Ads (728x90)




ယနေ့ မြန်မာနိုင်ငံ အထက်ပိုင်းက အင်အားပြင် မြေငလျင်တခုနှင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ် သွားခဲ့သည်ကို ယနေ့ ည ၈ နာရီ မထိုးခင်နှင့် ၈ နာရီ သတင်း ကြေညာချက်များဖြစ်ပါတယ်။ 

ည ၈ နာရီ သတင်းကြေညာနေစဉ်မှာ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနကို ကိုးကားပြီး  ညနေ ၅ နာ ရီ ကျော် ကလည်း မန္တလေး ၊ ရွှေဘို အဆိုပါ အနီးဒေသတွင် အင်အား ၅ . ၈ စကေးရှိ အသင့် အတင့် မြေငလျင် တခု ထပ်မံ လှုပ်ခတ်ကြောင်း ကြေညာသွားပါတယ်။

သမ္မတရုံး ကြေညာချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ 


စစ်ကိုင်းတိုင်းရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့

Sun, 11/11/2012 - 18:44
Printer-friendly versionSend by email
နေပြည်တော် နိုဝင်ဘာ ၁၁

ယနေ့ နံနက်က လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရ စစ်ကိုင်းမြို့တွင် မင်းကွန်း ခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင် ကျေးရွာ ဆက်သွယ်ရေးရုံး ပြိုကျခြင်း၊ ဆယ်ပင်ကျွန်း မူလတန်းကျောင်း (၁)ထပ်ဆောင် ထက်ဝက်ခန့် ပြိုကျခြင်း၊ မကျည်းသုံးပင် ကျေးရွာ မူလတန်းကျောင်း အဆောက်အဦ၏ (၇ဝ) ရာနှုန်း ပြိုကျ ပျက်စီးခြင်း၊ ဆိတ်သာကျေးရွာ မူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာ တွဲဖက်မူလတန်းကျောင်း ထက်ဝက်ခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ရွှေဘိုမြို့တွင် ချမ်းသာကြီး စေတီတော်၏ စိန်ဖူးတော် မြေခခဲ့ပြီး ကြာမောက်ကြာလန် အောက်မှ အင်္ဂတေအချို့ ပြိုကျပျက်စီးခြင်း၊ မင်းသမီး ရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော်များ မြေခခြင်း၊ အတွင်းမိတ္ထီလာ ဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန် ဘုန်းကြီးကျောင်း တို့၏ မုဒ်ဦးများ ပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာ ဘုန်းကြီးကျောင်း အတွင်းရှေးဟောင်း စေတီတော်(၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော်(၁) ခုမြေခခြင်း၊ ဇောတိက ရာမ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၅)ခန်း၊ ရွှေဘုံရတနာ မင်္ဂလာ နန်းတော်ကျောင်းမှ အုတ်တံတိုင်း (၈)ခန်းနှင့် အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၄)ခန်းတို့ ပြိုကျခြင်း၊ ဆင်အင်းကျေးရွာ ကုန်းသာ ဘုန်းကြီးကျောင်း အတွင်း ပြသာဒ်ဟောင်း အပေါ်ပိုင်း (၄)ပေခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် ကုက်တတ်အုပ်စု ရုံးပင်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်း နှင့် အညာသီဟတော ဘုရားထီးတော်ယိုင်၍ အာရုံခံသစ်သားတန်ဆောင်းတို့ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း(၁၂) ခန်း ပြိုကျခြင်း၊ ဓမ္မာရုံ(၂) ခု၏ အုတ်နံရံ ပြိုကျခြင်း၊ အိမ်ခြေ အလုံး(၂ဝ)ပြိုကျခြင်း၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်း မှ စေတီ (၂)ဆူ ထီးတော် အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင် ကျေးရွာမှ မြန်မာညွန့်ဆန်စက်ခေါင်းတိုင် ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ ထန်းတပင်ကျေးရွာ ရွာလယ်စေတီ ထီးတော်မြေခခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။

ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရား ငှက်ပျောဖူးမှစ၍ ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်း နံရံပြိုကျခြင်း၊ ရေလည်မှော်ကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်း၊ ရွာသာကြီးကျေးရွာ ဘုရားစိန်ဖူး 
တော် မြေခခြင်းနှင့် အင်းမဲကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ် လှုပ်ရှားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် နေရာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင်လှုပ်ခတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း

ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာ ရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့

Sun, 11/11/2012 - 18:24
Printer-friendly versionSend by email
နေပြည်တော် နိုဝင်ဘာ ၁၁

ယနေ့ နံနက်(၇) နာရီ (၄၂)မိနစ် (၃၇) စက္ကန့်တွင် အင်အားပြင်း ငလျင်(၁) ကြိမ်၊ နံနက်(၇) နာရီ (၅၉) မိနစ် (၅၉) စက္ကန့်တွင် အင်အား အသင့်အတင့် ငလျင်(၁) ကြိမ်နှင့် နံနက်(၈) နာရီ (၂) မိနစ် (၂၈) စက္ကန့်တို့တွင် အင်အား အသင့်အတင့် ငလျင်(၁)ကြိမ် လှုပ်ရှားသွားခဲ့ကြောင်း၊ ပျက်စီးမှု၊ ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ် ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ ရရှိသော သတင်းများအရ မိုးညှင်းမြို့ ရွှေသာလျောင်း ဘုရားကြီး ဝန်းအတွင်းရှိ ဂန္ဓကုဋီတိုက် မျက်နှာစာ အခန်း(၃)ခန်းရှိ နံရံနှင့် အုတ်တိုင်အချို့ အက်ကွဲခဲ့ကြောင်း ။

ရွှေဘိုမြို့နယ်တွင် ညောင်ပင်သာ (၁၁) ကေဗွီ ဓာတ်အားလိုင်းမှ (၁ဝ)မီတာ ကွန်ကရစ်တိုင် (၁)တိုင် ကျိုးခြင်း၊ အမှတ်(၄) ရပ်ကွက်(၄ဝဝ)ဗို့ ဓာတ်အားလိုင်းမှ (၉)မီတာ ကွန်ကရစ်တိုင်(၁)တိုင် ကျိုးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။

စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဂိုဒေါင် အဆောက်အဦ၏ နံရံ(၁ဝ)ပေ ခန့် ပြိုကျခဲ့ကြောင်း ။

ကန့်ဘလူ မြို့နယ်တွင် မလယ်ကျေးရွာ တိုက်နယ်ဆေးရုံမှ လူနာဆောင် (၁)လုံး ပြိုကျပျက်စီးခြင်း၊ အထက်တန်းကျောင်းနှင့် မူလတန်း ကျောင်းအုတ်နံရံများ ပြိုကျခြင်း၊ စေတီ(၁ဝ)ဆူ ပြိုကျခြင်း၊ ဘုန်းကြီးကျောင်း (၇) ကျောင်းနှင့် အိမ်ခြေ (၂ဝ) ပြိုကျ ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ။

စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရား စေတီတစ်ဆူ ထီးတော်မြေခခြင်း၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံး၏ အနောက်ဘက် အုတ်တံတိုင်း ပေ(၉ဝ)ခန့် ပြိုကျခဲ့ပြီး ရုံးဝင်းအတွင်းရှိ ဓာတ်အားခွဲရုံ၏ (၃၃) ကေဗွီ LA (၂) ခု ကျိုးပဲ့ ပျက်စီးခြင်း၊ ကျည်တောက်ပေါက် ခွဲရုံမှ (၃၃) ကေဗွီ ထရန်စဖော်မာ၏ Bushing (၁) လုံးကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။

