Ads (728x90)



Posted on December 15, 2012 by Anderson in Fan Writing, Manchester United, Match Review, Sunderland -

ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ကိုတော့ ကျနော်တို့ သရဲနီတွေဟာ ဆန်းဒါးလန်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။ ဒါဘီနိုင်ပွဲ အပြီးမှာ အောက်နားက အသင်းတစ်သင်းနှင့် ကစားရမှာ ဖြစ်တဲ့အတွက် စိတ်
ဝင်စားစရာ သိပ်မရှိဘူးလို့ ထင်မိပေမယ့် သေချာ ပြန်စဉ်းစားလိုက်တော့ ပြိုင်ဖက်က ဆန်းဒါးလန်းဆိုတဲ့ အသင်းဖြစ်နေတယ်။ မှတ်မှတ်ရရ မနှစ်က ရာသီအသိမ်းမှာ ရင်ဆိုင်ခဲ့တဲ့ အသင်းပေါ့။ ကျနော်တို့ တစ်ဂိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပွဲရဲ့ အဆုံးသတ်ကတော့ သိပ်ပြီ မလှပခဲ့ဘူး။ ဘာလို့လဲဆိုတာ မန်ယူဖန်တွေ အားလုံးမှတ်မိကြမှာပါ။ မန်စီးတီး ဖလားရသွားတာကို သူတို့အသင်းဖလားရသည့်အလား လှောင်ပြောင် အောင်ပွဲခံခဲ့ကြတဲ့ ဆန်းဒါးလန်းဖန်တွေကို ကျနော် မေ့မရသလို ခင်ဗျားတို့လည်း မမေ့လောက်ဘူးလို့ ကျနော် ယုံကြည်ပါတယ်။ ရူနီကလည်း ဒီပွဲကို အနိုင်ကန်ချင်တယ်လို့ ပြောထားသလို ဖာဂူဆန်လည်း အစာမကြေဖြစ်နေခဲ့တာ အားလုံးအသိပါပဲ။ ဒီနေ့တော့ အိုးထရက်ဖို့ဒ်မှာ တွေ့ကြပြီပေါ့ကွာ။ ကြောင်နက်ကို ကြွက်စုတ်ဖြစ်အောင် တီးလွှတ်လိုက်မယ်။

လူစာရင်း ထွက်လာပြီ။ ဂိုးသမား မျောက်လေး ဒီဂီအာ။ ကွင်းလယ်မှာတော့ အက်ရှ်လေယန်း၊ ကလဲဗားလေး၊ ကားရစ်နှင့် ဗလင်စီယာပါ။ ရှေ့တန်းကတော့ ပုံမှန်အတွဲ ဖြစ်တဲ့ ရူနီ၊ ဗန်ပါစီပေါ့။ ထူးခြားတာက နောက်တန်းပါ။ ဖီးလ်ဂျူန်း၊ စမောလင်း၊ ဖာဒီနန်နှင့် အီဗရာတို့ ပွဲထွက်လာပါတယ်။ အီဗန် ဒါဏ်ရာကြောင်း လွဲချော်ခဲ့မှန်း စောစောပိုင်းက သိထားခဲ့ပေမယ့် ဒီရာသီမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားဖြစ်နေတဲ့ ရာဖေးလ် ဘာ့ကြောင့် ပါမလာတာလဲ ဆိုတာကိုတော့ စောစောပိုင်းက သိမထားခဲ့တဲ့အတွက် အံ့အားသင့်မိပါတယ်။ အရံလူစာရင်းမှာတောင် မပါခဲ့ပါဘူး။ အသင်းခေါင်းဆောင်ကြီး ဗီဒစ်ကတော့ အရံလူစာရင်းမှာ ပါဝင်လာပါတယ်။ ကျနော်တို့ သရဲနီဟောင်း ဂျိုကာ အိုရှေးကတော့ ပြိုင်ဖက်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်လာပါတယ်။ ဆောရီးပဲ အိုရှေးရေ…။ မင်းကို အားနာလို့ မရဘူး။ မင်းအသင်ကို အားပေးတဲ့ဖန်တွေကို ကောင်းကောင်း ပညာပေးရမယ်။

