Ads (728x90)


Jihad ဆိုသည်မှာ မွတ်စလင်တို့၏ ဘာသာရေးတာဝန်တစ်ခုကို ခေါ်ဆိုသော အစ္စလာမ်ဘာသာရေး စကားလုံးဖြစ်သည်။ အာရဗီစကားတွင်မူ  ဂျီဟဒ်ကို ရုန်းကန်လှုပ်ရှားမှုဟု အဓိပ္ပါယ်ရသော နာမ်ပုဒ်တစ်ပုဒ်အဖြစ် ဘာသာပြန်ကြသည်။ ကိုရမ်ကျမ်းစာတွင် ဂျီဟဒ်ဟူသော စကားလုံး ၄၁ ကြိမ်ပါရှိပြီး ဘုရားသခင်အလိုတော်ကျ ရုန်းကန်လှုပ်ရှားခြင်း ဟူသော အီဒီယမ်အသုံးအနှုံးဖြင့် မကြာခဏသုံးသည်။ ဂျီဟဒ်တွင် ပါဝင်လှုပ်ရှားသူကို မူဂျာဟစ် ဟုခေါ်ပြီး၊ အများကိန်းမှာမူ မူဂျာဟစ်ဒင် ဖြစ်သည်။ ဂျီဟဒ်သည် မွတ်စလင်တို့အတွက် အရေးကြီးသော ဘာသာရေးတာဝန်တစ်ခုဖြစ်သည်။ တခါတရံတွင် ဆွန်နီ ပညာရှင်များအတွင်းရှိ လူနည်းစုကမူ ထိုဘာသာရေးတာဝန်ကို အစ္စလာမ်ဘာသာ၏ နံပတ်ခြောက် အလေးအမြတ်ပြုအပ်သောအရာအဖြစ် ရည်ညွှန်းသည်၊ သို့သော် ထိုဘာသာရေးတာဝန်သည် ထိုကဲ့သို့ တရားဝင် အဆင့်အတန်းမရှိပါ။ တွယ်လ်ဗာ ရှီအက် အစ္စလမ်တွင်မူ ဂျီဟဒ်သည် ဘာသာရေးအကျင့် ဆယ် ခုအနက် တစ်ခုအပါအ၀င်ဖြစ်သည်။
အချက်အလက်ပြည့်စုံသော အစ္စလမ် အဘိဓာန်တစ်ခုမှာ ဂျီဟဒ်ကို - မိုဟာမက်၏ ဘာသာပြန့်ပွါးရေးတွင် အစ္စလမ်ဘာသာ တိုးတက်ရေးနှင့် မွတ်စလင်တို့အထံမှ မကောင်းမှုများကို ဖယ်ရှားရေးတို့အတွက် အထူးရည်ရွယ်ကာ ပြဌာန်းထားသော ၄င်းဘာသာကို မယုံကြည်သူများနှင့် တိုက်ခိုက်ရသော ဘာသာရေး စစ်ပွဲဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ထင်ရှားတဲ့ ဗြိတိန်-အမေရိကန် အရှေ့တိုင်းပညာရှင် ဘားနဒ် လူးဝစ်ကတော့ တမန်တော် မိုဟာမက်ရဲ့ အဆုံးအမများနှင့် အစ္စလမ် ဥပဒေရဲ့ ရှေးဟောင်း လက်စွဲစာအုပ်တွေမှာ ဂျီဟဒ်က ကျယ်ပြန့်တဲ့ ကိစ္စအများစုမှာ စစ်အဓိပ္ပါယ်ပါတဲ့ စကားလုံးဖြစ်တယ်လို့ ပြောဆိုပါတယ်။ Al-Minhaj လို့ခေါ်တဲ့ တမန်တော်မိုဟာမက်ရဲ့ အဆိုအမိန့်တွေရဲ့ အဖွင့်ကျမ်းမှာ အလယ်ပိုင်းခေတ် အစ္စလမ်ပညာရှင် Yahya ibn Sharaf al-Nawawi က အဖွဲ့အစည်းတစ်ခုလုံးရဲ့ စုပေါင်းတာဝန်တစ်ခုသည် တရားဝင် ဆန့်ကျင်မှုတစ်ခု တည်ရှိနေဖို့၊ ဘာသာရေး ပြဿနာတွေကို ဖြေရှင်းဖို့၊ ဘုရားရဲ့ ဥပဒေတွေကို နားလည်ဖို့၊ အမှန်တရားကို သိမြင်ဖို့နဲ့ မှားတဲ့ အပြုအမူတွေကို တားမြစ်ဖို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဘီဘီစီက ဂျီဟဒ်ဆိုတဲ့ စကားလုံးကို တိတိကျကျ ဖွင့်ဆိုပေးထားသလို၊ မွတ်စလင်တွေက မတူကွဲပြားခြားနားတဲ့ ရုန်းကုန်လှုပ်ရှားမှု သုံးမျိုးကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုဖော်ပြတယ်ဆိုတာကိုလဲ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
၁။ မွတ်စလင် ယုံကြည်မှုကို တတ်နိုင်သမျှ အကောင်းဆုံး တွေ့ကြုံခံစားနိုင်ဖို့ ယုံကြည်ကိုးကွယ်သူ တစ်ယောက်ရဲ့ ကိုယ်တွင်း ရုန်းကန်လှုပ်ရှားမှု၊
၂။ မွတ်စလင်အဖွဲ့အစည်းကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ ရုန်းကန်လှုပ်ရှားမှုနဲ့၊
၃။ မြင့်မြတ်သော စစ်ပွဲ (သို့မဟုတ်) လိုအပ်ရင် အင်အားသုံးကာ အစ္စလမ်ဘာသာကို ကာကွယ်ဖို့ရာ ရုန်းကန်လှုပ်ရှားမှုတို့ဖြစ်ပါတယ်။
အနောက်တိုင်းလူ့အဖွဲ့အစည်းတွေမှာရှိတဲ့ မွတ်စလင်မဟုတ်သူတွေက ဂျီဟဒ်ကို မြင့်မြတ်သောစစ်ပွဲလို့ ဘာသာပြန်ကြပါတယ်၊ အစ္စလမ်ဘာသာကို လေ့လာသူ ပညာရှင်များကတော့ ဒီစကားလုံးနှစ်လုံးဟာ အဓိပ္ပါယ်တူအသံသာကွဲတဲ့ စကားလုံးတွေ မဟုတ်ဘူးလို့ မကြာခဏ အလေးအနက်ထားပြောဆိုကြပါတယ်။ အတိအကျပြောရရင်တော့ မွတ်စလင် စာရေးဆရာတွေက ဂျီဟဒ်ဆိုတဲ့ စကားလုံးရဲ့ ဆင့်ပွါးအဓိပ္ပါယ်တွေကို အလေးထားတဲ့ ချဉ်းကပ်မှုမျိုးကို ငြင်းပယ်လိုကြပါတယ်။
ဇာစ်မြစ်
ဂျီဟဒ်ဆိုတဲ့ စကားလုံးရဲ့ အစများကို မိုဟာမက်ရဲ့ အဆိုအမိန့်များ လုပ်ငန်းများနှင့် ကိုရန်ကျမ်းများမှာ ခြေရာခံနိုင်ပါတယ်။ ဒီလိုခြေရာခံတွေ့ရှိမှုဟာ ဂျီဟဒ်အသုံးအနှုံးသည် မွတ်စလင်မဟုတ်သူများကို ဆန့်ကျင်သည်ဟူသည့် သဘောတရားကို အားကောင်းစေပါတယ်။ သို့သော် ကိုရန်ကျမ်းတွင် ဂျီဟဒ်ကို အလ္လာဟ်၏ အမည်ဖြင့် တိုက်ခိုက်ရေး သို့မဟုတ် စစ်ရေးအတွက် မည်သည့်အခါမှ မသုံးဘဲ၊ qital ကိုသာ တိုက်ခိုက်ရေးအဓိပ္ပါယ်ဖြင့် သုံးပါတယ်။ ကိုရန်ကျမ်းလာ ဂျီဟဒ်ကို မူလအားဖြင့် မွတ်စလင်များ၏ အိမ်နီးချင်းများကိုသာ ရည်ညွှန်းသော်လည်း အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ရန်သူပိုများလာသည်နှင့်အမျှ ဂျီဟဒ်ကို အထောက်အပံ့ပြုသော ကိုရန်ကျမ်း၏ ဖော်ပြချက်များမှာလည်း ရန်သူအသစ်များအတွက်ပါ အဆင့်မြှင့်လာခဲ့သည်။ ဂျီဟဒ်ဥပဒေဆိုင်ရာ ပထမဆုံးစာတမ်းကို Abd al-Rahman al-Awza'i နှင့် Muhammad ibn al-Hasan al-Shaybani တို့ရေးသားခဲ့ကြသည်။ ထိုစာတမ်းမှာ မိုဟာမက်သေဆုံးပြီးအချိန်ကစ၍ ပေါ်ပေါက်လာခဲ့သော အငြင်းပွါးမှုများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ခေတ်သစ် အာရဗီစကားလာ ဂျီဟတ်သည် ဘာသာရေး၊ လောကအရေး၊ အကြမ်းဖက်မှု၊ မဖက်မှု စသည့် မည်သည့် အကြောင်းကြောင့်ဘဲဖြစ်ဖြစ် ရုန်းကန်လှုပ်ရှားမှုအတွက် မှန်ကန်သော အသုံးအနှုံးတစ်ခု ဖြစ်သည်။  ဥပမာ၊ မဟတ္တမဂန္ဒီ၏ အိန္ဒိယ လွတ်လပ်ရေးအတွက် သတွဂြဟ လှုပ်ရှားမှုကို ခေတ်သစ် အာရဗီစကားဖြင့်ရော အခြား ဒေသသုံး အာရဗီစကားဖြင့်ပါ ဂျီဟဒ်ဟုခေါ်သည်။ ထို့အပြင် အမျိုးသမီးများလွတ်လပ်ရေးအတွက် တိုက်ခိုက်မှုကိုလည်း ဂျီဟဒ်ဟုပင် သုံးနှုံးကြသည်။
အသုံးအနှုံးများ