သပိတ်ကျင်း မြို့နယ်တွင် အိမ်ခြေ(၁ဝဝ)ခန့် ထိခိုက်ပျက်စီးခြင်း၊ အိမ်(၁)လုံးပြိုကျပြီး လူ(၁) ဦး သေဆုံးကာ (၂၄) ဦး ဒဏ်ရာရရှိခြင်း၊ ပြန်ကြားရေနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံး အပေါ်ထပ် အနည်းငယ် ပျက်စီးခြင်း၊ မျက်နှာကျက် ပျက်စီးခြင်း၊ ခြံစည်းရိုး အုတ်တံတိုင်း (၂)ခန်း ပြိုကျခြင်း၊ ဆေးရုံရှေ့ အုတ်တံတိုင်း ပြိုကျခြင်း၊ ဘဏ်အဆောက်အဦရှေ့ အဆောင်ပြိုကျခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး အပေါ်ထပ်နှင့် ဘုရားစင် ပြိုကျခြင်း၊ ဆိပ်ကမ်း မူလတန်းကျောင်း အဆောက်အဦ နံရံများ ပြိုကျခြင်း နှင့် ထပ်ဆင့်လွှင့် စက်ရုံ တာဝါတိုင် ယိုင်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။

မိုးကုတ်မြို့နယ်တွင် စေတီ(၃)ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း ။

မန္တလေးမြို့တွင် သစ်မင်းရာဇာ ကုမ္ပဏီ (၅) ခန်းတွဲ (၂) ထပ်မှ (၂) ထပ် (၁) ခန်း ပြိုကျခြင်း၊ ကံလှဓမ္မာရုံ ပြသာဒ် ပျက်စီးခြင်း၊ ဦးရွှေရိုး ဘုရားကြီး ဇောင်းတန်း အနောက်ဘက် အုတ်နံရံ အက်ကွဲခြင်း၊ ရွှေဘုန်းရှိန်ရပ်မှ (၂)ထပ် တိုက် အိမ် (၁)လုံး အက်ကွဲခြင်း၊ အမှတ်(၇)ရဲစခန်း အနောက်ဘက် အုတ်တံတိုင်း ပေ(၇ဝ) ခန့် ပြိုကျ ပျက်စီးခဲ့ခြင်း၊ နန်းဦးစေတီ အရှေ့ဘက် မုဒ် ပြသာဒ် အလျား (၈)ပေခန့် ပြိုကျခဲ့ခြင်း၊ အောင်မြေ ရွှေဘုံဘုရား စိန်ဖူးတော် မြေခခြင်း၊ ရွှေလင်းပင်ဘုရား သံထီးတော်ယိုင်ခြင်း၊ ကျောက်တော်ကြီးဘုရား အရှေ့မုဒ်ဦး တိုင်ကျိုး၍ မျက်နှာကျက် အက်ကွဲခြင်း၊ ရွှေဂူကြီးဘုရား အရန်စေတီငယ် တစ်ဆူ၏ ထီးတော် မြေခခြင်း၊ ရွှေဘုံသာဘုရား စိန်ဖူးတော်မြေခခြင်း၊ ငွေအိုးရဘုရား ပြသာဒ်ပြုတ်ကျခြင်း၊ မကျည်းကိုင်း မူလတန်းကျောင်း အုတ်နံရံ အက်ကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။

တံတားဦး မြို့နယ်တွင် မင်္ဂလာစေတီထီးတော် ကောက်သွားခြင်း၊ ဆေးအိုးဘို စေတီ ဖောင်းရစ်များ ကွာကျခြင်း၊ စန္ဒာမုနိဘုရား၊ လေးထပ်ကြီး ဘုရားနှင့် လောကသရဖူ ဘုရားတို့တွင် ဖောင်းရစ်များ ကွာကျခြင်း၊

လက်ပံလှ ပင်မဓာတ်အားခွဲရုံရှိ စတိုး အဆောက်အဦ၏ မြင့်မိုရ်ပိတ် တစ်ခြမ်းနှင့် ယင်းနှင့် ကပ်လျက်ရှိသည့် အုတ်နံရံ (၄) ပေခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း  သတင်း ရရှိသည်။



စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင် လှုပ်ခတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာ ရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့

Sun, 11/11/2012 - 18:20
Printer-friendly versionSend by email
နေပြည်တော် နိုဝင်ဘာ ၁၁

