Ads (728x90)



စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ယခုလအတွင်း တရားမ၀င်တမလန်းသစ်နှင့် အခြားသစ်များ သယ်ဆောင်မှုများ မြင့်တက်လာနေပြီး သစ်သယ်ဆောင်နေသည့် ပိုင်ရှင်များဖမ်းမိမှုထက် ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု ပိုမိုများပြားလာလျက်ရှိကြောင်း စစ်ကိုင်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံး သစ်ဖမ်းဆီးရမိသည့် မှုခင်းမှတ်တမ်းများအရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့ မရဲစခန်းမှ တာဝန်ရှိရဲအရာရှိတစ်ဦးက “တမလန်းသစ်သယ်ဆောင်မှုက ညပိုင်းအချိန်တွေမှာပိုများတယ် အချိန်ပြည့်စောင့်ပြီး ဖမ်းဆီးဖို့ ဆိုတာကလည်း ရဲတပ်ဖွဲ့ အနေနဲ့ မလွယ်ကူလှပါဘူး တခြားတာဝန်တွေကလည်းရှိနေတော့ သတင်းရရင် ရသလိုတော့ လိုက်လံဖမ်းဆီးနေပါတယ် အဓိကတာဝန်ရှိနေတာကတော့ သစ်တောဦးစီးဌာနပါ သစ်တောဦးစီးဌာနဆိုတာ သစ်ထုတ်လုပ်ငန်းတစ်ခုတည်းကို ဇောင်းပေးပြီး ကြီးကြပ်ရတဲ့ ဌာနတစ်ခုဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
မုံရွာမြို့ တွင် ဖမ်းဆီးရမိသည့် တရားမ၀င်သစ်သယ်ဆောင်မှုများကို သုံးသပ်မည်ဆိုပါက အမှန်တစ်ကယ် သစ်မှောင်ခိုလုပ်ကိုင်သူများအား ဖမ်းဆီးဖော်ထုတ်နိုင်မှသာ သစ်မှောင်ခိုလုပ်ငန်းများ ချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်း လတ်တလော ဖမ်းဆီးရမိမှုများသည် သစ်တစ်ဆောင်လာသည့်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုသာ ဖမ်းဆီးနိုင်ပြီး နောက်ကွယ်မှ သစ်ပိုင်ရှင်အစစ်အမှန်ကို ဖမ်းဆီးနိုင်ဖို့ အတွက် သစ်သယ်ဆောင်လာသည့်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များက ထုတ်ဖော်ပြောကြားမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ယခုလအတွင်း မုံရွာမြို့ အလုံရပ်ကွက်တွင် တမလန်းသစ်များတင်ဆောင်ပြီး ခြုံများအတွင်းဝှက်ထားသည့် ကားနှစ်စီးအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခြင်း၊ မအူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအနီးတွင် စုပုံထားရှိသည့် တမလန်းသစ်များ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခြင်း ဖြစ်စဉ်များရှိခဲ့သည်။
စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက် လမ်းမကြီးပေါ်၌ တရားမ၀င် တမလန်းသစ်များတင်ဆောင်လာသည့်ကားအား ဖမ်းဆီးရာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ယာဉ်နောက်လိုက်ကို ဖမ်းမိခဲ့ကာ နောက်ကွယ်မှ တရားမ၀င်သစ်သယ်ဆောင်မှုတွင် ပါဝင်ပတ်သက်နေသူအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စီစဉ်နေကြောင်းလည်း မုံရွာမြို့ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
စိုးမိုးထွန်း(မုံရွာ)

Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...