Ads (728x90)

ပင်လယ်ထဲ ပျက်ကျခဲ့သည့် အဲအေးရှားလေယာဉ်မှ အပျက်အစီးနှင့် ရုပ်အလောင်းများ ဆယ်ယူမှု လုပ်ငန်းစဉ်များသည် ရာသီဥတု ဆိုးရွားမှုကြောင့် နှောင့်နှေးမှုများစွာနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူသို့ ပျံသန်းခဲ့သည့် လေယာဉ်သည် ဂျာဗားပင်လယ်ပြင် အထက်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ဒီဇင်ဘာ ၃၀ တွင် လေယာဉ်ပျက်၏ အစိတ်အပိုင်းနှင့် ရုပ်အလောင်းများကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက်တွင် ကယ်ဆယ်ရေး ဝန်ထမ်းများက ပင်လယ်ထဲ မျောပါနေသည့် ရုပ်အလောင်းများကို ဆယ်ယူရန် အားထုတ် ကြိုးပမ်းနေသော်လည်း ပြင်းထန်သော ရေလှိုင်းရိုက်ခတ်မှုများနှင့် မုန်တိုင်းထန်နေသော ရာသီဥတုတို့ကြောင့် အခက်အခဲများ ကြုံနေရခြင်း ဖြစ်သည်။
ပင်လယ်ထဲတွင် တွေ့ရှိသည့် အစအန အစိတ်အပိုင်းများသည် အဲအေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် QZ8501 ထံမှဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ဒီဇင်ဘာ ၃၀ တွင် အတည်ပြု ကြေညာခဲ့သည်။ ထို့ကြောင့် A320-200 အမျိုးအစား လေယာဉ်နှင့် လိုက်ပါသွားသူ (၁၆၂)ဦးစလုံး၏ ကံကြမ္မာသည် အဆိုးဆုံးသို့ ဦးတည်သွားပြီဟု ယူဆရမည် ဖြစ်သည်။
အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက အပျက်အစီးများ တွေ့ရှိရာ ရေပြင်တဝိုက်တွင် ရေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြုပြီး ကြီးမားသည့် ဖြန့်ကျက်ရှာဖွေမှု လုပ်ငန်းစဉ်မျိုး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ “ဒီကြေကွဲစရာ ဆုံးရှုံးမှုကြီးမှာ ကျန်ရစ်သူ မိသားစုတွေအတွက် ခွန်အားတွေ ပေးသနားနိုင်ပါစေလို့ပဲ ကျွန်တော်တို့အတူ ဆုတောင်းကြရအောင်”ဟု ၎င်းက ဆူရာဘာယာ လေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် နိုင်ငံအချို့မှ စေလွှတ်လိုက်သည့် လေယာဉ်များသည် အပျက်အစီးများ တွေ့ရှိရာ ရေပြင်အနေအထားကို ဆန်းစစ်ရန် ပျံသန်းခဲ့ကြပြီး ရေငုပ်သမားများကလည်း ရေအောက်မှ အလောင်းများနှင့် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Balck Boxကို ရှာဖွေရန် စတင် စီစဉ်လျက်ရှိသည်။
လက်ရှိအချိန်ထိ ရုပ်အလောင်း (၆)ခုကို ရှာဖွေ တွေ့ရှိထားပြီဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ ဘမ်ဘန်း ဆိုလစ္စယိုက ဆိုသည်။ ယင်းတို့အနက် တစ်ဦးသည် အမျိုးသမီးဖြစ်ပြီး လေယာဉ်မယ် ယူနီဖောင်းကို ဝတ်ဆင်ထားကြောင်း သိရသည်။
အင်ဒိုနီးရှား ရေတပ်သည် ဒီဇင်ဘာ ၃၀ က မိမိတို့၏ စစ်သင်္ဘော တစ်စင်းသည် လေယာဉ်ပျက်မှ ရုပ်အလောင်း (၄၀)ကျော်ကို ဆယ်ယူရရှိခဲ့သည်ဟု ဆက်သွယ်လာကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင်မူ အပြန်အလှန် ဆက်သွယ်ရာ၌ နားလည်မှု လွဲသွားပြီး အရေအတွက် လွဲမှား ပြောဆိုမိခြင်းသာဖြစ်ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ မန်နာဟန် ဆီမော်ရန်ကာက AFP သို့ ရှင်းလင်း ပြောကြားခဲ့သည်။
ပျက်ကျခဲ့သည့် လေယာဉ်ပေါ်တွင် အင်ဒိုနီးရှား နိုင်ငံသား အများစု လိုက်ပါသွားပြီး ဗြိတိန်တစ်ဦး၊ မလေးရှားတစ်ဦး၊ စင်ကာပူတစ်ဦးနှင့် တောင်ကိုရီးယား သုံးဦးတို့လည်း ပါရှိကြောင်း သိရသည်။
_Ref: BBC

7 Day

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...