ဂျီဟဒ်ဟူသော စကားလုံးသည် အကြမ်းဖက်မှု အကြမ်းမဖက်မှု အဓိပ္ပါယ်နှစ်မျိုးလုံးဖြင့် အဆင့်ဆင့် တိုးတက်လာသည်။ သာမန်အားဖြင့် အခြားအရာများကြားတွင် မတရားမှုနှင့် နှိပ်ကွပ်မှုများကို ဆန့်ကျင်ခြင်း၊ အစ္စလမ်ဘာသာဖြန့်ဖြူးခြင်းနှင့် ၄င်းကို ကာကွယ်စောင့်ရှောက်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်သော ဘ၀မှာ နေထိုင်နိုင်ဖို့ ကြိုးစားခြင်းလို့ ဂျီဟဒ်ကို ဘာသာပြန်နိုင်ပါတယ်။ ဂျီဟဒ် နှစ်မျိုးအကြား ဆက်နွယ်နေတဲ့ အရေးပါမှုကတော့ အငြင်းပွါးဖွယ်ရာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား မွတ်စလင်များအကြား ထင်ရှားသူအများစုက ဂျီဟဒ်ကို အစ္စလမ်ဘာသာအတွက် (သို့မဟုတ်) ဘုရားသခင်အတွက် (သို့မဟုတ်) တခုတည်းသော အကြောင်းအရာအတွက် ကိုယ့်အသက်ကို စွန့်လွှတ်ခြင်း သို့မဟုတ် အစ္စလမ်ဘာသာကို ဆန့်ကျင်သူများကို တိုက်ခိုက်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်လို့ Gallup အဖွဲ့ရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ လက်ဘနွန်၊ ကူဝိတ်၊ ဂျော်ဒန်နှင့် မော်ရိုကိုရှိ မွတ်စလင်အများစုကတော့ ဂျီဟဒ်ကို ဘုရားသခင်အတွက် တာဝန်ထမ်းဆောင်ခြင်း၊ ဘုရားသခင်ပေးတဲ့တာဝန် (သို့မဟုတ်) ဘုရားသခင်ကို ရှိခိုးခြင်းလို့ စစ်သဘောတရားမပါတဲ့ အဓိပ္ပါယ်မျိုးဖွင့်ဆိုကာ သုံးနှုံးကြပါတယ်။ အခြားသူများက
၁။ ခက်ခဲတဲ့အလုပ်မှာ မြှုပ်နှံလုပ်ကိုင်ခြင်းနှင့် ဘ၀မှာ ကိုယ့်ရည်မှန်းချက်အောင်မြင်ခြင်း။
၂။ မြင့်မြတ်သော အကြောင်းတရားရရှိအောင် ကြိုးစားအားထုတ်ခြင်း။
၃။ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင့်တင်ခြင်းနှင့် အခြားသူများကို ကူညီခြင်း။
၎။ အစ္စလမ်ဘာသာရဲ့ ဥပဒေအတိုင်းနေထိုင်ခြင်း ဆိုတဲ့ အဆင့်တွေကို ရည်ညွှန်းကာ တုံ့ပြန်ကြပါတယ်။
ဂျီဟဒ်အကြီးစားနှင့် ဂျီဟဒ်အသေးစား ခြားနားမှု
၁၁ ရာစုခေတ် အစ္စလမ် ပညာရှင် Al-Khatib al-Baghadadi က သူရေးတဲ့ the history of Baghdad ဆိုတဲ့ စာအုပ်မှာ Jabir ibn Abd-Allah ရဲ့ Companion of Muhammad စာအုပ်မှာပါတဲ့ ဖော်ပြချက်ကို အောက်ပါအတိုင်း ကိုးကားထားပါတယ်။ တမန်တော်သည် စစ်ပွဲတစ်ခုမှအပြန် ကျွန်ုပ်တို့ကို  သင်တို့ဟာ ကောင်းသောပြန်လာခြင်းနဲ့ ပြန်လာခဲ့ကြတာဖြစ်တယ်၊ သင်တို့ဟာ အသေးစားဂျီဟဒ်မှ  မြင့်မြတ်သောစစ်ပွဲလို့ခေါ်တဲ့ ကိုယ့်အလိုဆန္ဒကိုဆန့်ကျင်ကာ အလ္လာအရှင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကြိုးစားအားထုတ်မှုခေါ် အကြီးစားဂျီဟဒ်သို့ ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီကိုးကားချက်က အကြီးစားဂျီဟဒ်နှင့် အသေးစားဂျီဟဒ်လို့ ဂျီဟဒ်နှစ်မျိုး ကွဲပြားစေခဲ့ပါတယ်။ တချို့ အစ္စလမ်ပညာရှင်တွေကတော့ ဒီကိုးကားချက်ရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ အငြင်းပွါးကြပြီး ဂျီဟဒ်ရဲ့ အဓိပ္ပါယ်ကို မြင့်မြတ်သောစစ်ပွဲလို့ ဖွင့်ဆိုတာက ပိုအရေးပါတယ်လို့ ထင်မြင်ကြပါတယ်။
David Cook ဆိုတဲ့ မွတ်စလင်မဟုတ်တဲ့ ပညာရှင်ရဲ့ အလိုအရ ဘာသာရေး ဂျီဟဒ်က အကြမ်းဖက်မှုပါတဲ့ ဂျီဟဒ်ကို ဘယ်လိုမှ မလွှမ်းမိုးနိုင်ဘူးလို့ အောက်ပါ အတိုင်း သူ့အမြင်ကို ရေးထားပါတယ်။ ရှေးဟောင်းရော ခေတ်ပြိုင်ပါ မွတ်စလင်စာပေတွေကို လေ့လာကြည့်တဲ့အခါ ဘာသာရေးဂျီဟဒ်ရဲ့ အရေးပါမှုကို မျက်ကွယ်ပြုထားလို့ရတယ်ဆိုတဲ့ အထောက်အထားမျိုးတွေ့နိုင်ပါတယ်။ ဒီဘက် ခေတ်မှာ သေချာတာကတော့ ဂျီဟဒ်ဆိုတာ အဓိကအားဖြင့် အကြမ်းဖက်မှုမပါတဲ့ သဘောတရားလို့ (သို့မဟုတ်) ဘာသာရေးဂျီဟဒ်က အကြမ်းဖက်မှုပါတဲ့ ဂျီဟဒ်ကို လွှမ်းမိုးသွားပြီလို့ မွတ်စလင်မဟုတ်တဲ့ဘယ်သူကမှ အာရဗီစာ၊ ပါရှန်းစာ၊ အူရဒူစာလို ဘယ်ဘာသာစကားနဲ့မှ ကြွေးကြော်မှာ မဟုတ်ဘူးဆိုတာပါဘဲ။ အခုလိုမျိုး ကြွေးကြော်မှုကို ပြုလုပ်တာက အနောက်တိုင်းပညာရှင်များ အဓိကအားဖြင့် ဆူဖီဇမ် (Sufism) ကိုလေ့လာထားတဲ့ (သို့မဟုတ်) ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွေမှာ အလုပ်လုပ်တဲ့ အနောက်တိုင်း ပညာရှင်တွေနဲ့ အစ္စလမ် ဘာသာကို လုံးဝအန္တရာယ်ကင်းတဲ့ ဘာသာအဖြစ် တတ်နိုင်သမျှ တင်ပြလိုကြတဲ့ မွတ်စလင်ကာကွယ်ရေး သမားတွေသာ ဖြစ်ပါတယ်။
အဇ္ဈတ္တရုန်းကန်လှုပ်ရှားမှုဟာ အကြီးစားဂျီဟဒ်ဖြစ်တယ်လို့ မိုဟာမက်က ပြောတယ်ဆိုပြီး ကိုးကားထားတာဟာ မယုံကြည်ရတဲ့ အရင်းအမြစ်ကလာတာပါလို့ မွတ်စလင် ဥပဒေပညာရှင် Ibn Hajar al-Asqalani ကဆိုပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီစကားဆင်းသက်လာမှု ဖြစ်စဉ်မှာ အားနည်းချက်ရှိနေတယ်လို့ ဆိုထားလို့ပါဘဲ။

အကောင်းဆုံး ဂျီဟဒ်

အာရပ်နွေဦးလှုပ်ရှားမှုအတွင်းမှာ အာရပ်နိုင်ငံများမှာ ဖြစ်ပွါးခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဟာ အစိုးရပိုင်းက အာဏာရှင်များရဲ့ အကြမ်းဖက်မှု ပစ်သတ်မှုများနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီလိုပစ်ခတ်နှိမ်နင်းမှုများက ဆန္ဒပြသူများကို အားဖြစ်စေခဲ့တယ်၊ အကောင်းဆုံးဂျီဟဒ်လို့သူတို့ခေါ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ယုံကြည်မှုကို အခြေခံကာ တော်လှန်ရေးဆီသို့ သယ်ဆောင်ပေးခဲ့တယ်။ နှိပ်စက်လွန်းတဲ့ ဆူလတန်တွေရှေ့မှာ တရားမျှတမှုကို ပြောဆိုခြင်းဟာ အကောင်းဆုံးဂျီဟဒ်ဘဲ ဆိုတဲ့ တမန်တော် မိုဟာမက်ရဲ့ စကားက အကောင်းဆုံးဂျီဟဒ်ကို အားဖြစ်စေ ခဲ့ပါတယ်။