စပြီဗျာ။ ဆန်းဒါးလန်းက ဘောလုံးစပေးတယ်။ ၁၆ စက္ကန့်မှာ ဘောလုံးကွင်းဘေး ထွက်သွားတာပဲ။ ကြောင်နက်ဆိုတဲ့ကောင်တွေ အိုးထရက်ဖို့ဒ်ဆီကို သွေးရူးသွေးတန်းနဲ့ တက်လာတယ်ဆိုတာ သိသာပါတယ်။ ငါ့ကောင်တွေ သွေးအေးအေးနဲ့သာ ဖုတ်လွှတ်လိုက်ဖို့ ပြင်ထားကြကွာ။ ကျနော် ရေးနေတာကို ကိုယ့်ကောင် သရဲနီတွေ ကွင်းထဲကနေ ကြားများ ကြားသွားသလား မသိဘူး။ သွေးအေးနေလိုက်တာများ ဆန်းဒါးလန်းကွင်းလယ်ကတောင် အသာစီး ရနေသေးတယ်ဗျာ။ ၆ မိနစ်မှာတော့ ဒေါင့်ကန်ဘော ရတယ်ဗျာ။ ဒေါင့်ကန်ဘောကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို အက်ရှ်လေယန်း ကန်သွင်းတာ ပြင်းထန်ပေမယ့် ဆန်းဒါးလန်း ဂိုးသမားလေးက ကာကွယ်လိုက်နိုင်ပါတယ်။ တစ်ဖြည်းဖြည်းတော့ မန်ယူကစားကွက် အသာစီးရလာပါတယ်။ ၁၀ မိနစ် ဒေါင့်ကန်ဘော ထပ်ရတယ်ဗျာ။ ပြန်ထွက်လာတယ်။ အီဗရာ့ ရှေ့တည့်တည့်ကို ထွက်လာပါတယ်။ ဆရာသမားက တစ်ချက်ထိန်းထားတယ်။ တည်ထားတယ်။ အပီပဲ။ ကန်ပြီ….။ ဆိုးချက်ဗျာ…။ ဒီလောက်အနီးလေးကနေကို မိုးပေါ်ထောင်ဖြစ်အောင် ထောင်ကန်တယ်။ အီဗရာ တစ်လုံးဖြုန်းတယ်ကွာ။ ကြောင်နက်ဆိုတဲ့ ကောင်တွေကို အပြတ်ဖုတ်ချင်တာ. ဒီလိုတွေ ဖြုန်းနေရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ၁၅ မိနစ်မှာတော့ စပြီဗျို့…။ ကျနော်တို့ သရဲနီ တစ်ဂိုး စဖွင့်ပါပြီ။ ဒီဂိုးကတော့ အက်ရှ်လေယန်းရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အက်ရှ်လေယန်း ဘယ်ခြမ်းမှာ မွှေနှောက်ပြီး မတင်ပေးလိုက်တဲ့ ဘောလုံးဟာ နောက်ခံလူနဲ့ သွားထိပါတယ်။ ထိပြီး ထွက်လာတာကတော့ ဗန်ပါစီရဲ့ ရှေ့ တည့်တည့်ပါပဲ။ ဒီတစ်ခါတော့ အီဗရာ မဟုတ်ဘူး ကိုယ့်လူတို့ရေ..။ ဗန်ပါစီ ပိုင်ပိုင်နိုင်နိုင်ပဲ ကန်သွင်းပြီး ယူနိုက်တက်အတွက် အဖွင့်ဂိုး တစ်လုံး သွင်းယူလိုက်ပါတယ်။ အဲဒီလို ဖြစ်နေရမှာ ကိုယ့်လူတို့ရေ…။

On target: Robin van Persie kept up his fine scoring for Manchester United form by netting against Sunderland

