခဏနေတော့ အဖေဖြစ်သူက အခန်းထဲဝင်သွားပြီး ဒိုင်ယာရီစာအုပ်လေးတစ်ခုထုတ်လာပါတယ်... အဲဒီမှာ သူ့ရဲ့သားမွေးကတည်းက အကြောင်းတွေကို ရေးထားတာတွေ့ရပါတယ်...
သူက သူ့သားကို အဲဒီထဲက စာကို ဖတ်ခိုင်းပါတယ်...
စာအုပ်ထဲမှာရေးထားတာက...
"ဒီနေ့ သားရဲ့အသက် ၃ နှစ်ပြည့်ပြီ...ကျီးကန်းတစ်ကောင် ပြတင်းမှာ လာနားတယ်... သားက ငါ့ကို ၂၃ ကြိမ်တိတိ အဲဒါဘာလဲလို့မေးတယ်...ငါကလဲ ၂၃ ခါတိတိ ကျီးကန်းပါလို့ ပြန်ဖြေတယ်...အပြစ်မရှိတဲ့သားငယ်ကို ငါ မညည်းညူပဲ ကရုဏာတောင် ပိုခဲ့တယ်..."
သားက အဖေ့ကို ၂၃ ခါ မေးတုန်းက အဖေက စိတ်မဆိုးပဲ ဒီမေးခွန်းကိုပဲ ၂၃ခါ ပြန်ဖြေတယ်...ဒါပေမဲ့ ဒီနေ့တော့ အဖေက သားကို ၃ ခါပဲ မေးတယ်..သားက စိတ်ဆိုးတယ်...
ဒီလိုဆိုရင်....
တကယ်တော့ ကျွန်တော်တို့ရဲ့ မိဘတွေ အိုမင်းလာခဲ့ကြပါပြီ... တာဝန်တရပ်လို့ သူတို့ကို ရှုမြင်ပြီး တုံ့ပြန်မဲ့အစား...အေးဆေးစွာ ကြင်နာတဲ့ လေသံနဲ့ ချိုမြိန်စွာ ပြောဆိုသင့်ပါတယ်...မိဘတွေကို ကိုယ်ချင်းစာပါ...ဒီနေ့ကစပြီး မိဘတွေ ပျော်နေတာပဲ မြင်ချင်တယ်လို့ ကြွေးကြော်လိုက်ပါတော့...သူတို့ဟာ ကျွန်တော်တို့ လူ့လောကထဲကို ရောက်လာကတည်းက...ကရုဏာသက်ခဲ့ကြသူတွေပါ...ကိုယ်ချင်းမငဲ့ စာနာထောက်ထား မေတ္တာထားခဲ့ကြသူတွေပါ....
သူတို့တွေဟာ မုန်တိုင်း နဲ့ အပူဒဏ်ကို မမှုပဲ ကျွန်တော်တို့အတွက်...တောင်တန်း အသွယ်သွယ်ကို ဖြတ်ကျော်ခဲ့သူတွေပါ...သူတို့ဘယ်လောက်ပဲ ပြုမူဆက်ဆံပါစေ...အခုအချိန်မှာ...စိတ်ရှည်စွာနဲ့ အိုမင်းလာပြီဖြစ်တဲ့ မိဘတွေကို အကောင်းဆုံးနည်းလမ်းနဲ့ ပြုစုစောင့်ရှောက်ဖို့လိုအပ်လှပါတယ်....
(ဇေယျာ)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။