စစ်မြေပြင်ဆိုင်ရာ အသုံးအနှုံးမှာတော့ ဂျီဟဒ်ကို စစ်ပွဲလို့ဖွင့်ဆိုပါတယ်။ အလ္လာရဲ့ တမန်တော် (မိုဟာမက်)ကို အကောင်းဆုံးဂျီဟဒ်ဆိုတာဘာလဲလို့မေးတော့ သင့်မြင်းလဲ သေပြီ သင့်ကိုယ်မှာလဲ သွေးအလိမ်းလိမ်းဖြစ်နေချိန်အထိ တိုက်ပွဲဝင်သူဟာ အကောင်းဆုံးဂျီဟဒ်ဘဲလို့ ဖြေထားတာကိုတွေ့ရပါတယ်။ ထို့အတူဘဲ နောက်ဆုံးသွေးစက်ကျသည်အထိ တိုက်ပွဲဝင်သူကိုလဲ အမြင့်ဆုံး ဂျီဟဒ်လို့ တမန်တော်ရဲ့စကားကို ကိုးကားပြီး ဖွင့်ဆိုတာလဲတွေ့ရပါတယ်။ ဆော်ဒီ အာရေးဗီးယားနိုင်ငံမှာရှိတဲ့ မက္ကာကို ဘုရားဖူးသွားခြင်းဟာ မွတ်စလင် အမျိုးသမီးတွေအတွက် အကောင်းဆုံးဂျီဟဒ်ဖြစ်တယ်လို့ မိုဟာမက်က သတ်မှတ် ပါတယ်လို့လဲ ဖော်ပြထားတာရှိပါတယ်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ အားထုတ်မှု

မှန်ကန်တဲ့ ဂျီဟဒ်ရဲ့ ပန်းတိုင်ဟာ အစ္စလမ်ဘာသာ၊ ယုံကြည်မှုနှင့် မှန်ကန်တဲ့ အသက်မွေးမှုတို့အကြား ညီညွတ်မှုရရှိခြင်းဖြစ်တယ်လို့ မွတ်စလင်ပညာရှင် မာမွတ် အာယွဘ်က ဖော်ပြထားပါတယ်။ ခေတ်သစ်မှာတော့ ဂျီဟဒ်ကို ကိုယ်ကျင့်တရားနဲ့လူမှုရေးအစီအစဉ်ညီမျှမှု တည်ဆောက်ဖို့ကြိုးစား အားထုတ်ခြင်း လို့ ပါကစ္စတန်ပညာရှင် ပါမောက္ခ Fazlur Rahman malikက ဖွင့်ဆိုသလို တူနီးရှား သမ္မတ Habib Bourguibaက ဂျီဟဒ်ကို တူနီးရှားနိုင်ငံမှာ စီးပွါးရေးဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားအားထုတ်မှုလို့ ဖွင့်ဆိုထားပါတယ်။

စစ်ပွဲ

တမန်တော်သေဆုံးပြီးနောက် ပထမပိုင်းရာစုနှစ်အနည်းငယ်အတွင်းမှာ တိုးတက် လာတဲ့ ရှေးဟောင်းအစ္စလမ်ဥပဒေလေ့လာမှုများမှာ- အစ္စလမ်ဥပဒေ အောက်မှာ ခွင့်ပြုပေးလို့ရတဲ့ တစ်ခုတည်းသော စစ်ပွဲဟာ ဂျီဟဒ်ပါ၊ ဒီဂျီဟဒ်မှာ အစ္စလမ်ကိုမယုံကြည်သူများ၊ အစ္စလမ်ဘာသာကို ပစ်ပယ်သွားသူများ၊ သူပုန်များ၊ လမ်းဓားပြများနှင့် အစ္စလမ်အာဏာကို စွန့်လွှတ်ငြင်းဆန်ကြသူများကို ဆန့်ကျင်တဲ့ စစ်ပွဲလဲ ပါဝင်ပါတယ်။ စစ်ပွဲအသွင်ပါတဲ့ ဂျီဟဒ်ရဲ့ အဓိက ရည်မှန်းချက်က မွတ်စလင်မဟုတ်သူများကို မွတ်စလင်အဖြစ် သွတ်သွင်းခြင်းမျိုးမဟုတ်ဘဲ အစ္စလမ်နိုင်ငံချဲ့ထွင်ခြင်းနှင့် အစ္စလမ်နိုင်ငံကို ကာကွယ်ခြင်းဘဲဖြစ်ပါတယ်။ နောက်ပိုင်းရာစုနှစ်တွေမှာ အထူးသဖြင့် မွတ်စလင်ကမ္ဘာရဲ့နေရာများစွာကို ကိုလိုနီလုပ်လာတဲ့ခေတ် တစ်လျှောက်မှာတော့ စစ်သဘောမပါတဲ့ ဂျီဟဒ်ကို ပိုအလေးပေးလာခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ တချို့မွတ်စလင်စာရေးဆရာတွေ ဆိုရင် စစ်ပွဲဆိုတာ ကိုယ့်ပိုင်နက်ကို ကာကွယ်ဖို့နဲ့ တရားဝင် ဘာသာရေး လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ လောက်ဘဲ သိထားပါတော့တယ်။

ကိုရမ်ကျမ်းက ကာကွယ်ဖို့စစ်ပွဲကိုသာ သတ်မှတ်ထားသလား မွတ်စလင်မဟုတ်သူ တွေကို ဆန့်ကျင်တဲ့ စစ်ပွဲတွေဆင်နွှဲဖို့ အမိန့်ပေးထားသလားဆိုတာ ကျမ်းစာမှာ ပါတဲ့ စကားတွေကို ရှင်းလင်းဖွင့်ဆိုမှုပေါ်မူတည်ပါတယ်။ ဘာကြောင့်လဲဆိုရင် မွတ်စလင် တွေ ဆင်နွှဲရမဲ့ စစ်ပွဲရဲ့ ရည်မှန်းချက်ကို တိတိကျကျဖော်ပြထားတာ မရှိသလို၊ ဂျီဟဒ်နဲ့ ပတ်သက်တဲ့ စာပိုဒ်တွေဟာလဲ စစ်ပွဲဆိုင်ရာကျင့်ဝတ်တွေကို ဆွေးနွေးထားတာ မျိုးမရှိဘဲ၊ အစ္စလမ်အရေးအတွက် တိုက်ပွဲဝင်မဲ့သူတိုးပွါးရေးသာ ဦးတည်တာတွေ့ရပါတယ်။
အစ္စလမ်ဥပဒေဆိုင်ရာ ရှေးဟောင်းလက်စွဲတွေမှာ လက်နက်ကိုင်စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေအများ အပြားပါရှိပါတယ်။ ဒီဥပဒေတွေထဲမှာ အမျိုးသမီးများ ကလေးသူငယ်များ၊ စစ်ပွဲမှာ မပါဝင်သူများ ကိုမသတ်ဖို့နဲ့ စိုက်ပျိုးသစ်ပင်များ လူနေအိမ်ယာများကို မဖျက်စီးဖို့လဲ ပါဝင်ပါတယ်။ သိပ်မကြာသေးခင်ကဘဲ ခေတ်သစ်မွတ်စလင်တွေက ဂျီဟဒ်သည် အဓိကအားဖြင့် မွတ်စလင်များနှင့် အစ္စလမ်ဘာသာကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ကာကွယ်ရေးစစ်ပွဲပါလို့ အစ္စလမ်ဘာသာလာ မူလအဆိုအမိန့်များကို ထပ်ဆင့်ဖွင့်ဆိုဖို့ကြိုးစားလာကြပါတယ်။ အချို့မွတ်စလင်ပညာရှင်တွေက ဂျီဟဒ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ခြားနားတဲ့ အယူအဆရှိကြသော်လဲ ဂျီဟဒ်မှာ ခွဲခြားဆက်ဆံမှုနဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို ဆန့်ကျင်တဲ့ လက်နက်ကိုင်လှုပ်ရှားမှုအမြဲပါနေရမယ်ဆိုတဲ့သဘောတရားကို အားလုံးက သဘောတူကြပါတယ်။
ငြင်းခုံမှု
ဂျီဟဒ်ဆိုတဲ့ စကားလုံးအပေါ်မှာ စစ်ပွဲကိုရည်ညွှန်းတဲ့ အသစ်ဖွင့်ဆိုမှုမျိုးမပါဘဲ ဖွင့်ဆိုလို့ရ-မရ။ ဂျီဟဒ်အဓိပ္ပါယ် ဖွင့်ဆိုမှုကို အခွင့်ကောင်းယူကာ အများစိတ်ရှုပ် ထွေးအောင် တချို့လူတွေ လုပ်နေသလားဆိုတဲ့ အပေါ် အငြင်းပွါးလျက်ရှိပါတယ်။
အရှေ့အလယ်ပိုင်းသမိုင်းပညာရှင် Bernard Lewis ကတော့ ဂျီဟဒ်ရဲ့ အဓိက တာဝန်ကို စစ်ပွဲအဓိပ္ပါယ်နဲ့ ရှေးဟောင်းဘာသာရေးသမားတွေ၊ တရားသူကြီးတွေနဲ့ တမန်တော်ရဲ့ အဆိုအမိန့်တွေမှာ ကျွမ်းကျင်တဲ့ ရှေးရိုးစွဲအများစုက နားလည်လက်ခံ ထားကြတယ်လို့ ငြင်းဆိုပါတယ်။ ဒါ့အပြင် Lewisရဲ့ အစ္စလမ်သမိုင်း မှတ်တမ်း အများစုမှာ  တမန်တော် မိုဟာမက် အသက်ရှိစဉ်ကစပြီး ဂျီဟဒ်ဆိုတဲ့ စကားလုံးကို အဓိကအားဖြင့် စစ်ပွဲအဓိပ္ပါယ်နဲ့ဘဲ သုံးတယ်လို့ ခိုင်ခိုင်မာမာပြောဆိုပါတယ်။
ဘားနဒ်လူးဝစ်ရဲ့ ဂျီဟဒ်ကို ဒီလိုဖွင့်ဆိုမှုဟာ တ၀က်တော့မှန်ပါတယ်၊ အစ္စလမ် ဥပဒေ အခြေခံပြဌာန်း စာအုပ်မှာ ဂျီဟဒ်ကို အောက်ပါအတိုင်း လေးမျိုးခွဲပြီး ဖွင့်ပြ ထားပါတယ်။
၁။ အတ္တ၏ ဆန့်ကျင်ဘက် ဂျီဟဒ်။ အတ္တကိုဆန့်ကျင်ကာ ဘာသာရေးအတွက် ကြိုးစားမှု၊ ဘာသာတရားက ဟောကြားသည့်အတိုင်းလိုက်နာကျင့်သုံးမှု၊ အခြားသူများကို ဘာသာရေးအတိုင်းလိုက်နာကျင့်သုံးဖို့ ပြောဆိုမှု။