၁၈ မိနစ်မှာ တစ်လုံး ထပ်လာသေးတယ်။ ညာခြမ်းကနေ ဖီးလ်ဂျုန်း မတင်ပေးလိုက်တာကို ဗန်ပါစီ အပိုင် တိုက်လိုက်တာပါပဲ။ တိုင်ဘေးနားကို ကပ်သွားပေမယ့် ဆန်းဒါးလန်း ဂိုးသမားလေး ကာကွယ်လိုက်နိုင်ပါတယ်။ ကာကွယ်ထားအုံးပေါ့ကွာ။ ဒီတစ်လုံး မရ နောက်တစ်လုံးပေါ့။ ပြောတဲ့အတိုင်းပဲဗျာ။ ၁၉ မိနစ်မှာ ယူနိုက်တက်အတွက် ဒုတိယဂိုး ရပါပြီ။ ကာရစ် ချပေးလိုက်တဲ့ ဘောလုံးကို ကလဲဗားလေးက သူ့ရဲ့ ပုံစံအတိုင်း ဝေ့ဝိုက်ပြီးတော့ လှလှပပ ကန်သွင်းသွားပါတယ်။ အလန်းပဲဗျာ။ ကြိတ်ထားစမ်း ငါ့ကောင်တွေ။ ဆန်းဒါးလန်းဖန်တွေ မှတ်လောက်သားလောက် ဖြစ်သွားစေရမယ်။ ၂၂ မိနစ်မှာ နောက်တစ်ဂိုး ရမယ့် အခွင့်အရေးဗျာ။ အက်ရှ်လေယန်းက မတင်ပေးတယ်။ အဲဒါကို ဗန်ပါစီက တိုက်ရိုက် မတိုက်ပဲ ဂိုးပေါက် ရှေ့တည့်တည့်က ရူနီကို ချပေးပါတယ်။ ရူနီ အပိုင်ကန်တယ်ဗျာ။ ခွီး…။ အီဗရာ့ထက်တောင် နီးသေးတယ်။ ဘသားချောကန်ချက်က တိုင်ဘေးက ကပ်ထွက်သွားတယ်ဗျာ။ ဆက်တိုက်ပဲ ညာခြမ်းက အီဗရာ မတင်ပေးတာကို ရူနီ ခေါင်းတိုက်ခွင့် ရပါသေးတယ်။ ဒီတစ်ခါလည်း ဂိုးပေါက် မတည့်ဘူးဗျ။ ဒီနေ့ညတော့ ရူနီတစ်ယောက် ဂိုးပေါက်လွဲနေပြီ ထင်ပါ့ရဲ့ဗျာ။ ဆန်းဒါးလန်းကို အနိုင်ရချင်တယ်လို့ ပြောထားတဲ့ မင်းကို တစ်ဂိုးလောက်တော့ အနည်းဆုံး သွင်းစေချင်တယ်ကွာ။

