Ads (728x90)

Photo: ရန်ကုန်သင်္ကြန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃၅၀၀ အသုံးပြုမည်

ရန်ကုန်၊ ဧပြီ - ၈

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့အင်အား ထက်ဝက်ခန့်ကို လုံခြုံရေးဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ရှိသည့်အနက် တပ်ဖွဲ့ဝင် ၃၅၀၀ ခန့်ဖြင့် သင်္ကြန်ကာလ ရန်ကုန်မြို့လုံခြုံရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ရဲတပ်ဖွဲ့ဝင်များအား သင်္ကြန်ကာလပိတ်ရက်များအတွင်း အနားယူခံစားခွင့်ပေးထားခြင်းမရှိကြောင်း ဒုတိယ ရဲမှူးကြီးသက်လွင်က ပြောသည်။

“လုံခြုံရေးနဲ့ ပက်သက်လို့တော့ တော်တော်စီမံထားပါတယ်။ အပြင်မှာ ပြန့်နေတဲ့ ကောလာဟလတွေကလည်း ဖြစ်နိုင် ခြေနည်းပါတယ်။ နည်းတယ်ဆိုပေမယ့် ပေါ့လို့တော့ မရပါဘူး။ ကျွန်တော်တို့ဘက်ကတော့ သတိထား စောင့်ကြည့်ပြီး သင်္ကြန်ကာလကို အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးအောင် ဆောင်ရွက်သွားမှာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအပြင် ရဲတပ်ရင်းများမှလည်း အရန်အင်အား ဖြည့်တင်းပေးနိုင်ရန်စီစဉ် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း တုတ်၊ ဓား အစရှိသည့် လက်နက်များကို ကိုင်ဆောင်ပါက လက်နက်ဥပဒေ ပုဒ်မ-၁၉ (င) ဖြင့် အရေးယူဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားပြီး အဆိုပါကိစ္စအား ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များအတွင်းဆိုပါက ပုဒ်မ-၁၈၈ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့တွင်းရှိ သင်္ကြန်မဏ္ဍပ်များအား သင်္ကြန်ကာလအတွင်း နံနက်တစ်ကြိမ်၊ ညနေတစ် ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့မှ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူများ ပူးပေါင်း၍ မိုင်းရှာဖွေမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

“ဒီနှစ်သင်္ကြန်ကတော့ မနှစ်ကထက် ပိုပြီး အာရုံစိုက်ရပါတယ်။ လုံခြုံရေးကိုလည်း ပိုသတိထားရပါတယ်။ ဒီသင်္ကြန်ကာလ အေးအေးချမ်းချမ်း ပြီးဆုံးသွားဖို့ဆိုတာ ပြည်သူတွေကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူးက ဆိုသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...