Ads (728x90)


လွန်ခဲ့တဲ့နှစ်အတော်ကြာက သူတို့နှစ်ယောက်ချစ်ကြိုက်နေတဲ့ အချိန်ကပေါ့....

ဟမ်းဖုန်းဝယ်လာတဲ့ ပထမတစ်နေ့မှာ ဆန့်ကျင်ဖက်ဘတ်စ်ကားပေါ်မှာ သူတို့လိုက်ပါရင် သူမ ဆီကနေ "နင့်ကိုလွမ်းတယ်"ဆိုတဲ့ စာတိုလေးတစ်ကြောင်းကို သူရလိုက်တယ်။ ဒါဟာ သူတို့နှစ်ယောက်ကြားက စာတိုတွေအပြန်အလှန်ပို့တဲ့ ပထမဆုံးအကြိမ်ပေါ့။ ကာလအတော်ကြာတဲ့အထိ အဲဒီစာတိုလေးကို သူ မဖျက်ရက်ခဲ့ဘူး။

အဲဒီတုန်းက သူတို့ဟာ ဒီမြို့ရဲ့အရှေ့အနောက်အရပ်ဆီမှာ ခွဲနေကြရသူတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်နည်းခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ဟမ်းဖုန်းကနေပို့တဲ့ စာတိုလေးက သူတို့ရဲ့ လွမ်းစာ၊ ချစ်စာတွေဖြစ်ခဲ့ကြတယ်။ တစ်ညနေမှာ စကားတွေပြောကြဖို့ သူတို့အချိန်ချိန်းခဲ့တယ်။ သူမဆီကို သူစာတိုတွေ သုံးလေးခေါက်ပို့ခဲ့လည်း သူမဆီက ပြန်စာမရခဲ့ဘူး။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ သူ စိတ်ပူမိတယ်။ အဝတ်အစားကောက်လဲပြီး ချက်ချင်းပဲ သူမနေတဲ့နေရာဆီ သူသွားခဲ့တယ်။ ဖြစ်ချင်တော့ သူမက အဝတ်လျှော်နေတဲ့အချိန် ရေသံကြောင်း သူ့ရဲ့အချစ်သံလေးကို သူမ မကြားခဲ့တာဖြစ်တယ်။ သူ့ရဲ့စိုးရိမ်စိတ်က သူမကို မျက်ရည်ဝဲစေတဲ့အထိ ခံစားစေခဲ့တယ်။

သိပ်မကြာပါဘူး.. သူတို့ လက်ထပ်လိုက်ကြတယ်။

ဖုန်းနဲ့ စာတိုလေးတွေ အပြန်အလှန် သူတို့ပို့နေကြတုန်းပဲ။ ဒါပေမဲ့ စာအများက ရိုးရိုးရှင်းရှင်းတွေပဲဖြစ်တယ်။

"ဘယ်မှာလဲ?" .... "ကားစောင့်နေတယ်"

"ဘယ်အချိန် အိမ်ရောက်မလဲ?"........... "နောက် ဆယ်မိနစ်"

တကယ်တော့ သူဟမ်းဖုန်းထဲမှာ တခြားကပို့လာတဲ့ စာတိုတွေက ပိုများခဲ့တယ်။ စာတိုတွေများလာတာနဲ့အမျှ သူမ ပို့တဲ့စာတိုကို သူအရင်ဆုံး ဖျက်ပစ်တတ်တယ်။

သူတို့ရဲ့ အိမ်ထောက်သက်လေး (၈)နှစ်ပြည့်ခဲ့ပါပြီ။ အချိန်ကြာလာတာနဲ့အမျှ အချစ်ဆိုတဲ့အရာက တဖြေးဖြေးပါးလျားလာပြီး မျက်စိနဲ့တောင် မမြင်နိုင်ခဲ့တော့ဘူးလို့ သူထင်ခဲ့တယ်။ အဲဒီအချိန်မှာ "မေ"ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့ဘဝထဲကို အချိန်ကိုက်ဝင်ရောက်လာခဲ့တယ်။ သူနဲ့မေက သဘာဝကျကျ ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်။

တစ်ညမှာ သူနဲ့မေ တည်းခိုခန်းတစ်ခုမှာတွေ့ဖို့ ချိန်းခဲ့ကြတယ်။ သူ ဘာအားစိုက်စရာမှမလိုဘဲ မေက လိုက်လိုက်လျောလျော လက်ခံခဲ့တယ်။ ညတဖြေးဖြေး နက်လာခဲ့တယ်။ အားရကျေနပ်စွာနဲ့ တည်းခိုခန်းဖက် သူကားမောင်းလာခဲ့တယ်။ အဲဒီမှာ အတွေးတစ်ခုက ရုတ်တရက် သူ့ခေါင်းထဲရောက်လာခဲ့တယ်။ မေ သူ့ကို တကယ်ချစ်မချစ် သူစမ်းကြည့်ချင်လာတယ်။ အဲဒီလိုနဲ့ ကားရပ်ပြီး မေ့ဆီ သူစာတိုလေးတစ်ကြောင်း ရေးပို့လိုက်တယ်။

"မောင်ကားအက်ဆီဒင့်ဖြစ်လို့ xxx လမ်းဝကို အမြန်လာခဲ့ပါ"

အချိန်တော်တော်ကြာတဲ့အထိ မေဆီက ဘာပြန်စာမှမရတော့ သူ နောက်တစ်ကြိမ်ထပ်ပို့လိုက်တယ်။ ဘာပြန်စာမှ မရခဲ့ပါဘူး။ ဒါကို သူကစိတ်တိုတိုနဲ့ ကားမောင်းထွက်ဖို့ ပြင်တယ်။ အဲဒီအချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ကားဘရိတ်အုပ်သံကို သူကြားလိုက်တယ်။ ကားတစ်စီးသူ့ဘေးမှာ ထိုးရပ်ပြီး ကားပေါ်ကနေ အဝတ်အစားပိုသီပတ်သီဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် အမြန်ဆင်းလာတယ်။ အမျိုးသမီးကို သူသေချာကြည့်လိုက်တော့ သူ့ အမျိုးသမီးဖြစ်နေတယ်။ ဖုန်းကို သူအမြန်ကြည့်လိုက်မိတယ်။ တကယ်တော့ မေ့ဆီပို့မယ့် ဒုတိယစာတိုကို သူ့အမျိုးသမီးဆီ မှားပို့လိုက်မိတာဖြစ်တယ်။

သူ့ကားမှန်ကို သူမ ခပ်ပြင်းပြင်းခေါက်ပြီးမေးတယ်။

"မောင်... မောင် ဘာဖြစ်သွားသေးလဲ?"

"ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ ထိမိရုံလေးပါ"

ူပြောပြောဆိုဆို စိုးရိမ်ပူပန်နေတဲ့သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းလေး ပွေ့ထားလိုက်မိတယ်။

"မိုင်ပေါင်းထောင်ချီဝေးလည်း သင့်ကိုချစ်တဲ့သူက သင့်နဲ့အနီးဆုံးမှာ အမြဲရှိနေပါတယ်၊ နီးနီးကပ်ကပ်ရှိနေလည်း သင့်ကိုမချစ်တဲ့သူက သင့်နဲ့အဝေးဆုံးမှာ ရှိနေပါတယ်" ဆိုတဲ့စကားကို သူကြားယောင်လိုက်မိတော့တယ်။




နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...