ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင်သည် ယခုနှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အောင်ချက် (၇၃.၀၄) ရာခိုင်နူန်းရှိခဲ့သည့်အပြင် သုံးဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၃၈)ဦး ထွက်ပေါ်ခဲ့ပါသည်။
အဆိုပါ ထူးဖောင်ဒေးရှင်း ပညာဒါနစာသင်ကျောင်းမှ ၂၀၁၅-၂၀၁၆ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား (၁၁၅) ဦး ၀င်ရောက် ဖြေဆိုခဲ့ရာ(၃၁)ဦး ကျရှုံးပြီး (၈၄)ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ ဝေးလံခေါင်သီသောဒေသမှ
မြန်မာနိုင်ငံသား တိုင်းရင်းသားလူငယ်တို့၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်တည်ထောင်ထားသော ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင်၏ အောင်ချက် ရာခိုင်နှုန်းသည် ၇၃.၀၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။ ထို့ပြင် ပူတာအို တစ်ခရိုင်လုံးတွင် ဂုဏ်ထူးထွက်သူ (၅၃)ဦး ရှိခဲ့ပြီး ထိုအထဲတွင် ထူးဖောင်ဒေးရှင်း ပညာဒါနကျောင်းမှ (၄၂)ဦး ပါဝင်ခဲ့သည်ကို ဂုဏ်ယူဖွယ် ဖော်ပြအပ်ပါသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကလည်း ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင် မှ အောင်ချက် (၈၃.၇၂) ရာခိုင်နှုန်း၊ (၂၀၁၂-၂၀၁၃)ခုနှစ် ပညာသင်နှစ်တွင် (၄၅.၇၈)ရာခိုင်နူန်းနှင့်(၂၀၁၃-၂၀၁၄)ခုနှစ် ပညာသင်နှစ်တွင် (၃၃.၃၃)ရာခိုင်နူန်း အသီးသီးအောင်မြင်မှုရှိခဲ့ပါသည်။
ပညာဒါနစာသင်ကျောင်း၏ အောင်မြင်မှုမှာ တိုင်းရင်းသား ကျောင်းသားများအပေါ် ပညာရေးဆိုင်ရာ ၀န်ထမ်းများ၏ စေတနာရှေ့ထား သင်ကြားမှုကြောင့်ဖြစ်ပြီး သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ကူညီဆောင်ရွက်ပေးနေသော ဒေသခံ လူငယ်များ အားလုံးကိုလည်း ထူးဖောင်ဒေးရှင်းအနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။
ပူတာအိုမြို့ပေါ်မှ ကျောင်းသားများအနေဖြင့် နေ့တက်ကျောင်းသားအနေဖြင့် ပညာသင်ယူနိုင်သော်လည်း ဝေးလံခေါင်သီသော ဒေသမှ တိုင်းရင်းသား လူငယ်များအနေဖြင့် လာရောက်ရန်ခက်ခဲပါသည်။ ထို့ကြောင့် ထူးဖောင်ဒေးရှင်းမှ ပညာဒါနအခမဲ့ဘော်ဒါဆောင်စီမံကိန်းကို ၂၀၀၉-၂၀၁၀ခုနှစ်များတွင် စတင်ခဲ့ပါသည်။
သယ်ယူပို့ဆောင်ရေး ခက်ခဲလှသည့် ဒေသဖြစ်သဖြင့် လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများကို အဲပုဂံမှ အခမဲ့သယ်ယူ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့နောက် ၂၀၁၂-၂၀၁၃ ခုနှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်းကျောင်းသားများအား ပညာသင်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်။
၎င်း ဘော်ဒါဆောင်တွင် နေထိုင်ပြီး ပညာသင်ကြားလျှက်ရှိသည့် ကျောင်းသားများ အတွက် နေထိုင်စားသောက်မှု အားလုံးအား တာဝန်ယူပေးသည့်အပြင် ကျောင်းသား များ ခေတ်မီနည်းပညာများနှင့် နီးစပ်ထိတွေ့မှုရှိစေရန်အတွက်လည်း ကွန်ပြူတာခန်းများ ထားရှိပေးထားပါသည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် ယခုကဲ့သို့ ဝေးလံခေါင်သီသောဒေသမှ
မြန်မာနိုင်ငံသား တိုင်းရင်းသားလူငယ်တို့၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် တစ်တပ်တစ်အားပါဝင်ကူညီခွင့်ရရှိနေသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားလိုပါသည်။
ထို့အပြင် ထူးဖောင်ဒေးရှင်း၏ ပရဟိတလုပ်ငန်းများအား အစွမ်းကုန်ကူညီပံ့ပိုးပေးနေသည့် ထူးဖောင်ဒေးရှင်း၏ နာယကဦးတေဇအားလည်း ဒေသခံကျောင်းသား၊
ကျောင်းသူများ ကိုယ်စား ထူးဖောင်ဒေးရှင်းအနေဖြင့် အလွန်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။