၂၄ မိနစ်မှာတော့ သည်းထိတ်ရင်ဖိုဗျာ။ နောက်ခံကျောက်ဆောင်ကြီး ဖာဒီနန် အီစီကလီ လုပ်နေရင်း ကိုယ့်ဘောလုံးကို မထိန်းနိုင်ပဲ ဘောလုံး လွတ်ထွက်သွားပါတယ်။ အဲဒါကို ဆန်းဒါးလန်းကွင်းလယ်ကစားသမား ဂျိန်းစ် မက်ကလင် ရသွားပြီး ဒီဂီအာနဲ့ တစ်ယောက်ချင်း ကန်သွင်းခွင့်ရပါတယ်။ နောက်က တက်လာတဲ့ တစ်ယောက်ကို ပြန်ချပေးရင် ဂိုးသမား ကာကွယ်ဖို့ အခွင့်အရေး မရနိုင်ပါဘူး။ ခုတော့ တစ်ကိုယ်ကောင်း ဆန်ဆန်နဲ့ တိုက်ရိုက် ကန်သွင်းတယ်ဗျာ။ မျောက်လေး ဒီဂီအာ ဖင်ထိုင်ချပြီး ကာကွယ်လိုက်နိုင်တဲ့အတွက်သာ မန်ယူတို့ သက်သာခဲ့ရတာပါ။ ၂ ဂိုးပြတ်ပြီး နောက်ပိုင်းမှာတော့ ပွဲက နည်းနည်း အေးသွားတယ်ဗျာ။ ဆန်းဒါးလန်းကလည်း ရှုံးနေပေမယ့် ပြန်တိုက်ဖို့ အဆိပ်မရှိ။ မန်ယူကလည်း အေးဆေးသက်သာပဲ ကစားနေပါတယ်။ ၃၇ မိနစ်မှာတော့ ကိုယ်တွေ ဂိုးပေးရဖို့ အတော်နီးစပ်ခဲ့တယ်ဗျာ။ ဆန်းဒါးလန်းက ဘရန်းဘဲလ် အနီးကပ် ကန်သွင်းတာ အီဗရာ ခေါင်းတိုက်ပြီး ဖြတ်ထုတ်လိုက်နိုင်လို့သာ ဂိုးမပေးခဲ့ရတာပါ။ ၃၉ မိနစ်မှာတော့ မန်ယူအခွင့်အရေး ပြန်ရတယ်ဗျာ။ ဗန်ပါစီနှင့် ရူနီ အချိတ်အဆက်လုပ်ပြီး ရူနီက ကလဲဗားလေးဆီကို အသာအယာ ချပေးလိုက်ပါတယ်။ ဧရိယာထိပ်ကနေ ကလဲဗားလေး စောစောက ဂိုးသွင်းတဲ့ ပုံစံအတိုင်းပဲ ဝေ့ဝိုက် ပြီးတော့ ကန်သွင်းပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ဂိုးပေါက်ဆီကို မဟုတ်ပဲ သိကြားမင်းကို ဘောလုံး ဆက်သတယ်လို့တောင် ထင်ရပါရဲ့။ ညံ့လိုက်တဲ့ ကန်ချက်ကွာ..။ ၂ ဂိုးနဲ့ အားမရသေးဘူး ငါ့ကောင်တွေရေ… မှတ်လောက်သားလောက်ဖြစ်အောင် ဂိုးပြတ်ဖုတ်ကွာ။ ကိုယ့်က စွတ်ဖုတ်ခိုင်းနေတာ တကယ်တမ်း ကန်သွင်းတာက ဆန်းဒါးလန်းက မက်ကလိန်းပါ။ တော်သေးတာပေါ့ ဒီဂီအာနဲ့ တည့်တည့်ဖြစ်နေလို့ပေါ့။ ပထမပိုင်း ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာတော့ အငြင်းပွားစရာလေး တစ်ခု ဖြစ်လိုက်သေးတယ်။ အက်ရှ်လေယန်း မတင်ပေးလိုက်ရာမှာ ဆန်းဒါးလန်းနောက်ခံလူ ကယူလာ လက်နဲ့ ထိပါတယ်။ တမင်သက်သက် ပုတ်တာမဟုတ်ပေမယ့် မျက်နှာမူရာဖက်မှာ ထိတာဖြစ်တဲ့အတွက် ပယ်နယ်တီ ပေးမယ်ဆိုလည်း ပေးလို့ ရနိုင်ပါတယ်။ သေချာပေါက် ပေးရမယ့် အနေအထားကြီးလည်း မဟုတ်ခဲ့ပါဘူး။ မပေးတော့လည်း ကောင်းတာပေါ့ဗျာ။ မဟုတ်ရင် အန်တီတွေအတွက် ပြောစရာ အကွက်တစ်ခု ရသွားအုံးမယ်။ နိုင်နေတဲ့ အတူတူတော့ မပေးတာတောင် ပိုကောင်းပါသေးတယ်။