၂။ စေတန်၏ ဆန့်ကျင်ဘက် ဂျီဟဒ်။ ယုံမှားမှုနဲ့ အလိုရမက်မပါဘဲ စေတန်ကို ဆန့်ကျင်နိုင်ရန် ကြိုးစားမှု။
၃။  မယုံကြည်သူများနှင့် ယုံကြည်ဟန်ဆောင်သူများကို ဆန့်ကျင်တဲ့ ဂျီဟဒ်။ ဒီဂျီဟဒ်ကို နှုတ်ဖြင့်၊ လက်ဖြင့်၊ နှလုံးသားဖြင့်၊ စီးပွါးဥစ္စာဖြင့် ဆောက်ရွက်ရန်။
၎။ ဘာသာခြားများ၊ လိမ်ညာသူများ၊ လူဆိုးများကို ဆန့်ကျင်တဲ့ ဂျီဟဒ်၊ ဒီဂျီဟဒ်ကို လက်ဖြင့် ဆောင်ရွက်ရန်၊ လက်ဖြင့်မရလျှင် နှုတ်ဖြင့် ဆောင်ရွက်ရန်၊ နှုတ်ဖြင့် မရလျှင် နှလုံးသားဖြင့်ဆောင်ရွက်ရန်။
အခြားမွတ်စလင်အုပ်စုများ၏ အမြင်
Ahmadiyya အစ္စလမ်မှာ ငြိမ်းချမ်းရေးသည် အားအကြီးဆုံးအယူအဆဖြစ်ပြီး ဂျီဟဒ်သည်လည်း လူတစ်ဦးချင်းစီရဲ့ ကိုယ်တွင်းရုန်းကန်လှုပ်ရှားကြိုးစားမှုဖြစ်သည်။ ဂျီဟဒ်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အကြမ်းဖက်ကာ မသုံးရဘဲ အကြမ်းဖက်မှုကတော့ ဘာသာတရားကို ကာကွယ်ဖို့အတွက်နှင့် ခွဲခြားနှိပ်စက်ခံရတဲ့ အခြေအနေဆိုးမျိုးရောက်မှ ကိုယ့်ဘ၀ကို ကာကွယ်ဖို့ အတွက်သာ အသုံးပြုရတဲ့ နောက်ဆုံးရွေးချယ်မှုဖြစ်သည်။
Sunni အစ္စလမ်မှာတော့ ဂျီဟဒ်ကို အကြီးစားဂျီဟဒ် အသေးစားဂျီဟဒ်လို့ နှစ်မျိုး ခွဲခြားထားပါတယ်။ အကြီးစားဂျီဟဒ်က မိမိရဲ့အတ္တနဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ဆန့်ကျင်တဲ့ ကြိုးစားမှုဖြစ်ပြီး အသေးစားဂျီဟဒ်ကတော့ စစ်ပွဲအတွက် မကြာခဏ အသုံးပြုပြီး ခန္ဓာကိုပြင်ပနဲ့ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုမျိုးပါ။ (Shiite အစ္စလမ်မှာလဲ ဂျီဟဒ်ကို အလားတူခွဲခြားထားပါတယ်။)
ခန္ဓာကိုယ်တွင်းနဲ့သက်ဆိုင်တဲ့ ဂျီဟဒ်ကို အကြီးစားဂျီဟဒ်လို့ ယုံကြည်မှုအပေါ် Gibril Hadded က ခွဲခြမ်းစိတ်ဖြာလေ့လာထားပါတယ်။ ဒီယုံကြည်မှုရဲ့ သမိုင်းဝင် အခြေခံဟာ တမန်တော်မိုဟာမက်ရဲ့ စစ်ပွဲက ပြန်လာသူတွေကို သင်တို့ဟာ မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်တဲ့ အသေးစားတိုက်ပွဲမှ မိမိတို့ရဲ့ ကိုယ်တွင်းမှာရှိတဲ့ အလိုရမက်ကိုတိုက်ခိုက်ရမဲ့ အကြီးစားစစ်ပွဲကို ပြန်လာကြတာ ဖြစ်တယ်လို့ပြောတဲ့ မိန့်ခွန်းဘဲဟုသတ်မှတ်ပါတယ်။ ဒီမိန့်ခွန်းဟာ တမန်တော်ရဲ့ အမှာစကား ဟုတ်-မဟုတ်ဆိုတဲ့ သံသယဖြစ်ဖွယ် အနေအထားကို Hadded က လက်ခံပေမဲ့ ကိုရမ်နှင့် အခြားစာပေတွေမှာလဲ ဒီအဇ္ဈတ္တဂျီဟဒ်ရဲ့ သာလွန်မြင့်မြတ်မှု အတွက် သင့်တော်တဲ့ အထောက်အထားတွေရှိတယ်လို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ ဆွန်နီမွတ်စလင်မှာရှိတဲ့ ဘာသာရေးဥပဒေပညာရှင် Ibn Qayyim Al-Jawziyya ကတော့ အဇ္ဈတ္တဂျီဟဒ်ရဲ့ အရေးပါမှုကို လက်ခံယုံကြည်ပေမဲ့ နှလုံးသား၊ သို့မဟုတ် ၀ိညာဉ်အတွက်ဂျီဟဒ် က လက်နက်ကိုင်ဖြေရှင်းတဲ့ ဂျီဟဒ်ထက်ပိုအရေးကြီးတယ်လို့ လက်ခံဖို့အတွက်တော့ တမန်တော်ရဲ့ အဆိုအမိန့်ဟာ အားနည်းပါတယ်လို့ အကြံပြုပါတယ်။ ခေတ်ပြိုင် အစ္စလမ်ပညာရှင် Abdullah Yusuf Azzamကလည်း တမန်တော်ရဲ့အဆိုအမိန့်ဟာ အားနည်းရုံ သာမကဘဲ အခြေအမြစ်မရှိဘဲ တီထွင်ထားတဲ့ အလိမ်အညာမျှသာဖြစ်တယ်လို့ ငြင်းဆိုပါတယ်။ တမန်တော်ရဲ့ ဒီမိန့်ခွန်းဟာ Ibrahim Ibn Abi Abalah ရဲ့ အဆိုအမိန့်မျှသာဖြစ်ပြီး တကယ့်အဖြစ်မှန်တွေ စာပေအထောက်အထားတွေနဲ့ ဆန့်ကျင်နေတယ်လို့လဲ ဆိုပါသေးတယ်။
မွတ်စလင်တရားသူကြီးတွေကတော့ God အတွက် ရုန်းကန်လှုပ်ရှားတဲ့ ဂျီဟဒ် လေးမျိုးရှိကြောင်း ရှင်းပြကြပါတယ်။
၁။ နှလုံးသားအတွက် ဂျီဟဒ်၊ ဒီဂျီဟဒ်ဟာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်မှုနဲ့ မကောင်းမှုတွေရဲ့ စွဲဆောင်မှုတွေက လွတ်မြောက်ဖို့ကြိုးစားခြင်းနဲ့ သက်ဆိုင် ပါတယ်။
၂။ နှုတ်ဖြင့်ဆောင်ရွက်ရသော ဂျီဟဒ်၊ ဒီဂျီဟဒ်ကတော့ အမှန်တရားကို ပြောဆိုခြင်းနဲ့ အစ္စလမ်အဆုံးအမတွေကို နှုတ်ဖြင့် ပြန့်ပွါးအောင်ဆောင်ရွက်ခြင်းနဲ့ သက်ဆိုင်ပါတယ်။
၃။ လက်ဖြင့်ဆောင်ရွက်ရသော ဂျီဟဒ်၊ ဒီဂျီဟဒ်ကတော့ အမှန်တရားကိုရွေးချယ်ဖို့၊ မတရားမှု၊ အမှားတွေကို အရေးယူတိုက်ဖျက်ဖို့ ရည်ညွှန်းပြီး
၎။ လက်နက်ဖြင့် ဆောင်ရွက်ရသော ဂျီဟဒ်။ ဒီဂျီဟဒ်ကတော့ Holy war အနေနဲ့ လက်နက်ကိုင် တိုက်ပွဲဝင်မှုကို ရည်ညွှန်းပါတယ်။ ဒါ့အပြင် ဒီဂျီဟဒ်ဟာ Salafi မွတ်စလင်တွေနဲ့ အာရပ်ကမ္ဘာမှာ အင်အားအကြီးဆုံး မွတ်စလင်ညီအကိုများအဖွဲ့မှ ပေါက်ဖွားလာသူများ အများဆုံးအသုံးပြုတဲ့ ဂျေဟဒ်ပါဘဲ။
ခေတ်ပြိုင်မွတ်စလင်တွေကတော့ အစ္စလမ္မစ်နိုင်ငံတွေကိုချဲ့ထွင်ဖို့၊ ကာကွယ်ဖို့နဲ့ အစ္စလမ္မစ်နိုင်ငံတွေထူထောင်ဖို့ Holy war ဆိုတဲ့ အသေးစားဂျေဟဒ်ကို မိမိရဲ့ အလိုရမက်ကို ဆန့်ကျင်တိုက်ခိုက်ရမဲ့ အကြီးစားဂျေဟဒ်ရဲ့ နေရာမှာ အစားထိုး နိုင်ခဲ့ကြပါတယ်။
Sufic မွတ်စလင်တွေရဲ့အမြင်မှာတော့ အကြီးစားဂျေဟဒ် အသေးစားဂျေဟဒ်လို့ နှစ်မျိုးခွဲထားပါတယ်။ မိုဟာမက်က အကြီးစားဂျေဟဒ်ကို အလေးအနက်ထားပြီး မြင့်မြတ်တယ်ဆိုတာ မိမိကိုယ်ကိုယ် ပြန်လည်တိုက်ပွဲဝင်နေသူပါလို့ ဆိုပါတယ်။ ဒီအဓိပ္ပါယ်ကို ယူမယ်ဆိုရင်တော့ စေတန်နတ်ဆိုးကို ကိုယ်စားပြုတဲ့ ပြင်ပစစ်ပွဲ တွေဟာ ကိုယ့်ကိုယ်ကိုပြန်တိုက်ပြီးအောင်နိုင်သူရဲ့ စစ်မှန်တဲ့ ဂျေဟဒ်ရဲ့ အတုအပ များသာဖြစ်တဲ့အပြင်၊ လူတိုင်းရဲ့ထာဝရလွတ်မြောက်မှုဆိုတာ မိမိကိုယ်တိုင် စင်ကြယ်ရန် လုပ်ကိုင်ခြင်းပါဝင်တဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုမပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုလိုနေပါတယ်။ ဒါဟာ Sufic တွေရဲ့ စံနှုံးနဲ့ အတော်နီးစပ်တဲ့ အနောက်တိုင်းအမြင် Holy Grail ဖြစ်ပါတယ်။ Sufic တွေအတွက်ကတော့ အစစ ပြည့်စုံသွားခြင်းကို Grail လို့ခေါ်ပြီး Holy Grail ဆိုတာကတော့ မိမိမှာရှိသမျှ အရာအားလုံးကို မရှိနွမ်းပါးသူတွေကို ပေးကမ်းပြီး God နဲ့အတူလျှောက်လှမ်းနိုင်သူ ဖြစ်သွားတဲ့ Enochလို အကောင်းဘက်ကို အစစပြောင်းလဲသွားသူပါဘဲ။ မွတ်စလင်မှာ Holy Ones မြင့်မြတ်တဲ့သူတွေဟာ Hadrat သို့မဟုတ် ထာဝရတည် ရှိနေသူ ဆိုတဲ့ ဂုဏ်ထူးဆောင်နာမည်ကို ရလေ့ရှိပါတယ်။
