Ads (728x90)


http://beyondthebluedivide.com/wp-content/uploads/2013/07/journalist.png
==============================================
မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်ပြီး သတင်းရပ်ဝန်းတစ်ခုအနေနဲ့ အတိုင်းအတာတစ်ခုအထိ အသိ အမှတ်ပြုလို့ရတဲ့ လူမှုကွန်ယက်-ဖေ့ဘွတ်ခ်မှာ အခုရက်ပိုင်း ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံးနေတဲ့ တောင်တက် သမားနှစ်ဦးအကြောင်း စိတ်ဝင်တစားဖတ်မိခဲ့တယ်။ ပျောက်ဆုံးနေတဲ့ အဲဒီ တောင်တက်သမား တွေရဲ့ မိသားစုဝင်တွေ ဘယ်လောက် ထိခိုက်ကြေကွဲနေကြမယ်ဆိုတာ တွေးမိတာနဲ့တင် အတော်ကြီး စိတ်မ ကောင်းဖြစ်ရပါတယ်။
ထူးဖောင်ဒေးရှင်းဖေ့ဘွတ်ခ်ပေ့ခ်ျကို ၀င်ဖတ်ကြည့်တော့ နာယကဦးတေဇက အဲဒီတောင်တက် သမား နှစ်ယောက်ကို ကယ်ဆယ်ဖို့ ကြိုးစားနေတဲ့ သတင်းတွေ တွေ့ရတယ်။ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာတွေက အဲဒီဖေ့ဘွတ်ခ်ပေ့ခ်ျကရတဲ့ အချက်အလက်တွေကို ကိုးကားပြီး ရေးသားဖော်ပြနေကြတာကိုလည်း သတိထား မိပါတယ်။ ဒီနေ့ခေတ် နည်းပညာတိုးတက်လာတော့ သတင်းအချက်အလက်တွေ စီးဆင်းမှုမြန်ဆန်နေတာက လည်း အတော်ကြီး သဘောကျစရာအချက်ပေါ့ဗျာ။
လူမှုကွန်ယက်မှာ သတင်းတွေဖြန့်ချိတာ ကောင်းတယ်လို့ ပြောပါမယ်။ အွန်လိုင်းအသုံးပြုတဲ့ (end user) တွေအနေနဲ့ သတင်း ၀က်ဘ်ဆိုက်ဒ်တွေကို တကူးတက သွားစရာမလိုဘဲ သတင်းတွေကို သိနိုင်တယ်။ သတင်းဌာနတွေ အနေနဲ့လည်း အဖွဲ့အစည်းတွေက အချက်အလက်တွေကို သက်ဆိုင်တဲ့ ဖေ့ဘွတ်ခ်ပေ့ခ်ျ တွေမှာ ဖော်ပြထားတာတွေကို ကြည့်ရှုကိုးကားနိုင်တယ်။ သို့ပေမဲ့ ဒီနေရာမှာ ပြောချင်တာလေး နည်းနည်း တော့ ခေါင်းထဲပေါ်လာပါတယ်။ ဒီနေ့ခေတ်မီဒီယာလောကမှာ ဂုဏ်သိက္ခာကြီးကြီးနဲ့ ရပ်တည်နေတဲ့ သတင်း ဌာနကြီး ဖြစ်တဲ့ Eleven Media Group က ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြခဲ့သလို ပုံနှိပ်ပြီးလည်း ဖြန့်ချိခဲ့တဲ့ သတင်း တစ်ပုဒ်နဲ့ ပတ်သက်ပြီးနည်းနည်း တွေးမိတာတွေ၊ ဝေဖန်စရာတွေ ပေါ်လာခဲ့တယ်။
နည်းပညာဖွံ့ဖြိုးတိုးတက်လာတော့ အယ်ဒီတာလုပ်ငန်းမှာလည်း နည်းပညာကျွမ်းကျင်မှုက အစိတ် အပိုင်းတစ်ခု အနေနဲ့ မဖြစ်မနေလိုအပ်လာတယ်။ သတင်းသမား၊ သတင်းထောက်အနေနဲ့ ဖေ့ဘွတ်ခ်ပေ့ တွေက အချက်အလက်တွေကိုယူပြီး ရေးသားတာမျိုးတွေရှိလာတယ်။ အဲဒီသတင်းကို ကိုင်တွယ်တည်း ဖြတ်ရ တဲ့ အယ်ဒီတာတွေအနေနဲ့လည်း အဲဒီအချက်အလက်တွေ မှန်၊မမှန်ကို