ဒုတိယပိုင်းအစမှာတော့ ကျနော့်အကြိုက် ကစားသမားကြီး ပေါလ်စခိုး ဝင်လာတယ်ဗျာ။ မိုက်ကယ်ကားရစ် အစားဝင်ရောက်ကစားတာပါ။ ပွဲမှ မစသေးဘူး ယူနိုက်တက်ကတော့ ခြိမ်းခြောက်ပြီဗျာ။ ၄၆ မိနစ်မှာ ဗလင်စီယာ ညာခြမ်းက ပြေးဆွဲလာပြီး ရူနီဆီကို အဆင်သင့် ခင်းပေးတာကို ရူနီ ကန်သွင်းတာ ကောင်းပေမယ့် ဆန်းဒါးလန်း နောက်ခံလူနှင့် ထိပြီး ဂိုးဘားတန်းကို ထိသွားတဲ့အတွက် နစ်နာခဲ့ရပါတယ်။ ဒီနေ့တော့ ရူနီ တစ်ယောက် ဂိုးကံခေံနေပါပြီ။ ထူးခြားတာက ရူနီတစ်ယောက် ဒီနေ့ ဂိုးပေါက်လွဲသွားတိုင်း ပြုံးဖြီးကြီး လုပ်လုပ်နေတာပါပဲ။ အေးဆေးပဲလို့များ သဘောထားသလား မသိဘူး။ ၄၉ မိနစ်မှာလည်း ဗန်ပါစီ တစ်ယောက်ချင်း ကန်သွင်းရတယ်ဗျာ။ ဒါပေမယ့် ဂိုးသမားကို ကျော်ထည့်ရာမှာ ဂိုးပေါက် မတည့်ခဲ့ပါဘူး။ ငါ့ကောင်တွေတော့ ဖြုန်းနေပြီ။

၅၅ မိနစ်မှာတော့ ခပ်ကြောင်ကြောင် အဖြစ်အပျက်လေး ဖြစ်ခဲ့ပါသေးတယ်။ ဆန်းဒါးလန်း ကွင်းလယ်ကစားသမားတစ်ယောက် ဘယ်ခြမ်းကနေ မတင်ရာမှာ ဖီးလ်ဂျုန်းနှင့် ထိပြီး ဝေ့ဝဲကာ ဂိုးပေါက်ဆီကို တန်းကျလာပါတယ်။ ဒီဂီအာ တစ်ယောက် ဂိုးပေါက် လွဲချော်သွားပြီလို့ ထင်နေပုံရပါရဲ့။ အေးဆေးသက်သာ ရပ်နေရာကနေ ဘောလု့းက ဂိုးပေါက်ဆီ တဖြည်းဖြည်း တည့်လာတဲ့အတွက် ပြာပြာသလဲ ခြေထောက်နဲ့ လှမ်းတားလိုက်ရတာပါ။ မတားမိရင်တော့ ဂိုးပေးလိုက်ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ၅၉ မိနစ်မှာတော့ ယူနိုက်တက် ထပ်သွင်းလိုက်ပြီဗျာ။ အက်ရှ်လေယန်းနှင့် ဗန်ပါစီတို့ အတွဲညီညီ ထိုးဖောက်လာပြီး ဗန်ပါစီက ဂိုးရှေ့ကို အသာခင်းပေးလိုက်ရာမှာ အသင့်စောင့်နေတဲ့ ရူနီက ဆန်းဒါးလန်းနောက်ခံလူရဲ့ ခြေထောက်ကြားထဲကနေ လှမ်းထိုးပြီး မန်ယူအတွက် တတိယဂိုး သွင်းယူပေးလိုက်ပါတယ်။ ဆန်းဒါးလန်းကို အနိုင်ယူမယ်လို့ ကြိမ်းဝါးထားတဲ့ ငါ့ကောင်ကြီး မင်းကိုယ်တိုင် တစ်ဂိုး သွင်းလိုက်ရပြီပေါ့ကွာ။ ၆၇ မိနစ်မှာတော့ ကျနော်တို့ အသင်းခေါင်းဆောင်ကြီး နီမန်ဂျာ ဗီဒစ် ဝင်ရောက် ကစားခဲ့ပါတယ်။ ဖာဒီနန်နေရာမှာ ဝင်ကစားတာပါ။ ဒါဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ အသင်းခေါင်းဆောင်ကြီးကို ပြုံးပြုံးရွှင်ရွှင်ပဲ ကြိုဆိုခဲ့ကြပါတယ်။ ၇၀ မိနစ်မှာတော့ ဆန်းဒါးလန်းတိုက်စစ်မှူး ဆီဆင်ညော် ဧရိယာထိပ်ကနေ အပြင်းကန်သွင်းတာ ကောင်းပေမယ့် ဒီဂီအာ ကာကွယ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် ၇၂ မိနစ်မှာတော့ ဒီဂီအာလည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ ဆစ်ဆီညော် မတင်ပေးလိုက်တာကို ကမ်းဘဲက ဂိုးပေါက်နဲ့ တစ်ပေလောက် အကွာကနေ ခေါင်းတိုက်သွင်းယူခဲ့တဲ့အတွက် ချေပဂိုးတစ်ဂိုးပေးလိုက်ရပါတယ်။ ကပ္ပတိန်ကြီး ဝင်လာမှပဲ ဂိုးပေးလိုက်ရတော့တယ်။ ဟုတ်တော့ ဟုတ်နေတာပဲ။

