Ads (728x90)


ဓာတ်ပုံ- နစ်ကီ
ရန်ကုန်- သရဖူပြန်သိမ်းခံရပြီး နောက် ဒေါ်လာတစ်သိန်းတန် သရဖူယူပြီး ရှောင်တိမ်းနေ ကြောင်း စွပ်စွဲခံနေရသော အာရှပစိဖိတ်မယ် မေမြတ်နိုးက ၎င်းကို အဖွဲ့က လုပ်ငန်းရှင်ကြီးအချို့နှင့် အဖော်ပြုပေးရမည်ဟု ပြောခဲ့ပြီး ထိုအချက်အပါအ၀င် အဓိကအချက်လေးချက်ကြောင့် အိမ်ပြန်ခဲ့ခြင်းဖြစ်ကာ ၎င်းနှင့် နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းခဲ့ရမှုများအတွက် Miss Asia Pacific World အဖွဲ့မှ တောင်းပန်ရန် တောင်းဆိုလိုက်သည်။
မေမြတ်နိုးကို ယင်းအဖွဲ့က ခန္ဓာကိုယ် တစ်ကိုယ်လုံးခွဲစိတ် ပြုပြင်ရန် ဖိအားပေးခဲ့သည်ဟု ဆိုပြီး ကိုရီးယားနိုင်ငံသို့ ရောက်
ရှိစဉ် ဂျပန်နိုင်ငံသို့ မိခင်မပါဘဲ သွားရန် ပြောကြားမှုမှာ ဗီဇာတိုးမြှင့်ရန်မှအပ အကြောင်းပြချက် ရေရေရာရာ မပေးနိုင်ခဲ့သလို သီချင်းအယ်လ်ဘမ်အတွက် ထောက်ပံ့ငွေရရှိစေရန် ကုမ္ပဏီလိုအပ်ချက်အရ စီးပွားရေးလုပ်ငန်းရှင်ကြီး အချို့ကို အဖော်ပြုပေးရ မည်ဟု ကမ်းလှမ်းခဲ့ကြောင်း မေမြတ်နိုးက ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း ပြောကြားသွားခဲ့သည်။

(ဓာတ်ပုံ- နစ်ကီ)
ထို့အပြင် အထက်ပါအဖွဲ့က စွပ်စွဲသကဲ့သို့ ဒေါ်လာတစ်သောင်းတန် ရင်သားခွဲစိတ်မှု ပြုလုပ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။
‘‘ကိုရီးယားအဖွဲ့က ဒီလို အသရေဖျက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေနဲ့ စွပ်စွဲပြီးတော့ မီဒီယာမှ သရဖူကို ခိုးပြီးတော့ ပြန်သွားပါတယ်ဆိုတဲ့ ဥစ္စာကို ရေးထားတာ မေမြတ်နိုးလို့ ရေးထားတာမဟုတ်ဘဲနဲ့ မြန်မာအလှမယ်ကလို့ ရေးထားတာက မြန်မာနိုင်ငံကို စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေပြီးတော့ သူတို့ အမှားက သမီးအမှားပါလို့ ပုံချပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချစေတဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာလိုချင်ပါတယ်။ သမီးကိုရော မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တောင်းပန်စာပေးမှ ဒီသရဖူကို မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရှေ့မှာ ပြန်ပေးမယ်လို့ ပြောကြားချင်ပါတယ်ရှင်’’ ဟု စက်တင်ဘာ ၂ ရက် နံနက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မေမြတ်နိုးက ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းမီဒီယာများအပြင် နိုင်ငံတကာမီဒီယာများလည်း တက်ရောက်ခဲ့ပြီး မေမြတ်နိုးက မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရှင်းလင်းပြောကြားသွားခဲ့သည်။

မေမြတ်နိုး ဖေ့စ်ဘုတ်ခ်တွင် တင်ထားသော ရှင်းလင်းချက် အပြည့်အစုံ