စိစစ်ဖို့ လိုအပ်လာတယ်။ သတင်း ထောက်က တင်ပေးတိုင်း ပုံနှိပ်လို့မှ မဖြစ်ဘဲကိုး။ အယ်ဒီတာအလုပ်ဆိုတာ သူများရေးထားတဲ့ (နငယ်) ကို အမြီးတိုတယ် ဆိုပြီး ဆွဲရှည်ပေးတာလို့ ဖိနှိပ် ဝေဖန်တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အယ်ဒီတာအလုပ်ဆိုတာ ဒီထက်မက ကျယ်ဝန်းတာ အယ်ဒီတာ အလုပ်လုပ်ဖူးသူတိုင်း သိကြပါတယ်။
အဓိကပြောချင်တာက အချက်အလက်နောက်ကို လိုက်ကြရင်း၊ အယ်ဒီတာတွေရဲ့ မှုလအရည်အသွေး တွေဖြစ်တဲ့ အကျိုးရှိ၊ မရှိ ယေဘုယျဆင်ခြင်နိုင်တဲ့ ဥာဏ်ရည်ဥာဏ်သွေး( Common intelligence) နည်းပါး လာတဲ့ အချက်လေးတွေ မြင်မိ လာတာကိုပါ။ သတင်းစုံကဏ္ဍတွေတင်မကပါဘူး။ အားကစားသတင်းလောက မှာလည်း ၀ါရင့်အားကစား ကလောင်ရှင်ဖြစ်တဲ့ ခင်မောင်ထွေး(ပျဉ်းမနား)က “ မောင်ရင်လေးတို့ သိတ်တော်၊ သိတ်တတ်နေရင် အင်တာနက်အကူအညီမပါဘဲ ဆောင်းပါးတစ်ပုဒ်လောက် ရေးပြပါ။ အိမ်ကို အဘ ကန်တော့ ပွဲနဲ့ လာကန်တော့ပါမယ်” လို့ ခပ်ထေ့ထေ့လေး ရေးတဲ့အထိ ဖြစ်လာတာမျိုးတွေရှိတာကို လည်း မှတ်သားမိ ပါတယ်။ ပြောချင်တာက အချက်အလက်ကို နည်းပညာအားကိုးနဲ့ သွားနေပြီး အယ်ဒီတာ၊သတင်းဆောင်းပါး ရေးသူတွေရဲ့ မှုလအရည်အသွေးတွေ နိမ့်ကျလာတာကို အဘ ဦးခင်မောင်ထွေးက ပြောခဲ့ချင်ပုံရပါတယ်။
ဆိုလိုချင်တာက အယ်ဒီတာဆိုတာ အချက်အလက်အတည်ပြုတဲ့ အဆင့်ထက် ပိုပါတယ်။ အယ်ဒီတာ အလုပ်တွေထဲမှာ သတင်းတည်ဆောက်ပုံခိုင်မာမှုနဲ့ အချက်အလက်မှန်ကန်မှုထက်ပိုတဲ့ တာဝန်တွေအများကြီး ရှိပါတယ်။ အဲဒီအလုပ်တွေထဲက တစ်ခုက (သတင်းခေါင်းစဉ်တပ်ခြင်း) ပါပဲ။ သတင်းခေါင်းတပ်ခြင်းဆိုတဲ့ အလုပ် ကို သတင်းစာဆရာကြီး မောင်ဝံသ က (ခေါင်းတပ်ခြင်းအနုပညာ) လို့ သုံးနူန်းခဲ့ပါတယ်။ အနုပညာ တစ်ရပ် လို့ သုံးနူန်းလိုက်တာက အချက်အလက်တည်ဆောက်မှုထက်ပိုပြီး နက်ရှိုင်းတဲ့ သက်ရောက်မှုဖြစ်စေ ပါတယ်။ အဲဒီအကြောင်းကို ပြောရမယ်ဆိုရင် အတော်ကြီးရှည်လျားနေပါလိမ့်မယ်။ အနုပညာရဲ့ သဘော သဘာဝကို ကိုယ်စေ့ငုံမိသလောက် ကြိုးစားပြောကြည့်ရမယ့် ကိစ္စဖြစ်နေလို့ပါ။ လိုရင်းပြောရရင်--
Eleven Media Group သတင်းဌာနရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ စက်တင်ဘာ (၁၆)ရက်က ဖော်ပြထားတဲ့ သတင်းက (ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးကိုရှာဖွေရန် ခေါ်ထားသည့် တရုတ်တောင်တက် အဖွဲ့ အဆင့်မမီသောကြောင့် ပြန်လွှတ် ) လို့ဖော်ပြထားတာ တွေ့ရပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက် အလက်တွေမှာလည်း (ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် ရှစ်ဦးပါ တောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့ ပျောက်ဆုံးနေမှုကို ရှာဖွေရန်အတွက် ထူးဖောင်ဒေးရှင်းမှ ခေါ်ဆောင်ထားသည့် တရုတ်နိုင်ငံ ပုဂ္ဂလိကကယ်ဆယ်ရေး အဖွဲ့ဖြစ်သည့် Blue Sky တောင်တက်အဖွဲ့မှာ အဆိုပါတောင်ထိပ်သို့ တက်ရောက်နိုင်စွမ်း မရှိသဖြင့် ပြန်လွှတ်ခဲ့ကြောင်း ထူးဖောင်ဒေးရှင်းမှ စက်တင်ဘာ ၁၆ ရက်တွင် စုံစမ်းသိရသည်။) လို့ သတင်းရဲ့ (First Lead) မှာ ဖော်ပြထားတာ တွေ့ပါတယ်။
ဖေ့ဘွတ်ခ် ၀က်ဘ် ဆိုက်ဒ် တစ်နေရာမှာ အဲဒီ သတင်းနဲ့ ပတ်သက်ပြီး ထူးဖောင်ဒေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူလို့ ယူဆရတဲ့ (ကို ဖြိုးကို) က အဲဒီသတင်းနဲ့ ပတ်သက်ပြီး ပြန်ရှင်းလင်းပြောဆိုထားတာ ဖတ်ရပါတယ်။ အချက်အလက်အပိုင်း အရ ပြောရမယ်ဆိုရင် ထူးဖောင်ဒေးရှင်းက မပြောဆိုတဲ့ တနည်းအားဖြင့် မဖော်ပြတဲ့ (အဆင်မမီသောကြောင့် ပြန်လွှတ်) ဆိုတာ မမှန်ကန်ဘူးဆိုတာ ရှင်းနေပါတယ်။ ဒီတော့ တရုတ်တောင်တက်အဖွဲ့ကို အဆင့်မမီသော ကြောင့် ပြန်လွှတ်ဆိုပြီး ထူးဖောင်ဒေးရှင်းက သတင်းမထုတ်ပြန်ခဲ့ဘူးဆိုတာ ရှင်းလင်းပါပြီ။
ဒီတော့ အယ်ဒီတာ အတတ်ပညာပိုင်းကိုပဲ ပြောစရာကျန်ပါတော့တယ်။ ဒါဟာ ခေါင်းတပ်ခြင်း အနု ပညာ ခေါင်းပါးတဲ့ လက္ခဏာပါပဲ။ ထူးဖောင်ဒေးရှင်းက မသုံးနူန်းတဲ့ (အဆင့်မမီသောကြောင့် ပြန်လွှတ်) ဆိုတဲ့ အသုံးအနူန်းကို Eleven Media က ဘာကြောင့် သုံးနူန်းရတာပါလဲ။ အဲဒီသတင်းရေးခဲ့တဲ့ သတင်းထောက်ကို ဝေဖန်စရာ သိတ်များများစားစားမရှိပါဘူး။
အဓိကက အယ်ဒီတာနဲ့သက်ဆိုင်တာပါ။ အယ်ဒီတာအနေနဲ့ သတင်း ထောက်က တင်လိုက်တဲ့ သတင်းတွေကို ဆွဲဆောင်မှုရှိအောင်၊ ကျစ်လစ်အောင် ပြန်တည်းဖြတ်ရပါတယ်။ တကယ်တော့ သတင်းခေါင်းစဉ်တပ်ခြင်း ဆိုတဲ့ အလုပ်က အတော်ကြီးကို အရေးပါပြီး သတင်းတစ်ပုဒ်ရဲ့ အသက်လို့တောင် တင်စားလို့ ရနိုင်ကောင်းပါတယ်။ သုံးတဲ့ အသုံးအနူန်းက အယ်ဒီတာအလုပ်ဆိုတာ သူများရေးထားတဲ့ (နငယ်) ကို အမြီးတိုနေတယ်ဆိုပြီး ရှည်အောင်ဝင်ဆွဲတာပါကွာလို့ ဖိနှိပ်ပြီး ပြောသလိုပဲ (ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးကိုရှာဖွေရန် ခေါ်ထားသည့် တရုတ်တောင်တက် အဖွဲ့ အဆင့်မမီသောကြောင့် ပြန်လွှတ်) လို့ သတင်းခေါင်းစဉ် တပ်လိုက်တာက ချစ်ကြည်ရေးအရ၊ သေရေးရှင်ရေး အခက်အခဲ၊ လူ့အသက်ကို ရေနစ်သူကောက်ရိုးတစ်မျှင် အားကိုးတကြီးဆွဲရသလို ရှာနေရချိန်မှာ လာကူညီတဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့ (Blue Sky) ကို ဖိနှိပ်လိုက်တာပါပဲ။