ယနေ့ နံနက် (၇) နာရီ (၄၂) မိနစ် (၃၇) စက္ကန့်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် (၈၂) မိုင် ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆ ဒသမ ၈) အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း၊ နံနက်(၇) နာရီ (၅၉) မိနစ် (၅၉) စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက်(၅၉)မိုင်ခန့်၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက်(၂၃)မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက်ဘက် (၃၆) မိုင်ခန့်နှင့် သပိတ်ကျင်းမြို့မှ အနောက်တောင်ဘက် (၄)မိုင် ခန့် နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅ ဒသမ ဝ) အဆင့်ရှိ ငလျင်တစ်ခုနှင့် နံနက်(၈) နာရီ (၂)မိနစ် (၂၈)စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက်(၅၃)မိုင်ခန့်၊ ရွှေဘိုမြို့ အရှေ့မြောက်ဘက် (၁၆) မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက်ဘက် (၄၁) မိုင်ခန့် နှင့် သပိတ်ကျင်းမှ အနောက်တောင်ဘက် (၁၂) မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅ ဒသမ ဝ) အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ရှား သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းမှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်းမြို့နယ် တို့တွင် ပျက်စီးမှု အချို့နှင့် ထိခိုက် သေဆုံးမှု အချို့ ရှိခဲ့ကြောင်း သိရသည်။

ငလျင် လှုပ်ရှားမှုကြောင့် စစ်ကိုင်းမြို့တွင် ကောင်းမှုတော်ဘုရား စိန်ဖူးတော်တိုင် အနည်းငယ် တိမ်းစောင်းသွားခြင်း၊ ဆင်များရှင်ဘုရား ထီးတော်ထိပ်မှ ဖန်သီးအချို့ ပြုတ်ကျခြင်း၊ မဟာစေတီဘုရားတွင် ဘုရား၏ လုံးပတ်နေရာ အချို့ အနည်းငယ် ကွဲအက်ခြင်း၊ လေးကျွန်းမာန်အောင် ချမ်းသာကြီးဘုရား စိန်ဖူးတော် ပြုတ်ကျခြင်း၊ ထူပါရုံဘုရား သပိတ်မှောက် အောက်ပတ်လည်တွင် အက်ကြောင်းအချို့ ဖြစ်ပေါ်ခြင်း၊ ရတနာပုံ တံတားထိပ်ရှိ မုခ်ဦးအနည်းငယ် ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ရွှေဘိုမြို့တွင် မြို့ထောင့်စေတီဘုရား၏ ထီးတော် ယိုင်လဲခြင်း၊ လမ်းလယ်ဘုရား ဓမ္မာရုံ၏ ကဆွန် ပြိုကျခြင်း၊ အရှေ့ လောကမာရဇိန် ဘုရားမုခ်ဦး ပြိုကျခြင်း၊ အမှတ်(၉) ကျားကျောင်း ဘုန်းကြီးကျောင်း အုတ်တံတိုင်း (၄)ခန်း ပြိုကျခြင်း၊ မင်းတုန်းကျေးရွာ ဘုန်းကြီးကျောင်း မုခ်ဦးပြိုကျခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ဆန်စက်(၁)ခု၏ ခေါင်းတိုင် ထိပ်ပိုင်း (၆)ပေခန့် ပြိုကျခြင်းနှင့် ဈေးဆိုင်ခန်း တစ်ခု၏ အပေါ်ထပ် အုတ်နံရံ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ကျောက်မြောင်းမြို့တွင် အမှတ်(၂)ရပ်ကွက်ရှိ အိမ်(၁)အိမ်မှ အုတ်တံတိုင်း (၃)ခန်း ပြိုကျခဲ့ရာမှ အမျိုးသမီးတစ်ဦး အုတ်တံတိုင်းပိ သေဆုံးပြီး (၁ဝ) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧရာဝတီ မြစ်ကူးတံတား (ရတနာသိင်္ဃ) ၏  RP-1 နှင့်   RP-2 ကြားနှင့် RP-2 နှင့် RP-3 ကြား တံတားအခန်း (၂) ခန်းမှ တပ်ဆင်ဆဲ သံပေါင်များ၊ သံပေါင်ပေါ်ရှိ Erection Tower နှင့် Erection Crane တို့ ပြုတ်ကျသွားပြီး တံတား အောက်ဘက်ရှိ ရေယာဉ်များပေါ် ကျရောက်သဖြင့် Barge (၁) စီးနှင့် Z-craft  (၁)စီး နစ်မြုပ်ကာ (၁) ဦး သေဆုံး၊ (၄) ဦး ပျောက်ဆုံး၍ (၁၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း။