တောင်ကိုရီးယား နိုင်ငံကနေ အချိန်မတန်ဘဲ ပြန်လာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းမှာ ကျွန်မအပေါ် ဆိုးဆိုးဝါးဝါး ပုတ်ခတ် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ ကျွန်မအတွက် ချစ်ခင်စိတ် အပြည့်နဲ့ ထောက်ခံရပ်တည်ပေးသူတွေရယ်၊ မြန်မာနိုင်ငံနဲ့ နိုင်ငံရပ်ခြားကနေ ကျွန်မအတွက် ဆုမွန်ကောင်းတွေ ပေးပို့သူတွေရယ်ကို အလေးအနက် ကျေးဇူးတင်ကြောင်း ပြသချင်တာပါပဲ။ ကျွန်မကို အသရေဖျက်ဖို့ စနစ်တကျ ဇာတ်တိုက်ထားတဲ့ အခုလို အကြံအစည်မျိုးကို တွန်းလှန်နိုင်ရေးမှာ အခုလို ယုံကြည်မှုနဲ့ စာနာမှုတွေက ကျွန်မအတွက် စွမ်းရည်သစ်တွေ ရရှိလာစေမယ့် အဓိက အခြေခံ အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။အချိန်မတန်သေးတဲ့အတွက် ကျွန်မ နှုတ်ဆိတ်နေခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်မဟာ အလျှော့ပေးလို့၊ မတုံ့ပြန်ဘဲ ငြိမ်နေလို့ မရတဲ့ အခြေအနေမျိုးမှာ ကျရောက်နေမှန်း သိလာပါပြီ။ ကျွန်မအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရပ်တည်မှု မရှိဘူးဆိုရင် မျိုးချစ်စိတ် လုံးဝကင်းမဲ့ရာ ရောက်နေပါလိမ့်မယ်။ ကျွန်မအပေါ် စွပ်စွဲသူတွေက ကျွန်မတို့ ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာအပေါ် စတင်ပြီး စော်ကားလာနေပါပြီ။ မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ ကျွန်မ ဝမ်းအနည်းရဆုံး ကိစ္စကတော့ ဒီမှာရှိနေတဲ့ အမျိုးသား ဒါရိုက်တာတွေက မှားယွင်းတဲ့ စွပ်စွဲချက်တွေကို လက်ခံ သဘောတူနေသလိုမျိုး နှုတ်ထွက် ပြောဆိုလာတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ အပေါ်မှာလည်း မေးခွန်းထုတ်လာကြတယ်။
Miss Asia Pacific World အဖွဲ့ကြီးက ကျွန်မအပေါ် စွပ်စွဲထားမှုတွေထဲက တစ်ခုက ကျွန်မကို အောင်ပွဲရ အလှမယ် ဖြစ်လာစေတဲ့ မီဒီယာတွေနဲ့ ပရိသတ်တွေအပေါ် လိမ်ညာခဲ့ပြီး ဘယ်တုန်းကမှ လေးစားမှု မရှိခဲ့ဘူး ဆိုတာပါပဲ။ ဒီအတွက် ကျွန်မ ပြောဖို့လိုတာက သူတို့ စွပ်စွဲထားသလိုမျိုး သတင်းမီဒီယာတွေဘက်ကဖြစ်စေ၊ ပြည်သူလူထုဘက်ကဖြစ်စေ အရေးဆို စောဒကတက်တဲ့ ကိစ္စမျိုး ကျွန်မ တစ်ခါမှ မကြားဖူးဘူး ဆိုတာပါပဲ။ တကယ်တော့ ကျွန်မရဲ့ အေဂျင်စီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ကျွန်မဟာ အဆိုတော် တစ်ယောက်အနေနဲ့ ကိုရီးယားမှာ (၃)လလောက် အလိုက်အထိုက် နေထိုင်ပေးဖို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ တကယ်တမ်း ကိုရီးယားကို ရောက်သွားတော့ ဒီအတွက် စီစဉ်ထားတာ ဘာမှ မရှိတဲ့အတွက် ကျွန်မ အံ့ဩ စိတ်ပျက်ခဲ့ရပါတယ်။ အဖွဲ့ကြီးက ဩဂုတ် (၂၉)ရက်နေ့ အထိပဲ နေထိုင်ဖို့ သူတို့ရဲ့ ဖိတ်စာမှာ သတ်မှတ် ထည့်သွင်းထားပေမယ့် ကျွန်မရဲ့ အမေက (၃)လ ဗီဇာကို တရားမဝင် ရယူခဲ့တယ် ဆိုပြီးတော့လည်း စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်အတွက် ကျွန်မ သူတို့ကို အထင်ကြီးရမလိုပါပဲ။ သူတို့ရဲ့ ဖိတ်စာမှာ ကန့်သတ်ချက် ထည့်သွင်းထားတယ်ပဲ ယူဆထားဦးတော့၊ ရန်ကုန်မှာ ရှိနေတဲ့ ကိုရီးယား သံရုံးဟာ သူတို့ စံနှုန်းနဲ့ ကိုက်ညီရင် ဘယ်လောက်ကြာအောင် နေမယ်ဆိုပြီး လျှောက်ထားလာတဲ့ ဘယ်သူ့ကိုမဆို ဗီဇာတစ်ရပ် ထုတ်ပေးမှာပဲလေ။ တချို့က ပြောကြပါတယ်။ ကျွန်မက အလှမယ် အဖြစ်က ဖယ်ရှားခံရတဲ့နောက် သရဖူကို ယူဆောင်သွားတယ် ဆိုပြီးတော့ပါ။ ဒါပေမဲ့ ကိုရီးယားက ကျွန်မ ထွက်ခွာလာချိန်ထိ အဖွဲ့ကြီးဆီက ပို့လိုက်တဲ့စာက ကျွန်မဆီ မရောက်သေးပါဘူး။
