Ads (728x90)

အင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှ ငွေပေးချေနိုင်သော၊ ငွေလက်ခံနိုင်သောစနစ် (Online Payment Gateway) ဖြစ်သည့် Y-pay ကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ရတနာပုံကုမ္ပဏီလီမိတက် စီမံကိန်းများတည်ဆောက်ရေးဌာန၏ ဌာနမှူးဦးအောင်စံမြတ်ကပြောသည်။ အဆိုပါစနစ်မှာ အွန်လိုင်းမှ ဖုန်းဘီလ်ဆောင်သောစနစ်၊ အွန်လိုင်းမှ လျှပ်စစ်မီတာပေးဆောင်သော စနစ်များကဲ့သို့
 ငွေပေးချေခြင်းကို အွန်လိုင်းပေါ်မှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “အွန်လိုင်းကနေ ရောင်းဝယ်ဖောက်ကားနိုင်မှာ ဖြစ်တယ်။ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ငွေပေးချေမှုစနစ် (Payment) လုပ်နိုင်မယ့်အရာဖြစ်ပါတယ်” ဟု ယင်းကပြောသည်။ အဆိုပါစနစ် အသုံးပြုရန်အတွက် ဘဏ်အကောင့်ဖွင့်ရမည်ဖြစ်ကြောင်း လက်ရှိယင်းစနစ်အသုံးပြုရန် ဘဏ် ၆ ဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရသည်။ အွန်လိုင်းပေါ်မှ ဈေးရောင်းဈေးဝယ် ပြုလုပ်လာနိုင်စေခြင်း၊ အခွန်အခပေးချေနိုင်ခြင်း၊ ဘဏ်များအနေဖြင့် ၀န်ဆောင်မှုအသစ်တစ်ခု ဖန်တီးနိုင်ခြင်း၊ ပြည်တွင်းသာမက နိုင်ငံတကာနှင့်ပါ ချိတ်ဆက်ငွေကြေးစီးဆင်းမှု အခြေခံစနစ်၊ နည်းပညာနှင့် အတွေ့အကြုံများဖန်တီးခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရသည်။ လက်ရှိ Online Payment Gateway (Y-pay) စတင်အသုံးပြု နိုင်ရန်အတွက် ပါဝင်ဆောင်ရွက်လိုသည့် ကုမ္ပဏီများ၊ လုပ်ငန်းများကို ဖိတ်ခေါ်ထားကြောင်းသိရသည်။ “အသုံးပြုသူတွေအနေနဲ့ အွန်လိုင်းပေါ်ကနေ ငွေပေးချေမှုစနစ်အဖြစ် သွားတဲ့အတွက် လုံခြုံရေးပိုင်း အရမ်းအရေးကြီးပါတယ်။ နိုင်ငံတကာက ချမှတ်ထားတဲ့ Data Security Standard တွေနဲ့ကိုက်ညီအောင် လုပ်ပေးထားရပါတယ်” ဟု အဆိုပါ Online Payment Gateway ၀န်ဆောင်မှုလုံခြုံရေး နှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သော Easy Pay Co.,Ltd မှ Service Provider ဦးဝေဖြိုးသူပြောသည်။ Online Payment Gateway မှာ ငွေကြေးစီးဆင်းမှုဆိုင်ရာများပါဝင်သည့် လုပ်ငန်းစဉ်ဖြစ်၍ ဘဏ်စနစ်၊ ငွေကြေးစနစ်၊ လုံခြုံရေးစနစ်များဖြင့် မူဝါဒဆိုင်ရာများ အသေးစိတ်ညှိနှိုင်းရန်လိုအပ်ကြောင်း၊ အွန်လိုင်းပေါ်မှကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ ရောင်းဝယ်နိုင်စေရန် ပြည်တွင်းရှိ Shopping Mall များ၊ စတိုးဆိုင်များ၊ လုပ်ငန်းရှင်များနှင့် သုံးစွဲသူများ ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ အွန်လိုင်းဝန်ဆောင်မှုအတွက် စနစ်တစ်ခုလုံးကို အဓိကအားကိုးရာ ပင်မကွန်ရက်ချိတ်ဆက်မှုများ ချိတ်ဆက်တည် ဆောက်ရန်လည်း လိုအပ်ကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း၊ အေးဖြူ
Monday, 06 August 2012 17:25

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...