သမိုင်း (ရှေးမွတ်စလင်တို့၏ အောင်မြင်မှုများ)
အေဒီ ၆၃၂ခုနှစ် အစ္စလမ်ပရောဖက် မိုဟာမက်ကွယ်လွန်ပြီး (၂)နှစ်အကြာမှာ အစ္စလမ်ဘာသာရေးခေါင်းဆောင် Umar ရဲ့ဦးဆောင်မှုနဲ့ ဘိုင်ဇန်တိုင်း (Byzantine) အင်ပါယာနှဲ့ဆက်ဆေးနီးယန်း (Sassanian) အင်ပါယာတွေကိုဆန့်ကျင်တဲ့ စစ်ပွဲများအစပြုလာခဲ့ကြတယ်။ အေဒီ ၆၃၆ခုနှစ် Yarmuk စစ်ပွဲမှာ ဘိုင်ဇန်တိုင်း စစ်တပ်နဲ့ အင်ပါယာကို ဆီးရီးယားမှ အပြီးတိုင်ထွက်သွားစေခြင်းဖြင့် မွတ်စလင်တွေ အောင်မြင်မှုရခဲ့ပြီး အေဒီ ၆၄၁ခုနှစ်မှာတော့ ကိုင်ရိုမြို့နားမှာ ဘိုင်ဇန်တိုင်းတို့ လက်နက်ချခဲ့ကြတယ်။ နောက်ပိုင်းမှာ အီဂျစ်မြို့တော် ကိုင်ရိုဖြစ်လာမဲ့ အလက်ဇန်း ဒရီးယားကို သိမ်းပိုက်မှုဟာ အချိန်အတော်ကြာမြင့်ခဲ့ပြီး ဘိုင်ဇန်တိုင်း ဥပဒေအောက်မှာ နေထိုင်ခဲ့ကြတဲ့ ဒေသခံတွေဆီက တန်ပြန် တိုက်ခိုက်မှု အနည်းငယ်ကြုံတွေ့ခဲ့ရတယ်။ အေဒီ ၆၃၇ခုနှစ် Al-Qadisiyya စစ်ပွဲမှာ ပါရှန်းစစ်တပ်ကို စတင်ချေမှုန်းခဲ့ပြီး ၆၄၂ ခုနှစ် Nahævand စစ်ပွဲမှာတော့ ပါရှန်းတွေကို သုတ်သင်နိုင်ခဲ့ခြင်းဖြင့် မွတ်စလင်သိမ်းပိုက်အောင်မြင်မှုများကို တည်တည်ငြိမ်ငြိမ်ဖြစ်လာခဲ့တယ်။ ၁၅နှစ်အတွင်းမှာ အီရန်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင်မှာဘဲ အာရှအလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက် လာခဲ့တယ်။
ကြီးကျယ်တဲ့ အောင်မြင်မှုလို့ တွင်တွင်ကျယ်ကျယ်သုံးလာခဲ့ချိန်မှာ မွတ်စလင်တေ အကြား အစ္စလမ်ရဲ့ အခန်းကဏ္ဍဟာလည်း အငြင်းပွါးဖွယ်ရာ ဖြစ်လာခဲ့တယ်။ အလယ်ပိုင်းခေတ် အာရပ်စာရေးဆရာများက ဒီလိုတိုက်ခိုက်အောင်မြင်မှုတွေကို Godရဲ့အမိန့်ပေးစေခိုင်းမှုဖြစ်တယ်လို့ဆိုကြတယ်။ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေရဲ့အမိန့်အောက်မှာ ဒီအကြောင်းအရာတွေကို စည်းကမ်းရှိရှိ စနစ်တကျ တင်ပြထားကြတယ်။ တိုက်ခိုက်သိမ်းပိုက်အောင်မြင်မှုမှာ ဂျေဟဒ်ရဲ့ တွန်းအားပေးမှုစွမ်းအင်တွေပါတယ်ဆိုတဲ့ အတွေးအခေါ်ကို ခေတ်သစ်ရှင်းလင်း ဖွင့်ဆိုမှုတွေက ငြင်းဆိုနေကြပါတယ်။ ၄င်းတို့အဆို ကျူးကျော် တိုက်ခိုက်သိမ်းပိုက်မှုတွေမစခင်မှာ အာရပ်တွေဟာ အလွန်ဆင်းရဲကြတယ်၊ အာရေဗီယန် ကျွန်းဆွယ်တွေ သဲကန္တာရဖြစ်ကုန်ပြီး အာရပ်တွေနေထိုင်ရာ အရပ်မှာ သဘာဝအရင်းအမြစ်တွေ လျော့နည်းကုန်တယ်။ ဒီရှင်းပြချက်တွေက ကျူးကျော် တိုက်ခိုက် သိမ်းပိုက်မှုတွေရဲ့ အဓိကအကြောင်းရင်းဟာ ဘာသာရေးကြောင့်ဆိုတဲ့ အဆိုကို ဆန့်ကျင်ပြီး ရုပ်ဝတ္ထုပစ္စည်းတွေကြောင့်ဖြစ်တယ်လို့ဖော်ပြပါတယ်။ အချို့သော လက်ငင်းရှင်းပြချက်တွေကတော့ ဒီလိုကျူးကျော်တိုက်ခိုက် သိမ်းပိုက် မှုတွေဟာ ဘာသာရေးကြောင့်ရော ရုပ်ဝတ္ထုပစ္စည်းတွေကြောင့်ပါ ဖြစ်တယ်လို့ ဆိုကြပါတယ်။
မွတ်စလင်ညီအကိုများ
၁၉၂၈ခုနှစ်မှာ Hassan al-Bannaက မွတ်စလင်အင်ပါယာတစ်ခုကို ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်ချက်နဲ့ ပြင်းထန်တဲ့ ရှေးရိုးစွဲဖြစ်တဲ့အပြင် အထူးလျှို့ဝှက်စွာ လုပ်ဆောင်ကြတဲ့ အီဂျစ်အခြေစိုက် မွတ်စလင်ညီအကိုများ (Muslim Brother-hood) အဖွဲ့ကို တည်ထောင်ခဲ့တယ်။ al-Bannaရဲ့အဆိုကတော့ အစ္စလမ်ရဲ့ သဘာဝဟာ လွှမ်းမိုးဖို့ဖြစ်ပြီး လွှမ်းမိုးခံဖို့မဟုတ်ဘူး၊ အစ္စလမ်ဥပဒေတွေကို နိုင်ငံ တိုင်းမှာ ပြဌာန်းဖို့နဲ့ ကမ္ဘာဂြိုဟ်တစ်ခုလုံး အစ္စလမ်အာဏာ ချဲ့ထွင်ဖို့ဖြစ်ပါတယ်။ Muslim Brotherhood သို့မဟုတ် Muslim Brethren (jamiat al-Ikhwan al-muslimun) လို့ခေါ်တဲ့ ဒီအဖွဲ့အစည်းဟာ အစ္စလမ္မစ်နိုင်ငံတွေရဲ့ လောကီဆန်တဲ့ သဘောတရားအယူအဆတွေကို ဆန့်ကျင်ပြီး ကိုရန်ကျမ်းလာကျင့်ဝတ်တွေအတိုင်း လိုက်နာစေလိုတဲ့အပြင် အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကိုလဲ ဆန့်ကျင်စေ လိုပါတယ်။ Al Bannaဟာ ကိုရမ်ကျမ်းကို ခေတ်မီဆန်းသစ်အောင်ပြုလုပ်ခြင်းကို ဆန့်ကျင်လိုတဲ့ မွတ်စလင်အစွန်းရောက် လက်ယာအုပ်စုမှ မွေးဖွားလာသူဖြစ်ပြီး မွတ်စလင်ညီအကိုများအဖွဲ့ရဲ့ မူဝါဒမှာလဲ အသေခံအကြမ်းဖက်မှုကို အမွှန်းတင်ထားတဲ့ တိကျတဲ့ကိုရန်ကျမ်းအဖွင့်ပါဝင်ပါတယ်။ Al Bannaနဲ့အတူ အဲဒီခေတ်ကသြဇာတိက္ကမအလွန်ကြီးမားတဲ့ အခြားမွတ်စလင်ခေါင်းဆောင်တစ်ယောက်ကတော့ ဂျေရုစလင်ရဲ့ Grand Mufti Haj-al Amin Al-Husseini ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီးတော့ အစွန်းရောက် အစ္စလမ်ဥပဒေတွေကို ပြဌာန်းဖို့တောင်းဆိုခြင်း ကမ္ဘာ့ပြဿနာမျိုးစုံကို ဂျူးလူမျိုးတွေအပေါ် ပုံချခြင်းတို့ဖြင့် အင်အားကြီးမားပြီး အများကြိုက်တဲ့ အစ္စလမ္မစ်ပါတီတစ်ခုတည်ထောင်ခဲ့တယ်။ အဲဒီပါတီအတွက် Al-Banna ပေးခဲ့ပြီးအခုထိလဲ အသုံးပြုနေသေးတဲ့ ဆောင်ပုဒ်ကတော့ "ငါတို့ ရည်မှန်းချက်က အလ္လာဟ်၊ ငါတို့ခေါင်းဆောင်က တမန်တော်၊ ငါတို့ဥပဒေက ကိုရန်၊ ငါတို့လျှောက်ရမဲ့လမ်းက ဂျေဟဒ်၊ ငါတို့ရဲ့ အမြင့်ဆုံးပန်းတိုင်က God အတွက် အသက်ပေးခြင်း" ဆိုတာဘဲဖြစ်ပါတယ်။ ၉၊၁၁ စုံစမ်းရေးအဖွဲ့ရဲ့ ပြန်ကြားချက်မှာ ၁၉၉၃ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို တိုက်ခိုက်မှုအတွက် Osama bin Laden နဲ့ Sheik Omar Abdel Rahman တို့အပေါ် မွတ်စလင်ညီအကိုများ အဖွဲ့ရဲ့ သြဇာလွှမ်းမိုးမှုမှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။ မွတ်စလင် ညီအကိုများအဖွဲ့ရဲ့ မူဝါဒများအနက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုကတော့ အီရတ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို ဓားစာခံအဖြစ်ဖမ်းဆီး သတ်ဖြတ်ခြင်း ဟာ မွတ်စလင်တွေရဲ့ ဘာသာရေးတာဝန်ဖြစ်တယ်လို့ သတ်မှတ်ပြီး ထုတ်ပြန်တဲ့ Sheih Yousef Al-Qaradhawiရဲ့ ၂၀၀၄ခုနှစ် fatwaကြေငြာချက်ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ အင်္ဂလိပ်တွေနဲ့ ဂျူးတွေအပေါ်ဆန့်ကျင်တဲ့ အာရပ်စစ်ပွဲ၊ အစ္စလမ္မစ် ဂျေဟဒ်တွေကို ထောက်ခံပါတယ်။ မွတ်စလင်ညီအကိုများအဖွဲ့ဟာ Hama အစုအပြုံလိုက် မျိုးတုန်း သတ်ဖြတ်မှုဖြစ်ပြီးနောက် ဆီးရီးယားကို ဆန့်ကျင်တဲ့ Holy war ကိုလဲ ဆင်နွှဲခဲ့ပါသေးတယ်။
ဂျေဟဒ်ရဲ့ ဇာစ်မြစ်နဲ့ Bin Ladenရဲ့ ဂျေဟဒ်အယူအဆ စတင်ဖြစ်ပေါ်လာပုံများကို ကိုလိုနီဝါဒနဲ့ ၄င်းနောက်ပိုင်းအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ အားကြီးတဲ့ အစ္စလမ္မစ်ပြန်လည်ရှင်သန်ရေး လှုပ်ရှားမှုတွေကို စတင်ခဲ့တဲ့ ၂၀ရာစုအစောပိုင်း မှာပေါ်ပေါက်ခဲ့တဲ့ ထင်ရှားသူနှစ်ဦးမှာ ခြေရာခံနိုင်တယ်လို့ ဘီဘီစီက ရှင်းပြပါတယ်။ al-Banna ကတော့ မွတ်စလင်တွေ အားလျော့စေဖို့ အတွက် အနောက်နိုင်ငံတွေရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားမှုအယူအဆကို ပြစ်တင်ရှုတ်ချပါတယ်။ ၁၉၅၀ ခုနှစ်များမှာ မွတ်စလင်ညီအကိုများရဲ့ ထင်ရှားသော အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sayed Qutbဆိုရင် al-Bannaရဲ့ အနောက်နိုင်ငံတွေအပေါ် အပြစ်တင်မှုထက်ပိုဆိုးတဲ့ အပြစ်တင်မှုတွေကိုပါ ပြုလုပ်ခဲ့ပါတယ်။ Qutb အနေနဲ့ကတော့ " စာသမားလို့ဆိုသူတွေရော၊ ခရစ်ယန်တွေရော ဂျူးတွေပါ မွတ်စလင်မဟုတ်သူတွေဟာ ဘာသာခြားတွေဘဲ" ဖြစ်တဲ့အပြင် အစ္စလမ်နဲ့အနောက်နိုင်ငံတွေအကြား ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး မငြိမ်သက်မှုတွေ တဖြည်းဖြည်း ဖြစ်လာမယ်လို့လဲ သူက ဟောကိန်းထုတ်ထားခဲ့ပါသေးတယ်။ Ayatollah Khomeini အပါအ၀င် အစ္စလမ္မစ်မျိုးဆက် အားလုံးဟာ Qutbကိုအားကျအတုယူကြပါတယ်။ ၁၉၆၇ခုနှစ် စစ်ပွဲမှာ အာရပ်တွေရဲ့အောင်မြင်မှုအတွက် ချမှတ်ခဲ့တဲ့ Qutbရဲ့ အယူအဆတွေကို မွတ်စလင်ကမ္ဘာရှိ အများစုက လက်ခံကြပါတယ်။
မွတ်စလင်ညီအကိုများအဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပါဝင်ခဲ့ပါတယ်။ မွတ်စလင်ညီအကိုများအဖွဲ့ရဲ့ သံစဉ်နဲ့ အမှတ်အသား၊ အလံမှာ အဖြူရောင်နဲ့ဘောင်ခတ်ထားတဲ့ အစိမ်းရောင် စက်ဝိုင်းအတွင်း အညိုရောင် လေးထောင့်ကွက်ပါရှိပါတယ်။ အနီရောင်ကိုရန်ကျမ်းရဲ့အောက်က စက်ဝိုင်းအတွင်းမှာ ဓားနှစ်လက်ကို ကြက်ခြေခတ်ထားတဲ့ပုံပါရှိတယ်။ ကိုရန်ကျမ်းရဲ့ မျက်နှာဖုံးမှာ တကယ်တော့ ဒါဟာ ရက်ရောတဲ့ ကိုရန်ကျမ်းပါ၊ လို့ဆိုထားပါတယ်။ ဓားရိုးအောက်နားမှာတော့  အဆင်သင့်လုပ်ထားပါ လို့ အာရပ်ဘာသာနဲ့ ရေးထားပါတယ်။ ဒါဟာလဲ Godရဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ပြင်ဆင်ကြလို့ ပြောထားတဲ့ ကိုရန်ကျမ်းလာ ဂါထာတစ်ပုဒ်ကို ရည်ညွှန်းထားတာပါ။ မွတ်စလင် ညီအကိုများ အဖွဲ့ဟာ ရုရှားနဲ့ မွတ်စလင်ညီအကိုများ အကြမ်းဖက်တိုက်ခိုက်မှု စတင်ခဲ့ရာ အီဂျစ်တို့က ပြုစုထားတဲ့ အကြမ်းဖက်အဖွဲ့ ၁၇ ဖွဲ့အနက် တစ်ခုဖြစ်ပါတယ်။ အီဂျစ်မှာတော့ လက်ရှိအစိုးရက အဲဒီအဖွဲ့အမည်စာရင်းကို ပယ်ဖျက်ထားလိုက်ပါပြီ။
"The Muslim Brotherhood's Conquest of Europe" ဆိုတဲ့ စာအုပ်မှာ ဒီအဖွဲ့ရဲ့ အမှန်တကယ်ဦးတည်တာက အစ္စလမ်ဥပဒေ Sharia ကို ဥရောပတခွင်နဲ့ အမေရိကန်အထိ ချဲ့ထွင်ဖို့ဖြစ်တယ်လို့ ပညာရှင်များက ဆိုထားပါတယ်။
ခေတ်ပြိုင် အစ္စလမ်ဘာသာတွေကတော့ အစ္စလမ်ဘာသာဟာ အခုအခါမှာ တိုက်ခိုက်မှုတွေခံနေရပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂျေဟဒ်ဟာ အခုအခါမှာ ကာကွယ်ရေးစစ်ပွဲဖြစ်တယ်၊ ဒီလိုစစ်ပွဲမျိုးဟာ စုပေါင်းတာဝန်သာမက ကန့်သတ်မှုချုပ်ချယ်မှုမပါတဲ့ တစ်ဦးချင်းစီရဲ့ တာဝန်လဲ ဖြစ်တယ်၊ ဒါကြောင့် ဂျေဟဒ်သည် အစ္စလမ္မစ်အားလုံးအတွက်ဖြစ်ပြီး ယောက်ျားမိန်းမ လူငယ် လူကြီး မရွေး မွတ်စလင်အာလုံး ပါဝင်ရမဲ့တာဝန်ဖြစ်တယ်၊ ဘာသာခြားအားလုံးကို ခြွင်းချက် မရှိ နှိမ်နင်းသုတ်သင်ပစ်ရမယ်၊ မည်သည့်လက်နက်မဆို အသုံးပြုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ရှင်းပြကြပါတယ်။ ဒါ့အပြင် ၄င်းတို့အဆိုအရ အနောက်နိုင်ငံ များနှင့် မဟာမိတ်ဖြစ်နေသော မွတ်စလင်အစိုးရများကိုလဲ ဘာသာတရားကို စွန့်လွှတ်ထားသူများ ဘာသာခြားများအဖြစ်သတ်မှတ်ပါတယ်။ အစ္စလမ်အတွေး အခေါ်မှာ အဓိကသြဇာလွှမ်းမိုးသူတစ်ဦးကတော့ အီဂျစ်နိုင်ငံသား Sayyid Qutb ဖြစ်ပါတယ်။ Sayyid Qutb မွတ်စလင်ညီအကိုများအဖွဲ့ရဲ့လှုပ်ရှားမှုမှာ ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီး အီဂျစ်သမ္မတ Gamal Abd Al-Nasser ကိုလုပ်ကြံမှုမှာ သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ခံရကာ ၁၉၉၆ခုနှစ်မှာ သေဒဏ်ပေး ခံရပါတယ်။ သူဟာ အစ္စလမ္မစ် သဘောတရားဆိုင်ရာ စာပေတော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့်ရေးခဲ့သူလဲဖြစ်ပါတယ်။ သူ့အလိုအရ ကမ္ဘာကြီးမှာ အုပ်စု နှစ်အုပ်စုဘဲရှိပါတယ်၊ တအုပ်စုက အလ္လာဟ်ရဲ့အုပ်စုဖြစ်ပြီး နောက်တအုပ်စုကတော့ စေတန်ရဲ့ အုပ်စုဖြစ်ပါတယ်၊ အလ္လာဟ်အုပ်စုဝင်တွေဟာ အလ္လာဟ်ရဲ့ အလံ အောက်မှာ ရပ်တည်ကြပြီး အလ္လာဟ်ရဲ့ သင်္ကေတတွေကို ကိုင်ဆောင်ထား ကြပါတယ်၊ စေတန်ရဲ့ အုပ်စုဝင်တွေကိုသတ်မှတ်ရာမှာတော့ အလ္လာဟ်ရဲ့အလံ အောက်မှာ မရပ်တည်ကြတဲ့ မည်သည့်အသင်းအဖွဲ့ အုပ်စု မျိုးနွယ် လူမျိုးကိုမဆို စေတန်ရဲ့ အုပ်စုဝင်လို့ သတ်မှတ်ပါတယ်။