ကျွန်မကို အိမ်ပြန်စေဖို့ သူတို့ မဲပေးဆုံးဖြတ်လိုက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး တကယ်တမ်းဆို ကျွန်မ သိပ်တော့ မအံ့ဩပါဘူး။ သူတို့ရဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန် လုပ်ဆောင်မှုတွေကို ကျွန်မအပေါ် အပြစ်ပုံချလိုက်တာကိုပဲ အံ့ဩမိတာပါ။ နောင်တရချင်စရာ အချက်အလက်တွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီထဲမှာ တချို့က ပညာရပ်ပိုင်း ဆန်ပါတယ်။ အချိန်တွေ ကြာလာလေလေ သူတို့နဲ့ ရှေ့ဆက် လက်တွဲလုပ်ဆောင်ခြင်းဟာ ကျွန်မအနေနဲ့ နုံအရာ ကျလေလေဆိုတာ သဘောပေါက်လာခဲ့တယ်။ ဒါပေမဲ့ အခုတော့ အများပြည်သူ သိသင့်သိထိုက်တာကို ဖော်ထုတ်ပြသင့်တဲ့ အခြေအနေမျိုး ဖြစ်လာပါပြီ။ အိမ်ပြန်ခဲ့တဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အဓိက ကျခဲ့တဲ့ အချက်ကတော့ -
-    ကျွန်မက ငြင်းဆန်နေလျက်နဲ့ ခေါင်းအစ ခြေအဆုံး အလှအပ ခွဲစိတ်ပြုပြင်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ ရပါတယ်။
-    ကျွန်မရဲ့ အမေဟာ ကိုရီးယားမှာ နေထိုင်ဖို့ (၃)လ ဗီဇာ ရထားပေမယ့် ကျွန်မရဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ချိန်မှာ ကိုရီးယားကနေ အတင်းအကျပ် ပြန်ခိုင်းခဲ့ပါတယ်။ တကယ်တော့ စာချုပ်ပါ သတ်မှတ်ချက်တွေအရ ကျွန်မရဲ့ မိသားစုဟာ ကိုရီးယားမှာ လိုက်ပါနေထိုင်ခွင့် ရှိရမှာပါ။
-    ကျွန်မဟာ အမေမပါဘဲ ကိုရီးယားကနေ ခဏတာ ထွက်ခွာသွားပြီး ဂျပန်မှာ ရက်ပိုင်းလောက် သွားနေရမယ်လို့ ပြောပါတယ်။ ဒီကိစ္စမှာ ကျွန်မရဲ့ ကိုရီးယား ဗီဇာကို တိုးမြှင့်ဖို့ ဆိုတာကလွဲရင် ရေရေရာရာ အကြောင်းပြချက်မျိုး မပေးနိုင်ပါဘူး။
-    ကျွန်မရဲ့ သီချင်း အယ်လ်ဘမ်အတွက် ထောက်ပံ့ငွေ ပိုရစေဖို့အတွက် ကုမ္ပဏီရဲ့ လိုအပ်ချက်အရ စီးပွားရေး လုပ်ငန်းရှင်ကြီး တချို့ကို ကျွန်မက အဖော်ပြုပေးရမယ် ဆိုတာမျိုးလည်း ပြောပါတယ်။
တချို့တွေက ကျွန်မဟာ တန်ဖိုးကြီးမားတဲ့ ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှု တစ်ခုကို အဖွဲ့ကြီးဆီက အထောက်အပံ့ ရရှိစေဖို့အတွက် အလှမယ်ပြိုင်ပွဲ အောင်နိုင်သူ တစ်ဦးဆိုတဲ့ ကျွန်မရဲ့ ပုံရိပ်အပေါ် အလွဲသုံးစား လုပ်ခဲ့တယ်လို့ ပြောကြပါတယ်။ အသရေဖျက်ထားတဲ့ ကိစ္စတစ်ခု အပေါ်မှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လှပလာအောင် ခွဲစိတ် မခံခဲ့ပါဘူး ဆိုတာကို သက်သေပြနေဖို့ လိုအပ်ဦးမှာလား။ ကျွန်မရဲ့ တစ်ခုတည်းသော နောင်တက အမျိုးသား ဒါရိုက်တာတွေက ကျွန်မအသက်ကို (၁၆)နှစ်ကနေ (၁၈)နှစ်လို့ ပြောင်းလဲခဲ့တဲ့အပေါ် လုံလောက်တဲ့အထိ ခိုင်ခိုင်မာမာ မဆန့်ကျင်မိခဲ့တာပါပဲ။