တကယ်တော့ ကယ်ဆယ်ဖို့ အဆင်မသင့်တဲ့အချိန်မှာ တခြားနည်းလမ်းရှာရမယ်၊ သူတို့ပြန်ကြ မယ် ပေါ့။ ပြောရမယ်ဆိုရင် သာမန်သတင်းတစ်ပုဒ်ပဲဖြစ်ဖြစ် သတင်းခေါင်းစဉ်တပ်တဲ့ အသုံးအနူန်းကို တည်းဖြတ်ရ တဲ့ အယ်ဒီတာတွေအနေနဲ့ ဂရုစိုက်ကြရမှာပါ။ ဒီလိုအဆင့်မမီလို့ သုံးနူန်းပြီး သတင်းရဲ့ ပထမအပိုဒ် (first lead) မှာ တော့ ရည်ညွှန်းတဲ့တောင်ကို (တက်ရောက်နိုင်စွမ်းမရှိသောကြောင့်) လို့ပဲ ဖော်ပြခဲ့ပါတယ်။ မြန်မာ စကားမှာ တက်ရောက်နိုင်စွမ်းမရှိတာနဲ့ (အဆင်မမီ) ဆိုတဲ့ စကားလုံးအသုံးအနူန်း သဘောက အတော်ကြီး ကို ခြားနားပါတယ်။
Eleven Media Group အနေနဲ့ အယ်ဒီတာတွေကို အချက်အလက်ပိုင်းနဲ့ ပတ်သက်ပြီး သေချာအောင် လုပ်ဆောင်ဖို့ စီမံသင့်သလို (သတင်းခေါင်းတပ်ခြင်း) ဆိုတဲ့ အယ်ဒီတာ အလုပ်ကိုလည်း ပိုပြီး ကောင်းမွန် အောင် လုပ်ဆောင်ဖို့ ဂရုစိုက်စေသင့်ပါတယ်။
ဒီလို သတင်းခေါင်းစဉ်တပ်တာရဲ့ နောက်ကွယ်မှာ တရုတ်ကို မကျေနပ်တဲ့ စိတ်ခံစားမှုတွေ ပါမနေဖို့ လည်း လိုအပ်မှာပါ။ တကယ်တော့ ခွဲခြားပြီး မြင်ရင် အတော်ကြီး ရှင်းလင်းနေပါတယ်။ တရုတ်အစိုးရရဲ့ မှုဝါဒ သဘောထားက ဘယ်လိုပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်စီမံကိန်းတွေ ဘယ်လောက်ပဲပွင့်လင်းမြင်သာမှု မရှိတာဘဲဖြစ်ဖြစ်၊ အဲဒါတွေကို အခု လူနှစ်ယောက်ရဲ့ အသက်ကို ကယ်ဆယ်ရေးလုပ်တဲ့ လုပ်ဆောင်မှုတွေနဲ့ ရောထွေးမခံစားဖို့ လိုအပ်ပါလိမ့်မယ်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ပါတယ်။ ဒါက မြန်မာတောင်တက်သမားနှစ်ယောက်ကို ကယ် တင်ဖို့ လာတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို ဖိနှိပ်ရေးသားရမယ်ဆိုတဲ့ အဓိပ္ပါယ်မရပါဘူး။ မြန်မာနိုင်ငံကို တရုတ်သမ္မတ ရှီကျင်းပင် ဘယ်တုန်းကမှ မလာခဲ့ပါဘူး။ ဒါက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက တန်းတူထား ဆက်ဆံရဲ့လား ဆိုတဲ့ အချက်ကို သံသယဖြစ်စေတာ အမှန်ပါ။ အဲဒီအတွက်နဲ့တော့ ကျွန်တော်တို့အနေနဲ့ အိမ်နီးချင်းကို ရွှေးချယ်ခွင့်မရှိဘူးဆိုတဲ့ လက်တွေ့ကျတဲ့ အချက်က ပြောင်းလဲမသွားသေးပါဘူးလို့ပဲ ပြောချင်ပါတယ်။
(အလုပ်သင် အယ်ဒီတာတစ်ဦး)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...