Ads (728x90)



===================
မေမြို့မိုးက ကောင်းလှပေသည်။ စနေမှာ စွေသည်မက တနင်္ဂနွေပါ စွေလို့ နေချေသည်။ ကိစ္စတစ်ခုနှင့် မြို့ထဲသို့လာသည့် ကျတော်ခေါင်းထဲမှာ ပေါ်လာသည့် အတွေးတစ်ချက်ကြောင့် ညဏ်ကွဲရပ်က ရွှေမြင်တင်ဘုရားဆီသို့ ကားကို လှည့်လိုက်မိသည်။ ပြင်ဦးလွင်ရောက်ပါက မဖြစ်ဖြစ်အောင် သွားမည်ဟု ဆုံးဖြတ်ထားသောနေရာ၊ ရွှေမြင်တင်ဘုရားရောက်တော့ လူတစ်ယောက်ကို မေးလိုက်မိတယ်။
“သူရမချစ်ပို အုတ်ဂူက ဘယ်ဘက်လဲဗျ”
ဒီလိုနဲ့ လမ်းသွယ်နှစ်ခုလောက် ထပ်မံချိုးကွေ့ပြီး လမ်းဆုံတစ်ခုအလယ်မှာ သံပန်းခြံစည်းရိုးလေး ခတ်ထားသော အုတ်ဂူငယ်တစ်ခုကို ကျတော်တွေ့လိုက်တယ်၊ ကားကိုရပ်ပြီး မိုးရွာထဲ ကျတော်ဆင်းတယ်။ တွေ့တွေ့ခြင်းမြင်ကွင်းက အုတ်ဂူထက်က စာသားတစ်ခု။
“ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန့် ၊ နိုင်ငံ့ဝန်၌
ကုမ္ဘဏ်ယက္ခ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လဲ၊
ခွာ၍မတွန့်၊ အသက်စွန့်လော့”
ရှင်မဟာရဌသာရ၏ ဂမ္ဘီသာရပျို့မှ ကြက်သီးထဖွယ်ကောင်းသော ကဗျာတစ်ပိုဒ်ဖြစ်ပေသည်။
ကျတော်လဲ မိုးရွာထဲမှာ အုတ်ဂူငယ်ကို ဓါတ်ပုံအနည်းငယ် ပါတ်ရိုက်ပြီး မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံး သူရသတ္တိဆိုင်ရာ ဘွဲ့ ကို ရရှိခဲ့သည့် တစ်ဦးတည်းသောအမျိုးသမီး သူရဘွဲ့ရှင် သူရမချစ်ပိုအကြောင်း စာရေးချင်စိတ်ကလေး ဖြစ်ပေါ်လာခဲ့ပေတော့သည်။
မချစ်ပိုသည် ထားဝယ်မြို့သူတစ်ယောက် ဖြစ်ပေသည်။ သူ့အသက်(၂၀)အရွယ် ၁၉၄၇ခုနှစ်တွင် BEတပ်ထဲ ၀င်သွားသော မောင်ဖြစ်သူအား ရှာဖွေရန် ထားဝယ်မှ ပြင်ဦးလွင်သို့ တစ်ဦးတည်း ထွက်ခွါလာခဲ့ပြီး ပြင်ဦးလွင်မြို့တွင် BEတပ်မှ တပ်ကြပ်မောင်လှနှင့် အကြောင်းပါခဲ့ပြီး တပ်မတော်၏ မိသားစုဝင် တစ်ယောက် ဖြစ်လာခဲ့သည်။ ၁၉၄၉ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် KNDOတပ်ဖွဲ့များသည် မေမြို့(ယခုပြင်ဦးလွင်မြို့)အား အလစ်အငိုက် စီးနင်းသိမ်းပိုက် လိုက်လေသည်။ ထိုအချိန်က မေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့် ဗိုလ်ကြီးဘဖြူ ဦးစီးသော BEတပ်မှ တပ်ခွဲများသည် ရရာလက်နက် ခဲယမ်းများ သိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ဆုတ်ခွာသွားသော တပ်များသည် လားရှိုးတွင် ပြန်လည်စုဖွဲ့ကာ မေမြို့သို့ ပြန်လည်ချီတက်ခဲ့ကြလေသည်။
မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင် လာရောက် ပူးပေါင်းခဲ့ကြလေသည်။ ထို့နောက်.... တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ၂၄ ရက်နေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ ပြင်ဦးလွင်မြို့ကို ပြန်လည် ရရှိခဲ့လေသည်။ အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ထိုဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့ခေါ် အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်ခဲ့လေသည်။ ထိုသို့... ဖေဖေါ်ဝါရီလ ၂၄ရက်တွင် စခန်းများ ရရှိပြီးဖြစ်သော်လည်း မြို့တွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ဘက်နှင့် တစ်ဘက် ခြေကုတ်စခန်းများကို အားပြုကာ အဖွဲ့ငယ်များစေလွှတ်၍ အပြန်အလှန် သတင်းထောက်လှမ်း တိုက်ခိုက်နေကြသည်။ မြို့ပေါ်တွင်လည်း လေ့ကျင့်မှု မရှိသော အရပ်သားများသည်ပင် ရရာလက်နက် စွဲကိုင်ပြီး တပ်နှင့် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည်။ သတင်းထောက်လှမ်းမှု အရေးကြီးချိန်တွင် ရန်သူသည် ယောက်ကျားမှန်သမျှ တွေ့ သည်နှင့် ဖမ်းဆီး သတ်ဖြတ်ခြင်းများပြုလုပ်ရာ အမျိုးသမီးများသာ နွားကျောင်းခြင်း ဈေးရောင်းခြင်း များပြုလုပ်နိုင်ကြသည်။ ထိုအချိန်တွင် အမျိုးသမီးများထဲမှ မိမိသဘော အလျောက် ရန်သူ့သတင်း ထောက်လှမ်းရန် တစ်ဦး ထွက်လာလေသည်၊ ထိုသူကား မချစ်ပိုပင် ဖြစ်ပေသည်။
မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင်အပါအ၀င် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင် ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့်တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အား သေနတ်မှန်ကာ ဒဏ်ရာရရှိခဲ့လေသည်။ မချစ်ပိုသည် ဓါးတိုတစ်လက်နှင့် လက်ပစ်ဗုံးတို့ ယူဆောင်ပြီး ခမောက်ဆောင်းကာ၊ တုတ်တစ်ချောင်း၊ လွယ်အိတ်တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDOတပ်များ တပ်စွဲထားသော မေမြို့ လေ့ကျင့်ရေး တပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာ ရန်သူ၏ လက်နက်ကြီးများ ထားရှိရာနေရာ၊ ကွပ်ကဲရေးရုံးတည်နေရာနှင့် အခြား ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေသည်။
ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။ မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ကြီးများ ချထားသည့်နေရာများအား တပ်ဖွဲ့ထံ သတင်းပြန်လည် ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ် သုံးလေးဦးခန့်ဖြင့် ဆုံတွေ့စဉ် အခွင့်သာပါက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော်ပင် အထိနာခဲ့လေသည်။ စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည် လက်ရှိလုပ်ဆောင်ချက်အား အားမလို အားမရဖြစ်ကာ ထမီအစား ဘောင်းဘီဝတ်လိုကြောင်း နေရာတိုင်း သုံးမရသော လက်ပစ်ဗုံးအစား သေနတ်တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့်အတူ လိုက်ပါ တိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။
မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့် အဆင်မပြေနိုင်သဖြင့် မချစ်ပိုအား ခြောက်လုံးပြူး ထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင် ညတိုက်ပွဲများ ဆက်လက် ဆင်နွှဲကြလေသည်။
တစ်ချိန်တွင် မချစ်ပိုသည် ရန်သူကို ရှေ့ တက်လုံးထွေး တိုက်ခိုက်ရင်းမှ ဗိုက်ကို သေနတ်မှန်ခဲ့လေသည်။ သို့ သော် မာန်တင်းလျှက် ဒဏ်ရာကို အ၀တ်နှင့် စည်းပြီး ဆက်လက်တိုက်ခိုက်ခဲ့သည်။ ရရှိသည့်ဒဏ်ရာကို တိုက်ပွဲအောင်မှ ပြန်လည်ကုသခဲ့သည်။ ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့် မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင် မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရသည်။
မချစ်ပို ဆေးကုသနေစဉ်ကာလတွင် မေမြို့ မှ BE တပ်များအား မန္တလေးရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆင့်ခေါ်ခြင်း ခံရသဖြင့် ဆုတ်ခွာသွားကြသောကြောင့် တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစုဝင်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။ ထိုအချိန်တွင် KNDOခေါင်းဆောင် စောဘစံသည် သတင်းရရှိပြီး မချစ်ပို ပုန်းအောင်းနေသော နေရာသို့ရောက်ရှိခဲ့ကာ မချစ်ပိုအား ဖမ်းဆီးခဲ့လေသည်။ မချစ်ပိုသည် ထွက်ပြေးတိမ်းရှောင်းခြင်း မရှိပဲ ဓါးမြှောင်တို တစ်ချောင်းကို ၀ှက်ကာ ယူသွားခဲ့သည်။ မချစ်ပိုသည် အံသွားအပို (အံပွား)ပါသူ တစ်ဦးဖြစ်သည်။ ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမက နောက်က လိုက်ပါကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်းမရှိဟု ယုံကြည်နေကြသည်။ မချစ်ပို ကို ဖမ်းမိသည်နှင့် သူမ၏ အံသွားများကို ဓားဖြင့် ကလန့်ထုတ်ကြလေသည်။ “နင်တို့ ငါ့ အံသွားပဲ နှုတ်လို့ရမယ် တပ်မတော်အပေါ်ထားတဲ့ ငါ့သစ္စာတော့ ဘယ်တော့မှ နှုတ်လို့မရဘူး “ ဟု ပြောပြီး မချစ်ပိုသည် ၀ှက်ယူလာသော ဓါးတိုဖြင့် ကလန့်နေသူ နှစ်ဦးအား ထိုးသတ်ရာ နှစ်ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေလေသည်။ မချစ်ပို၏ လုပ်ဆောင်ချက်ကြောင့် စောဘစံသည် မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအား တရစပ် ပစ်ခတ်လေရာ မချစ်ပိုမှာ လဲကျသွားလေတော့သည်။ မချစ်ပိုသည် ဒဏ်ရာပြင်းထန်စွာ ရနေသော်လည်း အတန်ကြာသည်အထိ သေဆုံးခြင်း မရှိသဖြင့် အသက်ပြင်းသည်ဟု ပြောစမှတ် ပြုကြလေသည်။ ထို့နောက် စောဘစံသည် မချစ်ပို၏ အလောင်းအား ရေတွင်းထဲသို့ ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ ပစ်ချထားလိုက်လေသည်။ ဤသို့ဖြင့် အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် ( ၈-၄-၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် သူမအသက်ကို ပေးအပ်ခဲ့လေတော့သည်။
၁၆ ၄-၄၉ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး - မေမြို့ ကားလမ်းအား စစ်ဆေးရန် ရောက်ရှိလာသော ဗိုလ်မှူးကြင်နှင့် စစ်သည်များသည် မချစ်ပို ကျဆုံးခဲ့သော ရေတွင်းအတွင်းမှ သူမအလောင်းကို ဆယ်ယူကာ စစ်အခမ်းနားဖြင့် ကောင်းမွန်စွာ သဂြိုလ်ခဲ့ပြီး သူမကျဆုံးခဲ့ရာ ရေတွင်းအား ငုံ၍ အုတ်ဂူပြုလုပ်ခဲ့ကြသည်။
နိုင်ငံတော်အတွက် ...... အသက်ကို ပဓာန မထားပဲ...... သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ ``သူရ´´ဘွဲ့တံဆိပ်အား ချီးမြှင့် ပေးအပ်ခဲ့လေသည်။ ထိုသူရဘွဲ့တံဆိပ်သည် မြန်မာ့နိုင်ငံ အမျိုးသမီးအားလုံးတွင် တစ်ဦးတည်းသော ပေးအပ်ခဲ့သည့် ဘွဲ့တံဆိပ်ဖြင့် ယနေ့ ထက်တိုင် မှတ်တမ်းဝင်ခဲ့လေသည်။
မချစ်ပို၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘို ရပ်တွင် ယနေ့ထက်တိုင် တည်ရှိနေပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲရောက်နေသဖြင့် ရွှေ့ပစ်သင့်သည်ဟု ထင်မြင်ယူဆနေကြပါသည်။ `` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်း မဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့တိုက်ပွဲတွင် မြန်မာအမျိုးသမီးများ၏ စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ ဖြစ်ပေလိမ့်မည်။
အမိမြေရဲ့သူရဲကောင်းတွေသမိုင်းမှာ မချစ်ပိုဟာ အသံမဲ့စွာ ပါဝင်နေပေလိမ့်အုံးမည်။ သူမရရှိခဲ့သော သူရဘွဲ့ သည် တပ်မတော်သမိုင်းတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သား များစွာ၏ နောက်က မိသားစုတွေ၏ ဘ၀ပေါင်းများစွာကို ကိုယ်စားပြုနေပေလိမ့်အုံးမည်……………။
သူရဲကောင်းတို့ ၏ ၀ိညဉ်သည် ကောင်းကင်ယံတွင် ထာဝရ တည်တံနိုင်ကြပါစေ ။
Credit: ထူးဝေ

မူရင်းပို့ စ် - https://www.facebook.com/URarZar/posts/801853749896004:0

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...