ဒီထက်ပိုတဲ့ တခြားအသေးစိတ် ရှင်းလင်းပြောဆိုမှုတွေကို မြန်မာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြုလုပ်သွားပါမယ်။ ကျွန်မနဲ့ ကျွန်မအမေက ကိုရီးယားက အစီအစဉ်မှူးတွေရယ်၊ သူတို့နဲ့ ဆက်နွယ်နေတဲ့ မြန်မာ အမျိုးသား ဒါရိုက်တာ အဖွဲ့ရယ်နဲ့ ပြောဆို ဆွေးနွေးတဲ့ အခါတွေမှာ မူမမှန်ဘူးလို့ ခံစားမိရင် အသံနဲ့ ဗီဒီယို မှတ်တမ်း သက်သေတွေ ရယူထားနိုင်တဲ့ အတွက်တော့ စိတ်သက်သာရာ ရမိကြောင်း ဝန်ခံရပါမယ်။
နောက်ပြီး ကျွန်မ အနေနဲ့ အလှမယ်ပြိုင်ပွဲ အောင်မြင်သူ တစ်ယောက် အနေနဲ့ မသင့်တော်တဲ့ အပြုအမူမျိုး၊ လုပ်ဆောင်မှုမျိုး ဘယ်တုန်းကမှ မပြုမူခဲ့တာ အခိုင်အမာ ပြောနိုင်ပါတယ်။ ကျွန်မ အနေနဲ့လည်း ဒီလို အဖွဲ့အစည်း တစ်ရပ်က ပေးအပ်တဲ့ သရဖူကို လက်ထဲမှာ ဂုဏ်ယူဝံ့ကြွားစိတ် အပြည့်နဲ့ ကိုင်ဆောင်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်မက ဒီပစ္စည်းကို အမျိုးသား ဒါရိုက်တာတွေဆီ လက်လွှတ် ပေးလိုက်တဲ့ သဘောမျိုး မသက်ရောက်စေပါဘူး။ သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ မယုံကြည်ရမှုတွေကြောင့် အနာဂတ်ကာလ အလှမယ် ပြိုင်ပွဲတွေမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှုတိုင်းကို ဆန့်ကျင်ဖို့၊ မဟုတ်ရင်လည်း တားမြစ် ပိတ်ပင်ဖို့ လုပ်ဆောင်သင့်ကြောင်း ကျွန်မ အခိုင်အမာ ယုံကြည်ပါတယ်။
အဖွဲ့ကြီးရဲ့ ဗြောင်ကျကျ မုသားစကား တချို့ရယ်၊ အဖွဲ့ကြီးကလူတွေ ကျေနပ်ရင် ပြီးရောဆိုပြီး ဘာမဆို အရှက်မရှိ လုပ်ရဲတဲ့ ဒါရိုက်တာတွေရယ်ကြောင့် ဒီလို ရွံစရာကောင်းတဲ့ ကိစ္စထဲမှာ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာက လှောင်ပြောင် သရော်တာတွေ ခံနေရပါပြီ။ ကျွန်မကို သိက္ခာချဖို့ အားထုတ်တဲ့အခါ သူတို့ဟာ မြန်မာ အလှမယ်က သရဖူကို ခိုးယူပြီး အိမ်ပြန်သွားပါတယ် ဆိုတာမျိုး အခြေအနေ တစ်ရပ်ကို သတင်းမီဒီယာတွေ ကနေတစ်ဆင့် ဖန်တီးလိုက်ပါတယ်။ ဒါကြောင့်လည်း သူတို့ လုပ်ရပ်ကြောင့် ကျွန်မနိုင်ငံရဲ့ ဂုဏ်သိက္ခာ ထိခိုက်ခဲ့တာကို ပြန်အဖတ်ဆည်ဖို့ သူတို့ဆီက တောင်းပန်မှု တစ်ရပ်ကို ကျွန်မ တောင်းဆိုတာ သဘာဝ ကျပါတယ်။ သူတို့ဘက်က အမှားကိုသိလို့ ပြန်ပြင်တဲ့ အခြေအနေမျိုး ရှိလာရင် ကျွန်မဘက်ကလည်း သရဖူကို စိတ်ရှင်းရှင်းနဲ့ ပြန်ပေးအပ်သွားဖို့ လိုလားပါတယ်။
ကောင်းပါပြီ။ ကျွန်မအနေနဲ့ ရှင်တို့ရဲ့ အချိန်ကို အများကြီး ယူထားလိုက်တာမျိုး မဖြစ်သင့်ပါဘူး။ ကျွန်မအနေနဲ့ အများပြည်သူရဲ့ စာနာပေးမှုနဲ့ နားလည်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ထပ်ပြီး ပြောခွင့်ပြုပါ။
7day daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...