ခင်ဦးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့ဘက် အုတ်တံတိုင်း(၁ဝ)ခန်း ပြိုကျခြင်း၊ တဘွတ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် နှစ်ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ပြီး သံဃာ (၁) ပါး ဒဏ်ရာရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

မန္တလေးမြို့တွင် လေးမျက်နှာဘုရား၊ အရိပ်မထွက် ဘုရားနှင့် စန္ဒာမုနိ ဘုရားတို့မှ စိန်ဖူးတော်များ မြေခခဲ့ကြောင်း။

အမရပူရ မြို့နယ်တွင် ပုထိုးတော်ကြီးစေတီ၏ စိန်ဖူးတော် မြေခခဲ့ပြီး စွယ်တော်မြတ် စေတီ (မန္တလေး) ၏ စိန်ဖူးတော် အလယ်ပစ္စယံသို့ ပြုတ်ကျခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

စဥ့်ကူးမြို့တွင် ရွှေဂူကြီးဘုရား မုခ်ဦး တစ်ခြမ်းပြိုကျခြင်း၊ ရွှေဂူကြီး မူလတန်းကျောင်းရှိ  ကျောင်း ဆောင် တစ်ဆောင်နှင့် အုတ်တံတိုင်းပေ ၃ဝဝ ခန့် ပြိုကျခြင်း၊ ရွှေယက်တောင် ဘုရား၏ တံခွန်တိုင်နှင့်  မုခ်ဦးပြိုကျခြင်း၊ တောရကျောင်းတိုက် အုတ်တံတိုင်း (၅)ခန်း ပြိုကျခြင်း၊ ပရိယတ္တိ သတ္တမဝံ သနန္ဒာ ကျောင်းတိုက် အုတ်တံတိုင်း ပေ(၆ဝဝ)ခန့် ပြိုကျခြင်း၊ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံး ပြိုကျပြီး ၎င်းအိမ်နေ လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခြင်း၊ နွယ်ရုံ ရဲကင်း၏ မျက်နှာကျက် ပြိုကျခြင်း၊ နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင်၏ အုတ်နံရံ ပြိုကျရာမှ အမျိုးသား (၁)ဦး သေဆုံးခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ကျောက်ဆည်မြို့တွင် ဘနွဲရွာ ဝေဇယန္တာ ကျောင်းတိုက်ရှိ အောင်တော်မူ ဘုရား စိန်ဖူးတော် မြေခခဲ့ကြောင်း။

သပိတ်ကျင်းမြို့တွင် သပိတ်ကျင်း ရဲစခန်းမှ အဆောက်အဦ တစ်ခု၏ အုတ်နံရံ ပြိုကျခဲ့ခြင်း၊ ကြာညှပ် ရဲစခန်း ရိပ်သာနှင့် စခန်းရုံး နံရံ ပြိုကျခဲ့ခြင်းနှင့် ဝန်ထမ်း နေအိမ်(၁) လုံး၏ နံရံ ပြိုကျခဲ့ခြင်း တို့ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

အဆိုပါ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် အပျက်အစီးနှင့် ဆုံးရှုံးမှု အခြေအနေကို ဒေသ အာဏာပိုင်များက စာရင်းကောက်ယူလျက် ရှိကြောင်း၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ နံနက်ပိုင်းက လှုပ်ရှားသွားသည့် ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှု အချို့ ရှိခဲ့သော်လည်း ထိုဒေသရှိ ဆည်များနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့ ဗောဓိတစ်ထောင်ဝင်း အတွင်းရှိ ဥာဏ်တော်အမြင့် (၄၂၄) ပေရှိသော ရပ်တော်မူ ရုပ်ပွားတော်ကြီးမှာ ထိခိုက် ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရပါသည်။

Sunday, November 11, 2012  အိမ့်သံစဉ်  

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...