Ads (728x90)




မနေ့က ဖားကန့်မှာဖြစ်တဲ့တိုက်ပွဲဟာ ကျောင်းဆင်းချိန်မှာဖြစ်တာကြောင့်
မှော်ဝမ်းရပ်ကွက်က ကျောင်းသူတစ်ယောက် သေဆုံးသွားတဲ့အကြောင်း သေဆုံးသူရဲ့အိမ်ကို ကိုယ်တိုင်သွားပြီး အားပေးစကားပြောခဲ့တဲ့ ဖားကန့်မြို့ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တဦးက ပြောပါတယ်။

"8 ယောက်ဒဏ်ရာရပါတယ်။ တစ်ယောက် အသေအပျောက်ရှိပါတယ်။ လက်နက်ကြီးကတော့ စစ်တပ်ကုန်း ရဲ့ မလှမ်းမကမ်း မှော်ရွာလေးတွေပေါ့။
ကျောင်းလာတက်တဲ့ကလေးတွေ ကျောင်းဆင်းတဲ့အချိန်နဲ့ဝင်တိုးလို့ အဲဒီအချိန် မှာ ပစ်တဲ့အချိန် ၉ တန်းကျောင်းသူလေး တစ်ယောက်ထိမှန်တယ်။ ကျနော်အခုပဲ အဲဒီအိမ်က ပြန်ခဲ့ပါတယ်။ သူ့နံမည်က မဂျာဆိုင်းအိမ် အဖေနံမည်က ဦးဘရန်ရှောင်ပါ။ မှန်တာက သူတို့အပြောအရ နောက်ကနေ ၀ပ်လိုက်တဲ့အချိန်မှာ ထိတာလို့ ပြောပါတယ်။ တင်ပါးရဲ့အောက်က စမှန်တာပါ။ ကျန်တဲ့ကလေးတွေကတော့ လက်မောင်းတွေမှာ ထိတာရှိတယ်။ ဒဏ်ရာရတာတော့ အထက်တန်းကျောင်းသားလေး တစ်ယောက်ပါပါတယ်။"

သေဆုံးသူကျောင်းသူဟာ လက်နက်ငယ်ထိမှန်တာဖြစ်ပြီး ကျန်ဒဏ်ရာရသူတွေကတော့ လက်နက်ကြီးစထိမှန်တာလို့လည်း သူကပြောပါတယ်။

တိုက်ပွဲကြားမှာဖြစ်တာမို့ ဘယ်ဘက်က ပစ်တဲ့ကျည်ဆန် ထိမှန်တယ်ဆိုတာ အတိအကျမသိနိုင်ဘူးလို့လည်း ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

ဒဏ်ရာရသူအများစုဟာ သိပ်မပြင်းထန်ပေမယ့် တချို့က
မြစ်ကြီးနား ဆေးရုံကို သွားပြီးကုသမယ်လို့လဲ သိရပါတယ်။
ဖားကန့်ဒေသမှာ အခုအခါ ရေဘေးရော စစ်ဘေးရော ၂ မျိုးကြုံနေ ရတာကြောင့် ဒေသခံတွေ အကြီးအကျယ်ဒုက္ခရောက်နေကြကြောင်း
ဖားကန့်မြို့နယ် အင်န်အယ်လ်ဒီ အနေနဲ့ သေဆုံးဒဏ်ရာရသူတွေကို လိုက်လံအားပေး စကားပြောနေသလို ဒုက္ခသည်တွေကိုလည်း ကူညီနေကြောင်း စောစောက အင်န်အယ်လ်ဒီ အဖွဲ့ဝင်က ပြောပါတယ်။

"ကျနော်တို့က စစ်ဘေးရောရေဘေးရော အကုန်လုံးကြောက်နေရတာပဲ။ အဲဒီတော့ စစ်ရှောင်တွေရော ရေဘေးဒုက္ခသည်တွေရော တတ်နိုင်
သလောက် လိုက်လံပြီးတော့ ကျနော်တို့ကူတယ်။ အားပေးစကားပြောပေါ့လေ။ မနက်ကဆိုလည်း သေဆုံးတဲ့ ကလေးမလေး အိမ်ကို ကျနော်တို့ကိုယ်တိုင်သွားပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကနေပြီးတော့ တတ်နိုင်သလောက် ငွေကြေး ကူညီပီးတော့ အားပေးစကား သွားပြောခဲ့ပါတယ်။ ဆေးရုံမှာလည်း ကျနော်တို့ သွားပြီး အားပေးစကားပြောပါတယ်။ ဒုက္ခသည်တွေကိုတော့ အင်န်အယ်လ်ဒီက ဦးဆောင်ပြီးတော့ အများကြီးပေးထားပါပြီ။ ဆီဆန်ဆားဆေးဝါး ငွေကြေး ဒါတွေကို ကျနော်တို့ ဖားကန့်မြို့နယ် ဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ သိန်း ၃၀၀ ကျော် ၄၀၀ တန်ဖိုး နီးပါးလောက်ရှိပါပြီ။ ဒုက္ခသည်စခန်း ၃၅ ခုကို လိုက်လံပြီးတော့ အကူအညီပေးထားပါတယ်။"

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့ လလယ်ပိုင်းကစတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ မိုးကောင်း၊
မြစ်ကြီးနားမြို့တွေကို တိမ်းရှောင်နေသူတွေ အပါအ၀င် ဖားကန့်ဒေသ အတွင်းက ဒုက္ခသည် စုစုပေါင်း ၁၂၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။
 
By :
RFA Burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...