မိနစ် ၈၀ ဖြစ်နေပြီ။ ပွဲကတော့ ၃-၁ နဲ့ ငြိမ်နေပါတယ်။ သိပ်တော့ အားမရဘူး ငါ့ကောင်တွေရ။ ဆန်းဒါးလန်းက ပြန်ပြီးတော့ ဖိအားပေးကစားလာနိုင်တာကို တွေ့နေရတော့ အားမလို အားမရ ဖြစ်မိတယ်။ ၂ ဂိုးအသာရနေတာက အနိုင်ရဖို့အတွက် လုံလောက်တယ်လို့ ပြောလို့ ရနိုင်ပေမယ့် ဒီကောင်တွေကို ဂိုးပြတ်ဖုတ်ချင်တာ ငါ့ကောင်တွေရ။ နောက်ထပ် ဂိုးသွင်းဖို့ ကြိုစားကြကွာ။ ကိုယ်တွေကသာ ဂိုးသွင်းဖို့ အားပေးနေတာ။ တကယ်တမ်း ဂိုးပေါက်ကို ခြမ်းခြောက်နေတာက ဆန်းဒါးလန်းပါ။ ၈၁ မိနစ်မှာ ဆန်းဒါးလန်း ကွင်းလယ်ကစားသမားတ်ယောက် ကန်သွင်းတာ ဒီဂီအာ ကာကွယ်လိုက်နိုင်လို့သာ တော်တော့တယ်။ ၈၅ မိနစ်မှာတော့ ဖီးလ်ဂျုန်း မတင်ပေးတဲ့ ဘောလုံးကို ဗန်ပါစီ ကျွတ်ကျွတ်လွတ်လွတ် ခေါင်းတိုက်ခွင့်ရပါတယ်။ ဒါပေမယ့် မမီမကမ်း ဖြစ်နေတဲ့အတွက် အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒီနောက်မှာတော့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ကြတော့ပဲ ၃-၁ နဲ့ပဲ အဆုံးသတ်သွားပါတယ်။

ဒီနေ့ပွဲမှာတော့ မန်ယူအသင်းဟာစိတ်ဖိစီးမှု မရှိပဲ အေးဆေးသက်သာပဲ အနိုင်ယူနိုင်ခဲ့တာကို တွေ့ရမှာပါ။ အနိုင်ဂိုးတွေ စောစောစီးစီး သွင်းထားနိုင်တဲ့အတွက် သိပ်ပြီး ကြိုးပမ်းစရာ မလိုပဲ ပွဲကို သက်သက်သာသာ ထိန်းထားနိုင်ခဲ့ပါတယ်။ စောစောစီးစီး ဂိုးသွင်းထားလိုက်တော့ အိုးထရက်ဖို့ဒ်အထိ လာအားပေးတဲ့ ဆန်းဒါးလန်းဖန်တွေလည်း အီးတောင် ကျယ်ကျယ်ပေါက်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အနိုင် ၃ မှတ်ရအောင် ယူနိုင်ခဲ့ပြီမို့ ဇယားထိပ်မှာ ၆ မှတ်အသာနဲ့ အငြိမ်ဇယားပါပဲ။ ဒီဇင်ဘာကတော့ အလန်းပဲဗျာ။
 
By : Ram Mar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...