ပါလက်စတိုင်းတွေရဲ့ မြင့်မြတ်နယ်မြေတည်ထောင်ရေးကိစ္စမှာ Arab al-Arianတွေရဲ့ အကြမ်းဖက်အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့ခြင်းဖြင့် ပါဝင်ပတ်သက်နေမှု၊ အမေရိကန်ကို ထိမ်းချုပ်ဖို့အစီအစဉ်တွေကို အသေးစိတ်ဖော်ပြထားတဲ့ မွတ်စလင် ညီအကိုများ အဖွဲ့ရဲ့ စာတမ်းများနဲ့၊ အစ္စလမ္မစ်အကြမ်းဖက်အဖွဲ့ရဲ့ အမေရိကန်ကို သိမ်းပိုက်ဖို့ စနစ်တကျစီစဉ်ထားမှုတွေကို အသေးစိတ်ဖော်ပြထားတဲ့ အထောက် အထားတချို့ကို ဖော်ထုတ်လိုက်တဲ့အခါ ဒီအဖွဲ့ရဲ့ သိမ်းပိုက်မဲ့ အစီအစဉ်တွေ ပေါ်လာ တော့တာပါဘဲ။ အကြမ်းဖက်ဝါဒ သုတေသနပညာရှင်တွေကတော့ နိုင်ငံတကာ အစ္စလမ္မစ်အဖွဲ့ဖြစ်တဲ့ မွတ်စလင်ညီအကိုများအဖွဲ့ရဲ့ မဟာဗျူဟာတွေကို အသေးစိတ်ဖော်ပြထားမှုတွေပါဝင်တဲ့ လက်ရေးမှတ်တမ်းတွေ အသံဖိုင်တွေနဲ့ အာရပ်ဘာသာမှ ပြန်ဆိုထားမှုများစွာက အစွန်းရောက်တွေဟာ အခြေခံဥပဒေကို Shariah ခေါ် အစ္စလမ္မစ်ဥပဒေနဲ့ အစားထိုးဖို့ ကာလကြာမြင့်စွာ ကြိုးစားအားထုတ် နေကြတယ်ဆိုတဲ့ သက်သေတွေဖြစ်ပါတယ်။  အမေရိကန်အစိုးရရဲ့ အဆိုအရ အစ္စလမ္မစ်ဥပဒေနဲ့ အစားထိုးဖို့ ပြင်းထန်တဲ့ စစ်ပွဲပုံဖော်သတင်းဖြန့်မဲ့ ရံပုံငွေစု ဆောင်းမဲ့ အလုပ်ဘဲရှိတဲ့ မွတ်စလင်အဖွဲ့ငယ်လေးတွေနဲ့ ကြီးမားတဲ့ ကွန်ယက်ချိတ် ဆက်ပြီး အကောင်အထည်ဖော်ဖို့ လမ်းကြောင်းဖော်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မွတ်စလင်ညီအကိုများအဖွဲ့ဟာ အမေရိကန်မွတ်စလင်အုပ်စုများ ဖွဲ့ပေးခဲ့တယ်၊ မြင့်မြတ်သောမြေ (Holy Land) ကိစ္စမှာ အပြစ်တင်မခံရတဲ့ အုပ်စုမှာပါတဲ့ CAIR လိုအခြားအဖွဲ့တွေ အပေါ် သြဇာလွှမ်းမိုးဖို့ကြိုးစားခဲ့ တာတွေရှိပါတယ်။
ရမဒန်ကို သစ္စာခံတဲ့ ၀က်ဆိုဒ်တစ်ခုမှာ မွတ်စလင်ညီအကိုများအဖွဲ့က Dr. Ahmad 'Abd Al-Khaleq ရဲ့ အထူးသဖြင့် အစွန်းရောက် ဖွင့်ဆိုမှုကိုဖော်ပြသည့်  မွတ်စလင်အဖွဲ့အစည်းအပေါ် လုံးဝသစ္စာခံဖို့ မွတ်စလင်မဟုတ်သူများနှင့် အစ္စလမ်လမ်းကြောင်းမှ သွေဖည်သူ မွတ်စလင်များကို လုံးဝငြင်းပယ်ဖို့ လှုံ့ဆော်လေ့ရှိတဲ့ အစ္စလမ္မစ်တရားအကြောင်း ရေးတဲ့ ဆောင်းပါးတွေကို တင်လေ့ရှိပါတယ်။အဲဒီဆောင်းပါးမှာ ခရစ်ယန်များ ဂျူးများ ဘာသာမဲ့များ ဘုရားအများ ကိုးကွယ်သူများစတဲ့ မွတ်စလင်မဟုတ်သူအားလုံးကို မုန်းတီးခြင်း၊ ထိုသူများကို ရတဲ့နည်းနဲ့ ဆန့်ကျင်ကာ ဂျေဟဒ်စစ်ပွဲဆင်ခြင်းတို့ဖြင့် မွတ်စလင် တစ်ယောက်ဟာ အလ္လာဟ်နဲ့ ပိုနီးစပ်နိုင်တယ်လို့ အထက်ပါအစ္စလမ် စည်းမျဉ်းနဲ့ အခိုင်အမာငြင်းဆိုထားပါတယ်။
တကယ်တော့ မွတ်စလင်ညီအကိုများအဖွဲ့ဟာ အနောက်နဲ့ စစ်ဖြစ်နေတာကြာပါပြီ။ ၁၉၄၈မှသည် ၁၉၇၀နှစ်များတိုင်အောင် ဒီအဖွဲ့ဟာ အီဂျစ်မှာဖြစ်ခဲ့တဲ့ လုပ်ကြံ သတ်ဖြတ်မှုများ အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပါဝင်ခဲ့တဲ့အပြင် အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ဆက်လက်ပါဝင်နေသူတွေကိုလဲ လမ်းညွှန်မှုတွေ ပေးနေခဲ့တာပါ။ အယ်လ်ကိုင်ဒါရဲ့ ဘင်လာဒင်ဟာ ဂျေဟဒ်တိုက်ပွဲဝင်သူ တစ်ယောက် ဖြစ်တယ်ဆိုတဲ့ ကြေငြာချက်ကိုလဲ ဒီအဖွဲ့ရဲ့ supreme guideက ထုတ်ပြန်ခဲ့ပါသေးတယ်။ ၉၊၁၁ အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်မှုမှာ နောက်ကွယ် အကြံပေးအဖြစ် စွပ်စွဲသတ်မှတ်ခံရတဲ့ Khalid Sheikh Mohammed ဟာ ကူဝိတ်မှာ ပျိုးထောင်ခြင်းခံရပြီး အသက် ၁၆နှစ်မှာ မွတ်စလင်ညီအကိုများ အဖွဲ့ထဲ ၀င်ခဲ့သူဖြစ်ပါတယ်။
မွတ်စလင်တွေကြားက တိုက်ပွဲများ
မွတ်စလင်မင်းဆက်တွေထဲမှာ အဓိကထင်ရှားသော Ottoman Turkey (ဆွန်နီ)နှင့် Persia (ရှီရာ) မင်းဆက်များသည် မိရိုးဖလာ အစ္စလမ္မစ်အဖွဲ့များအကြားမှာ အုပ်ချုပ်ရေးစနစ်များကို အသီးအသီး တည်ထောင်ခဲ့ကြသည်။ Ottoman အင်ပါယာမှာ ဂါဇာအတွေးအခေါ်ကို ဂျေဟဒ်၏ ညီမတော်တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသည်။ Ottoman ခေါင်းဆောင် Mehmed IIက  ဂါဇာကို အခြေခံတာဝန်တစ်ရပ်ဖြစ်အောင် ပြုလုပ်ခြင်းဖြင့် ခရစ်ယန် ဘိုင်ဇန်တီယမ်လို့ခေါ်တဲ့ ကွန်စတင်တိုင်းကို သိမ်းပိုက်ရေးကို အတင်းတွန်းအားပေးခဲ့သည်ဟု ပြောဆိုကြသည်။ နောက်ပိုင်းမှာ ပါရှန်းတွေရဲ့ Safavid မင်းဆက်ကိုဆန့်ကျင်ကာ စစ်ပွဲများဆင်နွှဲခြင်းဖြင့် Ottoman အုပ်ချုပ်သူတွေက ဂါဇာကို စစ်ပွဲအသွင်ဖြင့် သက်သေပြခဲ့ကြသည်။ ဒါကြောင့် ဒီရန်သူ အင်ပါယာနှစ်ခုလုံးဟာ အချင်းချင်းအပြန်အလှန် ဘာသာခြားများ မိစ္ဆာများအဖြစ် စွပ်စွဲကြပြီး စစ်မှန်တဲ့ ယုံကြည်မှုအမည်အောက်မှာ တိုက်ပွဲဝင်ဖို့ စစ်တပ်ကိုစေလွှတ်နိုင်သူကိုသာ ခေါင်းဆောင်အဖြစ်သတ်မှတ်တဲ့ ထုံးစံတစ်ခုကို တည်ထောင်ခဲ့ကြတယ်။ မွတ်စလင် မင်းဆက်တွေရဲ့ ဘာသာပြန့်ပွါးရေး စွမ်းရည်ဟာ အပြည့်အ၀အုပ်ချုပ်သူရဲ့ ပုံစံတစ်ခုအနေနဲ့  Osman နန်းတော်ရဲ့ ခြောက်ယောက်မြောက် ဘုရင်ကို The Ottoman Sultan Murad Khan II Khoja-Ghazi ဆိုတဲ့ ဘွဲ့တံဆိပ်လိုမျိုး တရားဝင်ပေးအပ်တဲ့  Sultan ul-Mujahidin လိုဘွဲ့တံဆိပ်တွေကိုကြည့်ခြင်းအားဖြင့် အတော်အောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ Fulbe ဂျေဟဒ်လို့ခေါ်ဆိုရလို့ရတဲ့ တိုင်းပြည်များ၊အနောက်အာဖရိကရှိ ဂျေဟဒ်တိုင်းပြည်များကိုလဲ ရက်စက် ပြင်းထန်တဲ့ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲပြီး ထူထောင်ခဲ့ကြပါသေးတယ်။
