Ads (728x90)


မြန်မာနိုင်ငံသို့ အီဘိုလာဗိုင်းရပ်စ် ရောဂါကူးစက်မှု မရှိစေရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ထားပြီး ကာကွယ်မှုများ ဆောင်ရွက် နေကြောင်း ယမန်နေ့က ကျင်းပပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တာဝန်ရှိ သူကပြော သည်။ သက်ဆိုင်ရာ တာဝန်ရှိ သူများမှ (၂၄) နာရီ စောင့်ကြည့် စစ်ဆေး နေသည့် အပြင် လိုအပ်သည့် ဆေးရုံကားများ၊ အပူချိန်တိုင်း ကိရိယာများဖြင့် ဆောင်ရွက် နေကြောင်း သိရသည်။
ဒီရောဂါ မြန်မာကို မကူးဖို့ အရေးပေါ် အခြေအနေ အဖြစ် ဆောင်ရွက်နေတယ်။ အဓိက အာဖရိက ဘက်ကလာတဲ့ သူတွေကို အကြိမ်ကြိမ် စစ်ဆေး ဆောင်ရွက်နေတယ် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့် ကပြောသည်။ ခရီးသည် ၀င်ရောက်မှု များပြားသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့အပြင် ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များ တွင်လည်း စစ်ဆေးရေး အဖွဲ့များ ထားရှိထားပြီး ပြည်ပမှ ၀င်ရောက်လာ သူများကို အပူချိန် (၃၈) ဒီဂရီ ကျော်ပါက အရေးပေါ် စစ်ဆေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
အီဘိုလာ ဗိုင်းရပ်စ်သည် အနောက်အာဖရိကမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ယင်းဗိုင်းရပ်စ်သည် တိရိစ္ဆာန်တံတွေး၊ လူတံတွေး၊ အသုံးပြု ထားသော ပစ္စည်းများ၊ သွေး စသည်တို့မှ ကူးစက်နိုင်ကာ ရောဂါ ကူးစက်ပါက အချိန်တိုအတွင်း သေဆုံးသွား နိုင်သည့် ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်သည်။ အီဘိုလာ ရောဂါက ကုသဖို့ ဆေးမရှိတဲ့ အတွက် အရမ်းကြောက်ဖို့ ကောင်းတဲ့အတွက် ဒီနိုင်ငံကို ၀င်ရောက် မလာအောင် ဘယ်လို ဆောင်ရွက်ထားလဲ ဆိုတာ ပြည်သူတွေသိ စေဖို့ လွှတ်တော်မှာ မေးမြန်းရခြင်း ဖြစ်ပါတယ်  ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေသန်းနွယ်က ပြောသည်။
လက်ရှိတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိက ဘက်မှ သြဂုတ်လ (၁၉) ရက်နေ့ ည(၈) နာရီ အချိန်က လေယာဉ်ခရီးစဉ် အမှတ် (8M -332)ဖြင့် ထိုင်းနိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာသူ  ဖျားနာနေသည့် ဦးဇင်မင်းဦး၏ သွေးကို အန်္ဒိယနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရန် မြန်မာအစိုးရ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (LATA) တို့ ညှိနှိုင်းလျက်ရှိသည်။
WHO စာရင်းများအရ  အီဘိုလာဗိုင်းရပ်စ်သည် နှစ်ပေါင်း (၄၀) အတွင်း အဆိုးဝါး ဆုံးရောဂါတစ်ခု ဖြစ်သည့်အပြင် ထိန်းချုပ်ရန် ခက်ခဲ၍ ကြိုတင် ကာကွယ်မှုကိုသာ ပြုလုပ်နိုင်သည်။၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လ (၄) ရက်နေ့ အထိ အီဘိုလာဗိုင်းရပ်စ်ကြောင့် လူပေါင်း (၁၀၀၀)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
Credit : Messenger

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...