ငလျင်သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ဧရာဝတီကို ပြောကြားခဲ့သည်။
သေဆုံးမှု -
ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ တွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့် သေဆုံးသူ ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
စဥ့်ကူး -
ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁ နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ ဦး တွင်းထဲတွင် ပိတ်မိလျက်ရှိနေသည်။
ငလျင်ကြောင့် ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ် MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး) သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ ၅ ဦး ပျောက်ဆုံးလျက် ရှိကြောင်း ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးမှ ဦးလှဦး ပြောကြားသည်။
"ငလျင်က တအားပြင်းတယ်ဗျ။ တံတားကတော့ ဆောက်လုပ်စမို့ သံချောင်းတွေက အခိုင်မာ မရှိသေး ဘူးလေ။ တယောက်ကတော့ ဆောက်လုပ်ရေးမှာ ထိခိုက်ဒဏ်ရာရပြီး သေ တာ။ နောက် တယောက် ကတော့ စားသောက်ဆိုင်မှာ ပြိုကျတဲ့ အဆောက်ဦးပိပြီး သေတာပါ" ဟု ဦးလှဦးကပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောင်္နှစ်စင်း လည်း ရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောင်္ကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။
စဥ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရလည်း ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် ၁ ဦး သေဆုံးကြောင်း သိရသည်။ စဥ့်ကူးတွင် ဗလီတခု ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲပျက်စီးခဲ့ကြောင်း သိရသည်။
စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့် ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ် တလုံးပြိုကျပြီး လူ ၃ ဦး ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။
မန္တလေး -
မန္တလေးမြို့ ၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများ အက်ကွဲခဲ့သည်။ ၂၅ လမ်း၊ ၃၅ လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်း သိရသည်။ သို့သော်လည်း ၂၃လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေရသော အသက် ၆၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့် သေဆုံးသွားကြောင်း သိရသည်။
"ကျနော် အခု အသက် ၄၀ အထိ ကုန်ခဲ့သမျှ ငလျင်ထဲမှာ ဒီတခါ အပြင်းထန်ဆုံးပဲ။ မန္တလေးက အဆောက်အဦတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီတကြိမ် ငလျင်ဟာ မန္တလေးက အင်ဂျင်နီယာလောကကို သတိပေးလိုက်သလိုပါဘဲ။ အရင်က ငလျင်ဇုံ အဆင့် ၄ ထဲမှာရှိနေတာမို့ အဆောက်အဦးဆောက်တဲ့အခါ ငလျင်ဒဏ်ကိုပါ ထည့်သွင်း တွက်ချက်ကြရပါတယ်။ ရှေ့ ပိုပြီး သတိထားရပါတော့မယ်" ဟု မန္တလေးအင်ဂျင်နီယာတဦးဖြစ်သည့် ကိုဇင်မင်းဆွေက ပြောသည်။
အဆောက်အအုံတင်မကပဲ အဆောက်အဦမှာ အသုံးပြုသော မှန်၊ အလူမီနီယံရဲ့ အရည်အသွေးကအစ ဂရုစိုက်ရန်လိုနေပြီ ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောကြားသည်။
မြေငလျင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရ သည်။
အမရပူရ -
အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈ ရှိ လေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ ခဲ့ရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ (မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။
ရွှေဘို -
ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျ ပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက် ရှိ လောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။
မိုးကုတ် -
မိုးကုတ်မြို့တွင်လည်း ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။
Sunday, November 11, 2012 zarny win
~
မန်းသားလေး ~
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။