အစ္စလမ်ဘာသာကိုမကိုးကွယ်သူတွေနဲ့ အစ္စလမ်ဘာသာအတွက် အခွန်အခ မပေးဆောင်သူတွေကို တိုက်ခိုက်ဖို့ရာ မွတ်စလင်တွေကို လမ်းညွှန်ထားတဲ့ ကိုရမ်ကျမ်းပါ အမိန့်များမှာတော့ မွတ်စလင်မဟုတ်သူတွေနဲ့ တိုက်ခိုက်နေတဲ့ မွတ်စလင်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ဖွင့်ဆိုထားခြင်းမရှိပါဘူး။ ယေဘုယျအားဖြင့် ဆိုရင် မွတ်စလင်ဘာသာရေး ဆရာတွေကသာ အထွေထွေစစ်ပွဲကို အမိန့်ပေး လမ်းညွှန်ကြပါတယ်၊ ဒါပေမဲ့ ဆွန်နီလဲမဟုတ် အွတ်တမန်လဲမဟုတ်တဲ့ မွတ်စလင်နိုင်ငံကလူတွေကတော့ ဘာသာရေးသြဇာမရှိတဲ့ ဘာသာရေးဆရာတွေရဲ့ အမိန့်ကိုလိုက်နာလေ့မရှိဘဲ သူတို့နိုင်ငံအုပ်ချုပ်သူတွေရဲ့ ဂျေဟဒ်စစ်ပွဲအမိန့်ကိုသာ နာခံလေ့ရှိပါတယ်။ ၊ မွတ်စလင်နိုင်ငံတွေမှာ အစိုးရစနစ်စတင်သည့် အစောပိုင်းကာလတွေက စပြီး မွတ်စလင်မဟုတ်သူတွေအပေါ်တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ ကမ္ဘာလုံးဆိုင်ရာ ဂျေဟဒ်အသွင်လဲ စတင်ပျောက်ကွယ်လာခဲ့ပါတယ်၊ အချို့လူတွေက ၁၈၈၂ခုနှစ်က ဆူဒန်နိုင်ငံသား Mahommed Ahmadလိုမျိုး  သူတို့ကိုသူတို့ Mahdiလို့ ကြွေးကြော်ပြီး ဂျေဟဒ်ကြေငြာတာမျိုးတော့ ရှိခဲ့ပါတယ်။
မွတ်စလင်မဟုတ်သူတွေရဲ့ အယူအဆ
အမေရိကန်နိုင်ငံ တရားရေးဌာနက အကြမ်းဖက်လုပ်ငန်းတွေမှာ ပါဝင်နေသူများကို စွပ်စွဲရာမှာ ဂျီဟဒ်ရဲ့အဓိပ္ပါယ်ကို ဖြစ်စဉ်ပေါ်မူတည်ပြီး အောက်ပါအတိုင်း အသုံးပြုဖော်ပြခဲ့ပါတယ်။  ထင်ရှားတဲ့ ဒီစွပ်စွဲချက်မှာ ပြဆိုထားတဲ့အတိုင်းဆိုရင် ဂျေဟဒ်ဆိုတာ မြင့်မြတ်သော စစ်ပွဲလို့ အဓိပ္ပါယ်ရတဲ့ အာရပ်စကားလုံးဖြစ်ပြီး အစ္စလမ်အစွန်းရောက်တွေရဲ့ ရန်သူလို့ သတ်မှတ်ခံထားရတဲ့ လူများနှင့် အစိုးရများကို ဆန့်ကျင်ပုန်ကန်မှုများပါဝင်သော အကြမ်းဖက်နည်းလမ်းသုံးခြင်းကို ရည်ညွှန်းပါတယ်။  အကြမ်းဖက်ဂျေဟဒ် သို့မဟုတ် ဂျေဟဒ်မှာ သတ်ဖြတ်မှု၊ ဖျက်ဆီးမှု၊ပြန်ပေးဆွဲမှု၊ ဓားစာခံဖမ်းဆီးထားမှုတွေပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာ မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို စီစဉ်ခြင်း၊ ပြင်ဆင်ခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း အားလုံး ပါဝင်ပါတယ်။ တမန်တော်မိုဟာမက်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာ B.A Robinsonက တခါတရံမှာ စစ်တိုက်ဖို့လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒါဟာ ဂျေဟဒ်တစ်ခုလုံးရဲ့ သို့မဟုတ် လှုပ်ရှားမှု တစ်ခုလုံးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေမျှသာ ဖြစ်ပါတယ်လို့ ရေးထားပါတယ်။
အရှေ့တိုင်းစာပေပညာရှင် Maxime Rodinson က ဂျေဟဒ်ဟာ လိုအပ်တဲ့အခါ ကိုယ်လိုတဲ့ဘက်ကိုဆွဲပြီး အဓိပ္ပါယ်ဖွင့်လို့ရတဲ့ ကိရိယာတစ်မျိုးဖြစ်ပြီး လက်နက်ကိုင်လှုပ်ရှားမှုကို အထောက်အပံ့ပေးပါတယ် လို့ရေးသားပါတယ်။
အမေရိကန်လို အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတွေမှာရှိတဲ့ အနောက်တိုင်း မီဒီယာတွေ မှာတော့ Jihadistနဲ့ Mujahidကို အသံကွဲ အကြောင်းအရာတူ စကားလုံးများ အဖြစ်သတ်မှတ်သလို အစ္စလမ္မစ် အကြမ်းဖက်လမ်းစဉ်ကိုသာမက အစ္စလမ္မစ် စစ်သွေးကြွအုပ်စုတွေကိုပါ ရည်ညွှန်းပြီး အသုံးပြုလေ့ရှိပါတယ်။ Understanding Jihad ဆိုတဲ့ စာအုပ်ကိုရေးတဲ့ စာရေးဆရာ David Cookက ခေတ်ဟောင်း ခေတ်သစ် မွတ်စလင်စာပေတွေကို ဖတ်ကြည့်တဲ့အခါ အဇ္ဈတ္တဂျေဟဒ်ရဲ့ အရေးပါမှုဟာ မှုံဝါးဝါးမျှသာဖြစ်တာကို တွေ့နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ဂျေဟဒ်ဟာ အကြမ်းမဖက်တဲ့လုပ်ငန်းစဉ်ပါ၊ အကြမ်းဖက်မှုပါတဲ့ ဂျေဟဒ်ကို အဇ္ဈတ္တဂျေဟဒ်က အနိုင်ယူသွားပါပြီလို့ ဘယ်မွတ်စလင်ကမှ မပြောဘူးဆိုတာ အသေအချာပါဘဲ။ ဂျေဟဒ်ဟာ အကြမ်းမဖက်တဲ့လုပ်ငန်းစဉ်ပါ၊ အကြမ်းဖက်မှုပါတဲ့ ဂျေဟဒ်ကို အဇ္ဈတ္တဂျေဟဒ်က အနိုင်ယူသွားပါပြီလို့ ပြောဆိုရေးသားကြတာဟာ Sufismကို လေ့လာနေတဲ့ သို့မဟုတ် ဘာသာပေါင်းစုံဆွေးနွေးပွဲတွေကိုလေ့လာနေတဲ့ အနောက်တိုင်း စာရေးဆရာတွေရယ် အစ္စလမ်ဘာသာကို အပြစ်ကင်းနိုင် သမျှကင်းအောင် တင်ပြလိုကြတဲ့ မွတ်စလင်ကာကွယ်ရေးသမားတွေသာ ဖြစ်ပါတယ်၊ David Cook က ဒီလိုတင်ပြမှုတွေဟာ အတွေးအခေါ်တရပ်မျှသာ ဖြစ်တဲ့အပြင် ဘက်လိုက်မှု ဘာသာရပ်ကိုနားမလည်မှုတွေပါဝင်တဲ့ အတွက် အရေးမပါတဲ့ တင်ပြမှုများသာ ဖြစ်ပါတယ်လို့ ဆက်လက်ငြင်းဆိုထားပါတယ်။
http://en.wikipedia.org/wiki/Jihad ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ 
      (ဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ -၀ီရသူ (မစိုးရိမ်)ဘလော့                     http://www.virathu.com -မှ ကူးယူဖော်ပြပါသည်။)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...